Tuesday, February 9, 2016

"တကယ်တမ်း ခွဲခွာကြရတော့မယ်ဆိုတော့မှ ကိုယ့်ချစ်သူရဲ့တန်ဖိုးကို ပိုနားလည်မှာ"



Lutaw Lupyaw

"တကယ်တမ်း ခွဲခွာကြရတော့မယ်ဆိုတော့မှ ကိုယ့်ချစ်သူရဲ့တန်ဖိုးကို ပိုနားလည်မှာ"

ကျွန်မလက်ထဲမှာ ကိုင်ထားတဲ့ အဖြူရောင်ဆေးစာရွက်ကို ကြည့်ရင်း မျက်ရည်တွေက တားဆီးလို့မရနိုင်အောင် ကျလာပါတယ်။ ကျွန်မရဲ့ ကမ္ဘာကြီး ပြိုလဲကျတော့မလို ခံစားနေရပါတယ်။ ရုတ်တရက် အမှောင်ကျသွားသလို ခံစားရပြီး မျက်လုံးထဲမှာလည်း ပြီးခဲ့တဲ့ လအနည်းငယ်က အကြောင်းအရာတွေကိုပဲ မြင်ယောင်နေမိပါတယ်။

ကျွန်မ ခင်ပွန်းနဲ့လက်ထပ်ခဲ့တာ ရှစ်နှစ် ရှိခဲ့ပါပြီ။ သမီးလေးကို အိမ်ထောင်သက် နှစ်နှစ်မှာ မွေးခဲ့ပါတယ်။ အဲ့ဒီအချိန်က စပြီး ကျွန်မတို့ ဘ၀တွေ ပြောင်းလဲလာခဲ့ပါတယ်။ မိသားစု တစ်စုအတွက် မြို့ပြလူနေမှု အဆင့်အတန်းနဲ့အညီ နေထိုင်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ လင်မယားနှစ်ယောက်စလုံး အလုပ်ထွက်လုပ်မှ လူတန်းစေ့ နေနိုင်ပြီး သမီးလေးကိုလည်း ပညာတတ်တစ်ယောက် ဖြစ်အောင် ပြုစုနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ သမီး ရှစ်လအရွယ်မှာ ကျွန်မ အလုပ်ပြန်ဆင်းခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူက အလယ်အလတ်အဆင့် ဈေးကွက်ရှာဖွေရေး မန်နေဂျာတစ်ယောက် ဖြစ်ပြီး သူ့အတွက် ဈေးကွက်လိုအပ်ချက် ဖြည့်နိုင်ဖို့ အချိန်အပိုရယ်လို့ မရှိပါဘူး။ အလုပ်နဲ့ပဲ နပန်းလုံးနေခဲ့ပါတယ်။ ကျွန်မကတော့ အလုပ်တဖက်နဲ့ ပင်ပန်းပေမဲ့ သမီးအတွက် အတတ်နိုင်ဆုံး အချိန်ပေးနိုင်ဖို့ ကြိုးစားရပါတယ်။ ကျွန်မ ငယ်ငယ်က အမေက ကျွန်မကို အမြဲ အရိပ်တကြည့်ကြည့်နဲ့ ကြည့်ပြီး လိုအပ်တာမှန်သမျှ လုပ်ပေးနေကျ ဖြစ်ပါတယ်။ ကျွန်မမှာတော့ သမီးအပေါ် ဒီလို မဖြည့်ဆည်းပေးနိုင်တဲ့အတွက် အရမ်း စိတ်မကောင်း ဖြစ်ရပါတယ်။ သမီးလေးက ကျွန်မထက် ကလေးထိန်း အမျိုးသမီးအပေါ်မှာ ပိုပြီး ခင်တွယ်နေတာကို မြင်ရတော့လည်း ပိုပြီး ခံစားရပါတယ်။

