Lutaw Lupyaw
"ရုပ်ရည်ချောမောတဲ့ သူတွေဟာ ပိုပြီး တကိုယ်ကောင်းဆန်တတ်ကြောင်း သိရ"
အင်္ဂလန်နိုင်ငံ Brunel တက္ကသိုလ် စိတ်ပညာဌာနက ပုံမှန်ထက် ပိုကြည့်ကောင်းတဲ့ သူတွေက ရုပ်ရည်ချောမောတာကို အခွင့်အရေးယူပြီး သူတစ်ပါးကို တန်းတူရည်တူ မဆက်ဆံဘဲ လူမှုရေးလုပ်ငန်း လုပ်လိုစိတ်လည်း နည်းပါးတယ်ဆိုတဲ့ သီအိုရီအသစ်ကို ဖော်ထုတ်နိုင်ဖို့ အမျိုးသား အမျိုးသမီး ၁၂၅ ယောက်ကို သုတေသန ပြုခဲ့ကြပါတယ်။
ပါဝင်တဲ့သူတွေကို 3D ပုံရိပ်ဖမ်းစက်နဲ့ ဖမ်းယူပြီး ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ရှိတယ်လို့ အများ လက်ခံထားကြတဲ့ အတိုင်းအတာတွေဖြစ်တဲ့ ခန္ဓာကိုယ် သွယ်လျမှု၊ အမျိုးသားအတွက် ရင်အုပ်နဲ့ ခါးအချိုး၊ အမျိုးသမီးများအတွက် ခါးနဲ့ တင်ပါးအချိုး စတာတွေနဲ့ ဆွဲဆောင်မှုအဆင့် သတ်မှတ်ပြီး အုပ်စု နှစ်စုခွဲခဲ့ကြပါတယ်။
ပထမအုပ်စုက ဆွဲဆောင်မှု အဆင့် ၁၂၅ အထက် ရှိပြီး ဒုတိယအုပ်စုကတော့ ၄င်းအောက် ဖြစ်ပါတယ်။ သူတို့ကို လက်တွေ့ဘ၀မှာ လူတွေအပေါ် တန်းတူရည်တူ ဆက်ဆံနိုင်မှု၊ စေတနာကောင်း ရက်ရောမှုနဲ့ တကိုယ်ကောင်းဆန်မှုတွေကို ဆန်းစစ်ခဲ့ပါတယ်။ ပုံရိပ်ဖမ်းစက်နဲ့ မဖတ်ခင်မှာ သူတို့ရဲ့ စိတ်နေစိတ်ထားကို သိနိုင်ဖို့အတွက် တကိုယ်ကောင်းဆန်မှု၊ တန်းတူစိတ်ထားရှိမှု၊ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်မှုတွေနဲ့ ပတ်သက်တဲ့ စစ်တမ်းတစ်ခုကို နည်းစနစ် အမျိုးမျိုးသုံးပြီး ကောက်ယူခဲ့ပါတယ်။ စစ်တမ်းကောက်မှုရဲ့ တစိတ်တပိုင်းအဖြစ် သူတို့ကို မေတ္တာလက်ဆောင်အဖြစ် ပေးထားတဲ့ ပိုက်ဆံကို သူများတွေကို ပေးပစ်ဖို့ ပြောတဲ့အခါ ပြန်ရလာတဲ့သူတို့ရဲ့ တုံ့ပြန်မှုကိုလည်း စောင့်ကြည့်ခဲ့ပါတယ်။
အဲ့ဒီအခါမှာ ချောမောတဲ့သူတွေက သူတို့ရဲ့ ရည်မှန်းချက် ပြည့်ဝဖို့သာ အလေးထားပြီး ပေးကမ်းဖို့ကို အနည်းငယ် တွန့်ဆုတ်တာ တွေ့ရှိခဲ့ပါတယ်။ ဒုတိယ အုပ်စုဖြစ်တဲ့ သာမန် ရုပ်ရည်ပိုင်ရှင်တွေက လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လိုစိတ်ရှိပြီး မျှဝေခံစားလိုစိတ် ရှိကြတာကို တွေ့ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီစမ်းသပ်မှုအဖြေနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုဆိုတာ လူတစ်စုကို ဆန်းစစ်တာ ဖြစ်တဲ့အတွက် အားလုံးကို သိမ်းကျုံးပြီး ဆိုလိုတာ မဟုတ်ဘဲ အများစုဖြစ်တတ်တဲ့ သဘာဝကို ထင်ဟပ်ပြရုံပဲ ဖြစ်ပါတယ်လို့ Dr.Price က ဆိုထားပါတယ်။
ခင်သူဇာ
Credit: Trend Myanmar
Monday, February 8, 2016
"ရုပ်ရည်ချောမောတဲ့ သူတွေဟာ ပိုပြီး တကိုယ်ကောင်းဆန်တတ်ကြောင်း သိရ"
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment