Friday, April 8, 2016
"အချိန်ပိုတွေ သိပ်ဆင်းနေရခြင်းက နှလုံး ကျန်းမာရေးအတွက် မကောင်း"
"အချိန်ပိုတွေ သိပ်ဆင်းနေရခြင်းက နှလုံး ကျန်းမာရေးအတွက် မကောင်း"
ရုံးမှာ တစ်နေ့တစ်နေ့ အချိန်ပိုတွေ ဆင်းနေရခြင်းသည် ၀န်ထမ်း အတော်များများ ကြုံရသော ကိစ္စဖြစ်သည်။ အချိန်ပို ဆင်းရခြင်းကြောင့် အချိန်ပိုကြေး ခံစားရသည် မှန်သော်လည်း အလုပ်ချိန် တစ်နာရီပိုလာတိုင်း နှလုံးကျန်းမာရေးအတွက် ဆိုးကျိုး တစ်ရာခိုင်နှုန်း ပိုများလာသည်ဟု သုတေသီတို့က သတိပေးထားသည်။
တစ်ပတ်လျှင် ပျမ်းမျှ အလုပ်ချိန် (၄၅) နာရီထက် ပိုလုပ်သူများ ရေရှည်မှာ နှလုံးကျန်းမာရေး ထိခိုက်နိုင်သည်ဟု တက္ကဆက်ပြည်နယ် တက္ကသိုလ် ကျန်းမာရေး သိပ္ပံဌာနမှ ရောဂါဗေဒဆိုင်ရာ လက်ထောက်ပါမောက္ခ ဒေါက်တာ ဆာဒီကွန်ဝေးနှင့်အဖွဲ့က သတိပေးသည်။ တစ်ပတ် တစ်ပတ် တစ်နာရီ ပိုလုပ်တိုင်း လုပ်တိုင်း ဆိုးကျိုးက တိုးသထက် တိုးလာရသည်ဟု သုတေသီတို့က ဆိုထားသည်။
တစ်ပတ်လျှင် နာရီ (၄၀) မှ (၄၅) နာရီကြား အလုပ်လုပ်သော ရုံးဝန်ထမ်းတို့သည် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ အနည်းဆုံးဟု ဒေါက်တာ ကွန်ဝေးက ပြောသည်။ အလုပ်ခွင်နှင့် ကျန်းမာရေး လေ့လာမှုအတွက် ကုမ္ပဏီဝန်ထမ်း (၁၉၀၀) အား လေ့လာထားခြင်း ဖြစ်သည်။ စစ်တမ်း ပါဝင်သူများသည် လုပ်သက် (၁၀) နှစ် အထက် ရှိသူများဖြစ်သည်။ ထိုသူများ အလုပ်ချိန်နှင့် နှလုံးရောဂါ ဖြစ်ပွားနှုန်းများကို နှိုင်းယှဉ် စစ်တမ်းပြုထားခြင်း ဖြစ်သည်။
ဝန်ထမ်း (၄၃) ရာခိုင်နှုန်းထိတွင် နှလုံးနှင့်ဆိုင်သော ရောဂါများ ဖြစ်ပွားကြောင်း တွေ့ရသည်။ ပြီးခဲ့သည့် ဆယ်နှစ် တောက်လျှောက် တစ်ပတ်လျှင် ပုံမှန် (၄၅) နာရီထက် တစ်နာရီ ပိုပြီး အလုပ်လုပ်ခဲ့ရသူတိုင်း နှလုံးဆိုးကျိုး ဖြစ်ပွားနိုင်ခြေ တစ်ရာခိုင်နှုန်း တိုးလာကြောင်း တွေ့ရှိခဲ့ရသည်။ ယခု လေ့လာမှုသည် ရုံးတက်ရုံးဆင်း လုပ်ရသူများကိုသာ ကောက်ယူထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဆယ်နှစ်အတွင်း တစ်ပတ် (၅၅) နာရီ အလုပ်ဆင်းရသူတို့သည် (၄၅) နာရီသာ ဆင်းရသူတို့ နှင့်ယှဉ်လျှင် နှလုံးဆိုးကျိုး ဖြစ်နိုင်ခြေ (၁၆) ရာခိုင်နှုန်း ပိုများလာကြောင်း တွေ့ရသည်။ တစ်ပတ် နာရီ (၆၀) ခန့် အလုပ်ဆင်းရသူက နှလုံးထိခိုက်နိုင်ခြေ (၃၅) ရာခိုင်နှုန်းထိ ပိုများလာကြောင်းလည်း သိရသည်။ စစ်တမ်းရလဒ် အသေးစိတ်ကို Occupational and Environmental Medicine ဂျာနယ်တွင် ထည့်သွင်းဖော်ပြ ထားသည်။
ဟန်လင်းအောင်
Credit: messenger
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment