Monday, March 23, 2015

"စိတ်ကျနေသူအတွက် အချိန်သည် မကုန်ဆုံးနိုင်အောင် ကြာလှသည်၊ အလျင်လိုသူအတွက် လောက်ငသည်ရယ်ကိုမရှိ ဟု ဘာကြောင့် ခံစားရသနည်း?"

"စိတ်ကျနေသူအတွက် အချိန်သည် မကုန်ဆုံးနိုင်အောင် ကြာလှသည်၊ အလျင်လိုသူအတွက် လောက်ငသည်ရယ်ကိုမရှိ ဟု ဘာကြောင့် ခံစားရသနည်း?"

စိတ်ကျဝေဒနာ ခံစားနေရသူ တစ်ဦးအဖို့ အချိန်သည် မကုန်ဆုံးနိုင်လောက်အောင်ကို ကြာရှည်နှေးကွေးလှသည်ဟု ခံစားရကြောင်း လေ့လာမှုစစ်တမ်းတစ်ရပ်က ဆိုသည်။

စိတ်ကျနေသူများသည် ပုံမှန်လူများနှင့် ကွဲပြားစွာပင် အချိန်ကို ရှုမြင်မိတတ်ကြကြောင်း စိတ်ပညာရှင်များက ဆိုသည်။ လူတစ်ဦးစီက အချိန်ကို ရှုမြင်ပုံသည် ထိုသူ ဖြတ်သန်းနေရသည့် အခြေအနေပေါ် မူတည်ကြောင်း ပညာရှင်များက ဆိုသည်။

ဥပမာ တစ်ယောက်ယောက် လာနိုးလာနိုးဖြင့် စောင့်နေရသည့်အခါ အချိန်သည် ကုန်ခဲလှစွာ ကြာလွန်းသည်ဟု စိတ်ကထင်သည်။ အလုပ်အလျင်လိုပြီး နောက်ဆုံးသတ်မှတ်ချိန်နား နီးလာလေ အချိန်ကလည်း အကုန်မြန်လွန်းလှသည်ဟု ထင်မိပြန်သည်။

စိတ်ကျခြင်းနှင့် အချိန်ကုန်တာ နှေးလွန်းသည်ဟု ခံစားချက် ဖြစ်ပေါ်ခြင်းကြား ဆက်စပ်ချက်ကို ဖော်ထုတ်နိုင်ရန်အတွက် သုတေသန ပညာရှင်များသည် ယခင်က ထိုအကြောင်းအရာဖြင့် လုပ်ထားသော လေ့လာမှု စစ်တမ်း (၁၆) ခုကို ပြန်စုစည်း သုံးသပ်ကာ စစ်တမ်းကောက်ချက်တစ်ရပ် ပြန်ဆွဲခဲ့ခြင်း ဖြစ်သည်။

လေ့လာခံအဖြစ် စိတ်ကျ ဝေဒနာရှင် (၄၃၃) ဦး၊ ပုံမှန်လူ (၄၈၅) ဦး ပါဝင်သည်။ ဂျာမနီနိုင်ငံ မင့်ဇ်မြို့ရှိ ဂျွန်ဟန်ဂူတင်ဘာ့ဂ်ျ တက္ကသိုလ်မှ စိတ်ပညာရှင် ဒေါက်တာ ဒယ်နီရယ်အိုဘာဖဲလ်ဒ်တွစ်စတယ်နှင့် အဖွဲ့က စစ်တမ်းပြုစုသည်။

လေ့လာ သုတေသနများတွင် ပါဝင်သူများကို ရုပ်ရှင်တစ်ကား ပြပြီး ထိုကား၏ ကြာချိန်ကို ခန့်မှန်းစေသည်။ စိတ်တွက်ဖြင့် ရေတွက်ပြီး ငါးစက္ကန့်ပြည့်တိုင်း ခလုတ်ကို တစ်ချက်နှိပ်ခိုင်းခြင်းမျိုးဖြင့်လည်း ပါဝင်သူများ၏ စိတ်အခြေအနေနှင့် အချိန်သတ်မှတ်မှုကို ဖော်ထုတ်သည်။

ထိုအခါ ရုပ်ရှင်တစ်ကားကို အတူတူ ကြည့်ကြသူချင်းတူတူ ထိုကားသည် အချိန်မည်မျှ ကြာသည် ထင်သနည်းဟု ဖြေခိုင်းရာ ပုံမှန်လူများသည် အနီးစပ်ဆုံး ဖြစ်နိုင်ကြပြီး၊ စိတ်ကျနေသူများကား တကယ်ကြာချိန်ထက် များစွာပိုပြီး ခန့်မှန်းဖြေဆိုကြကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ အခြေအနေတစ်ခုတည်း တူတူမှာပင် စိတ်၏ ခံယူမှုပေါ်မူတည်ပြီး အချိန်မှန်သည်၊ မြန်သည်၊ နှေးသည် ကွဲပြားသွားရကြောင်း စစ်တမ်းက ထောက်ပြသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ၏ စာရင်းအရ ကမ္ဘာတစ်ဝန်း စိတ်ကျဝေဒနာ ခံစားနေရသူ သန်း (၃၅၀) ရှိကြောင်း သိရသည်။ စိတ်ကျခြင်း၏ အဆိုးဆုံး အစွန်းဘက်ကား မိမိကိုယ်ကိုယ် သတ်သေခြင်းဖြစ်၏။ WHO စာရင်းအရ ကမ္ဘာတစ်ဝန်း နှစ်စဉ် သတ်သေသူ တစ်သန်းနီးပါး ရှိကြောင်း သိရသည်။

The Messenger



lutawlupyaw

No comments:

Post a Comment