Monday, February 15, 2016

"အသံ ဆူညံမှုက လူတွေကို စောစော ဘ၀ကူးစေနိုင်"



Lutaw Lupyaw

"အသံ ဆူညံမှုက လူတွေကို စောစော ဘ၀ကူးစေနိုင်"

အထူးသဖြင့် မြို့ပြ၀န်းကျင်မှာ နေရသူများအဖို့ လုံးဝငြိမ်းချမ်း၊ တိတ်ဆိတ်သောနေရာ ဆိုတာမျိုး ရှာတွေ့ဖို့ မဖြစ်နိုင်လောက်အောင် ခဲယဉ်းသည်။

အသံ ဆူညံသော ၀န်းကျင်မျိုးတွင် တာရှည် နေထိုင်ရသူတို့သည် ထိုအသံများကြောင့် ကျိန်းသေပေါက် ကျန်းမာရေး ထိခိုက်လာရကြောင်းလည်း လေ့လာမှု စစ်တမ်းများက ဖော်ပြသည်။ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ထိခိုက် နိုင်သလို၊ ကလေးများတွင်ဆိုလျှင် သင်ယူနိုင်စွမ်းကိုပါ ထိခိုက်ရတတ်ကြောင်း သုတေသီတို့က ဆိုသည်။

လန်ဒန် ဟီသရိုး လေဆိပ်အနီး နေထိုင်သူများကို လေ့လာထားချက်အရ ကားသံ၊ လေယာဉ်သံများကြောင့် ထိုသူများ သွေးတိုးနိုင်ခြေ ပိုများလာရပြီး၊ ဘက်စုံ ကျန်းမာရေး ထိခိုက်နှုန်း ပိုမြင့်လာကြောင်း တွေ့ရှိထားသည်။ အထူးသဖြင့် ညအိပ်ချိန်များတွင် ကားသံ၊ လေယာဉ်သံများကြောင့် ကောင်းကောင်း အိပ်မပျော်ခြင်းသည် ကိုယ်စိတ်ကျန်းမာရေး အထိခိုက်စေဆုံးဟု လေ့လာတွေ့ရှိခဲ့သည်။ လေယာဉ်သံ ဆူညံသော နေရာများတွင် နေထိုင်သူများသည် လေဖြတ်၊ နှလုံးရောဂါများကြောင့် ဆေးရုံရောက်နှုန်းလည်း ပိုများကြောင်း တွေ့ရှိထားသည်။

လေယာဉ်သံ (၁၀) ဒက်စီဘယ် ပိုကျယ်လာတိုင်း သွေးတိုး၊ နှလုံးဖောက်နှင့် လေဖြတ်နိုင်ခြေ (၇) မှ (၁၇) ရာခိုင်နှုန်းကြား တိုးလာတတ်ကြောင်း လေ့လာမှု စစ်တမ်းက ဆိုသည်။ အသံဆူညံမှုအပေါ် တုံ့ပြန်သော သဘောထားသည်လည်း လူတစ်ယောက်၏ ကျန်းမာရေး ဆိုးကျိုး ဖြစ်နိုင်ခြေအပေါ် လွှမ်းမိုးမှုရှိကြောင်း စစ်တမ်းက ဆိုသည်။

အသံ ဆူညံမှုသည် သက်ဆိုင်သူ တစ်ဦးစီ၏ အလုပ်ခွင်ဘ၀၊ တစ်ကိုယ်ရေဘ၀နှင့် စိတ်ပျော်ရွှင်မှုတို့ပေါ် မည်မျှ အနှောင့်အယှက် ဖြစ်စေသည် ဟူသော အချက်သည် ထိုသူ၏ ကျန်းမာရေးအပေါ်ပါ ဆိုးကျိုး သက်ရောက်မှု ရှိသည်။ အသံဆူညံမှုကြောင့် အလုပ်ထိခိုက်၊ စိတ်ပျော်ရွှင်မှု ပျက်ယွင်းကာ ဒေါသထွက်ရသူများသည် ကျန်းမာရေး ဆိုးကျိုးလည်း ပိုခံစားကြရကြောင်း သိရသည်။

ဥပမာဆောင်ရလျှင် ကိုယ့်အိမ်ပေါ်က ဖြတ်ပျံနေသော လေယာဉ်သံနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတို့သည် လေယာဉ်သံ လျော့သွားအောင် မည်သို့မျှ လုပ်မပေးဘဲ တာဝန်မဲ့နေကြသည်ဟု မိမိ ခံစားရပါက ဒေါသပါ ဖြစ်လာကာ ထိုလေယာဉ်သံကြောင့် မိမိ ကျန်းမာရေးပါ ထိခိုက်လာမည် ဖြစ်သည်။ အကယ်၍ တာဝန် ရှိသူများက လေယာဉ်သံ နားခံသာရေး တတ်အားသမျှ ဆောင်ရွက် ပေးနေရှာသည်ဟု မိမိ လက်ခံထားပါက လေယာဉ်သံနဲ့ ပတ်သက်ပြီး ဒေါသ သိပ်ထွက်တော့မည် မဟုတ်ဘဲ ကိုယ်စိတ်ကျန်းမာရေး ထိခိုက်နှုန်းလည်း နည်းသွားမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျယ်လောင်သော အသံများနှင့် တာရှည် ထိတွေ့ရပါက စိတ်အခံကောင်းသူများသည်ပင် ကိုယ်စိတ်ကျန်းမာရေး ထိခိုက်လာနိုင်သည်။

ဆူညံသံများသည် ကလေးများ သင်ယူနိုင်စွမ်းကိုလည်း ထိခိုက်စေပြန်သည်။ အသံ ဆူညံသည့် နေရာများမှာ နေရသော ကလေးများသည် အခြားကလေးများနှင့် ယှဉ်လျှင် စာဖတ်ပြီး နားလည်နိုင်စွမ်း နိမ့်ပါးကြသလို၊ မှတ်ဉာဏ်လည်း အားနည်းနေတတ်ကြောင်း လေ့လာ တွေ့ရှိထားသည်။ အထူးသဖြင့် ညဘက်များမှာ ဆူညံတတ်သော ၀န်းကျင်များတွင်နေသော ကလေးများသည် အသံများကြောင့် အိပ်စက်မှု ကမောက်ကမ ဖြစ်သဖြင့် ကျောင်းသို့ အိပ်ရေးမ၀ ထိုင်းမှိုင်းစွာ ရောက်သွားတတ်ခြင်းသည် သင်ယူနိုင်စွမ်း ကျဆင်းရခြင်း အဓိက အကြောင်းရင်း ဖြစ်သည်ဟု စစ်တမ်းက ဆိုသည်။

Source: Daily Mail

Credit: messenger


No comments:

Post a Comment