Friday, February 26, 2016
"မိန်းကလေးတွေနဲ့ ချစ်ခြင်းသီအိုရီ"
"မိန်းကလေးတွေနဲ့ ချစ်ခြင်းသီအိုရီ"
မိန်းကလေးတွေရဲ့ ချစ်စိတ်ဟာ မိခင်စိတ်နဲ့ အခြေခံ ဖွဲ့တည်ထားတယ်လို့ ယုံကြည်ကြပြီး ယောက်ျားလေးအများစုဟာလည်း မိခင်စိတ်ဓာတ်ခံများတဲ့ မိန်းကလေးတွေကို ပိုမို နှစ်သက်လိုလားကြတယ်လို့ ကြားဖူးပါတယ်။ အများအားဖြင့် မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေမှာ မိန်းကလေးတွေက ပိုမိုချစ်တတ်ကြတယ်၊ ကြင်နာတတ်ကြတယ်၊ ပေးဆပ်တတ်ကြတယ်၊ ပိုမိုသတ္တိရှိတတ်ကြတယ်။ ဒါတွေဟာ မွေးရာပါ “မ” သဘာဝ မိခင်စိတ်ဓာတ်ခံကြောင့်လို့ ပြောကြပေမယ့် ယောက်ျားလေးတွေမှာလည်း မတူညီတဲ့ ချစ်ခြင်းမေတ္တာအင်အားထု ကြီးမားကြတာ ရှိပါတယ်။ ဒါပေမယ့် ယောက်ျားလေးတွေအပေါ် ထားတဲ့ မိန်းကလေးတွေရဲ့ သဘောထားတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါ။
မိန်းကလေးတွေမှာ တစ်ချို့က မိမိရဲ့ချစ်သူအပေါ်မှာ မိမိဘဝတစ်ခုလုံးကို ပုံအော ချစ်လိုက်တတ်ကြတယ်၊ တစ်ချို့က မိမိဘဝရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ မြှပ်နှံပြီး ချစ်တတ်ကြတယ်။ တစ်ချို့ကျပြန်တော့လည်း ဦးနှောက်ကိုအခြေခံပြီး နှလုံးသားကို ရာခိုင်နှုန်းအနည်းငယ်မျှ ထည့်သွင်းကာ ချစ်ခင်တတ်ကြသလို တစ်ချို့ကျတော့လည်း နှလုံးသားနဲ့ ဆက်ဆံပေမယ့် နှလုံးသားတစ်ခုလုံးကို မမြှပ်နှံတတ်တဲ့ မိန်းကလေးတွေလည်း ရှိကြပြန်တယ်။
တစ်ချို့မိန်းကလေးတွေ မိမိချစ်သူတို့နဲ့ ပြတ်စဲကြရတဲ့အခါ နလန်မထူနိုင်အောင် ခံစားကြရသူတွေရှိပြီး တစ်ချို့က ကြံ့ကြံ့ခံ ရပ်တည်နိုင်တာတွေ ရှိကြပါတယ်။ ဒါတွေက ဘယ်အရာပေါ်မှာ အခြေခံသွားသလဲဆိုတော့ မိန်းကလေးတွေရဲ့ မိမိရဲ့ချစ်သူအပေါ် ပုံအောယုံကြည်ခြင်းအပေါ်မှာ ကွာသွားပါတယ်။ ချစ်သူအပေါ်မှာ ယုံကြည်စွာ ချစ်နိုင်ပါတယ်။ ဒါပေမယ့် မိမိအတွက် နေရာလေးတစ်နေရာလေးတော့ ချန်ထားသင့်တာတော့ အမှန်ပါ။ လူဆိုတာ ပြောင်းလဲဖောက်ပြန်တတ်တဲ့ သဘာဝရှိရာ မမြင်နိုင်တဲ့ ကံတရားအတွက် မိမိရဲ့ နှလုံးသားတစ်နေရာကိုတော့ အရေးကြုံလာရင် နလန်ထူနိုင်ဖို့ ချန်လှပ်ထားသင့်ပါတယ်။ ပြီးတော့ ချစ်သူရှိလာပြီဆိုရင်ဖြင့် မိမိရဲ့စိတ်ကို ပြင်ဆင်ထားနိုင်ရင် အကောင်းဆုံးပါ။