ပြီးတော့ အလုပ်ကို မနက်စောစောသွားပြီး စောစောပြန်လာရတဲ့ ကျွန်မနဲ့ အလုပ်ထဲမှာပဲ တချိန်လုံး အချိန်ကုန်ပြီး ညဥ့်သန်းခေါင်မှ ပြန်လာရတတ်တဲ့ ခင်ပွန်းဖြစ်သူတို့ တစ်အိမ်ထဲနေလို့မှ စကားတစ်ခွန်းပြောဖို့ အချိန် ရှားပါးလာပါပြီ။ တဖြည်းဖြည်း အနေဝေးလာကြသလိုပါပဲ။ ကြုံတောင့်ကြုံခဲ အလုပ်နားရက်တွေမှာလည်း စကားပြော အဆင်မပြေနိုင်ဘဲ ရန်ပွဲလေးတွေကသာ နေရာယူလာကြပါတယ်။ အချင်းချင်း တစ်ယောက်အပြစ်ကိုပဲ တစ်ယောက်က မြင်လာကြပါတယ်။ နားလည်မှု မပေးနိုင်ကြတော့သလို နားလည်ဖို့လည်း မကြိုးစားချင်တော့ပါဘူး။

တစ်ညမှာတော့ ခင်ပွန်းသည်က ဗိုက်အောင့်တယ်လို့ ပြောပေမဲ့ သာမန် လေထိုးတယ်လောက်ပဲ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပတ်အကြာမှာတော့ ရိုးရိုးဗိုက်အောင့်တာ မဟုတ်ဘဲ အစာအိမ်ကင်ဆာရဲ့ လက္ခဏာဖြစ်ကြောင်း သိလိုက်ရပါတယ်။ ရောဂါအကြောင်း သိလိုက်ရချိန်မှာ ကျွန်မတို့ လင်မယားနှစ်ယောက် တစ်ယောက်ကို တစ်ယောက် တင်းတင်းကျပ်ကျပ် ဖက်ထားမိကြပါတယ်။ ကျွန်မတို့ရဲ့ အနာဂတ်တစ်ခုလုံး မှုန်ဝါးသွားသလိုပါပဲ။ ကျွန်မ ခင်ပွန်းကို အရမ်းချစ်တဲ့အကြောင်း ဒီအချိန်ကျမှ သေသေချာချာ သိလိုက်ရပါတယ်။ အချစ်စစ်ကို သိနိုင်ဖို့ ဒီလောက်အချိန်တွေ အများကြီး စောင့်ခဲ့တာကို အရမ်းနှမြောမိပါတယ်။

ကျွန်မခင်ပွန်း ကျွန်မတို့အနားကနေ ခွဲခွာသွားတော့မယ်ဆိုတာ သိလိုက်ရမှ သူ့ရဲ့ တန်ဖိုးတွေဖြစ်တဲ့ သူပေးခဲ့တဲ့ လုံခြုံမှု၊ သူတာဝန်ကျေအောင် ထမ်းခဲ့တဲ့ မိသားစုတာဝန်၊ သူ့ရဲ့ မဖောက်ပြန်တဲ့ သစ္စာတရားတွေကို ကျေးဇူးတင် တန်ဖိုးထားရကောင်းမှန်း သိလာပါတယ်။ ဒါပေမဲ့ အချိန်နှောင်းသွားမှ နောင်တတွေ တပွေ့တပိုက်ကြီး ရခဲ့တဲ့ ကျွန်မလို မဖြစ်စေဖို့ ချစ်တဲ့သူတိုင်းကို သတိပေးချင်ပါတယ်။

ကိုယ်ချစ်ရတဲ့သူကို ဆုံးရှုံးရတော့မယ်ဆိုတဲ့ နေရာမှာ ငါသာဆိုရင်ဆိုပြီး ၀င်ခံစားကြည့်စေချင်ပါတယ်။ သူ့ကိုသာ တကယ် ဆုံးရှုံးရမယ်ဆိုတဲ့အသိ ဝင်လာရင် နှစ်ယောက်ကြားမှာ ဖြစ်နေတဲ့ မပြေလည်မှုတွေက ဖြေရှင်းလိုက်လို့ ရပါတယ်ဆိုတဲ့အသိ ၀င်လာပြီး နှစ်ယောက်အတူရှိရတဲ့ အချိန်လေးတွေကို တန်ဖိုးထားတတ်လာမှာ ဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့သူကိုလည်း ဝေမျှပြီး ခံစားကြည့်ခိုင်းပါ။ ခံစားချက်ချင်း နားလည်ပြီး ထပ်တူကျနိုင်ကြပါစေ။

ခင်သူဇာ

Credit: Trend Myanmar


No comments:

Post a Comment