မိန်းကလေးတို့သဘာဝ ချစ်သူရဲ့ ချစ်ခင်ယုယမှုကို ရရှိခဲ့ရင် ပျော်ရွှင်နိုင်ပေမယ့် မထင်မှတ်ထားတဲ့ ချစ်သူရဲ့ စိမ်းကားမှု၊ လျစ်လျူရှုမှုတို့ ကြုံလာခဲ့ရင်လည်း အဖြေရှာရင်ဆိုင်နိုင်ဖို့ သတ္တိစွမ်းအားတစ်ခု လိုပါတယ်။ ဒါမှသာ ချစ်ခြင်းရဲ့ လွှမ်းမိုးမှုအောက်က ရုန်းထွက်နိုင်သလို လိုရာခရီးကို ဆက်လက်နိုင်မှာ ဖြစ်ပါတယ်။ ချစ်သူရဲ့ ရက်စက်စိမ်းကားမှု ကြုံရတဲ့အခါ ခံနိုင်ရည်မရှိဘဲ ဘဝကို လက်လျော့သွားကြတဲ့ မိန်းကလေးတွေဟာ ချစ်သူအပေါ် ပုံအောယုံကြည်ခြင်းနဲ့ ပြင်ဆင်မှု အားနည်းခြင်းကြောင့်ဘဲ ဖြစ်ပါတယ်။
ကြီးမားကျယ်ပြန့်တဲ့ မိခင်လိုမျိုး နှလုံးသားနဲ့ ချစ်ခင်တတ်ကြတဲ့ မိန်းကလေးတွေကတော့ သူမရဲ့ နှလုံးသားတစ်ခုလုံးကို ပုံအောခြင်းတော့ မရှိကြပါ။ သူမအတွက် ချစ်သူဟာ မရှိမဖြစ် မဟုတ်ပါ။ ဒါပေမယ့် မိခင်တစ်ယောက်ရဲ့ ယုယကြင်နာခြင်းမျိုးနဲ့ ချစ်ခင်ပေးတတ်ကြပါတယ်။ မိမိချစ်သူက အချိန်မရွေး စွန့်ခွာသွားခဲ့ရင် အပြုံးမပျက် လှပစွာ ရပ်တည်မယ်ဆိုတဲ့ ခံယူချက်နဲ့ ချစ်တတ်တာဟာ သူမရဲ့ ခိုင်မာတဲ့ သီအိုရီတစ်မျိုးဘဲ ဖြစ်ပါတယ်။ ဒါကို နှလုံးသားနဲ့ ဆက်ဆံပေမယ့် မိမိရဲ့ နှလုံးသားကို လုံခြုံအောင် စောင့်ရှောက်နိုင်ခြင်းလို့ သတ်မှတ်လို့ ရပါတယ်။
ဒီလိုမတူညီမှုတွေထဲမှာ မိန်းကလေးတွေအနေနဲ့ လက်ကိုင်ထားသင့်တာလေးကတော့ ချစ်သူအပေါ် အပြည့်အဝ ချစ်ခင်မှုပေးနိုင်ပေမယ့် မိမိရဲ့ နှလုံးသားလေးကိုတော့ လုံခြုံအောင် စောင့်ရှောက်နိုင်ခြင်းဆိုတဲ့ သီအိုရီလေးဘဲ ဖြစ်ပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေထဲမှာ စိတ်နှလုံး ထိခိုက်ပျက်စီးခြင်းက အဆိုးဆုံးဖြစ်ရာ မိန်းကလေးများ မိမိတို့ နှလုံးသားလေးကို မနာကျင်ရအောင် စောင့်ရှောက်ရင်း ချစ်တတ်ကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်။
Credit: Yangon Life
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment