Sunday, February 14, 2016

"အနေဝေးလို့ သွေးအေးမသွားရအောင်"



Lutaw Lupyaw

"အနေဝေးလို့ သွေးအေးမသွားရအောင်"

တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေတဲ့ အကြောင်းပြချက်ကြောင့် အချစ်တွေ သွေးအေးမသွားနိုင်ပါဘူး။ အခုခေတ်လို အင်တာနက်ကတစ်ဆင့် အချိန်မရွေး ဆက်သွယ်လို့ ရနိုင်တဲ့အချိန်မှာ Long distance relationship ကို တည်ဆောက်ဖို့ မခက်တော့ပါဘူး။ သတိရရင် ဗီဒီယို call ခေါ်လိုက်မယ်၊ ဓာတ်ပုံတွေ အပြန်အလှန် ပို့ကြမယ်၊ အမှတ်တရနေ့တွေမှာ လက်ဆောင်တွေ အပြန်အလှန်ပို့ကြမယ်၊ နောက်ဆုံး အားလပ်ရက်ရှည် ရတဲ့အချိန်မှာ တစ်ယောက်ရှိတဲ့ဆီ နောက်တစ်ယောက်က လိုက်သွားလို့ရနေတဲ့ ခေတ်ကြီးပါ။ ဒီလို အပေါ်ယံမြင်လိုက်ပေမယ့် တကယ့် အနေဝေးနေကြတဲ့ သူတွေကတော့ သူတို့ရဲ့ဆက်ဆံရေး အခြေအနေကို အဆိုးဘက် မြင်ကြတာ များပါတယ်။

တချို့လူတွေရဲ့စိတ်ထဲမှာ Long distance relationship ဆိုတာနဲ့ ကြာရှည်မခံပဲ ကွဲသွားကြတာ များတယ်လို့ လက်ခံထားကြပါတယ်။ Long distance relationship ဆိုလိုက်တာနဲ့ ဒီစုံတွဲကွဲဖို့က ကျိန်းသေနေတယ်လို့ ထင်ကြေး ပေးတတ်ကြပါတယ်။ တွဲတဲ့အချိန်ကလည်း အလွန်ဆုံး ၄၊ ၅ လထက် မပိုဘူးလို့ ဆိုကြပါသေးတယ်။ သူတို့ကိုယ်သူတို့ Long distance relationship ဆက်ဆံရေးပါလို့ ၀န်ခံထားတဲ့ စုံတွဲ ၁၄ သန်းလောက်ကို လေ့လာကြည့်တဲ့အခါ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ နောက်ဆုံးမှာ ရွှေလက် တွဲသွားနိုင်ခဲ့ကြတာပါတဲ့။

Long distance relationship တွေရဲ့ အဓိက အားနည်းချက်ကတော့ အချိန်ကုန်၊ ငွေကုန်တာပါပဲ။ တစ်ယောက်တစ်နေရာဆီ ဖြစ်နေလို့ သူကပဲ ကိုယ့်ဆီလာမလား၊ ကိုယ်ကပဲ သူ့ဆီလိုက်သွားမလား၊ ဒါမှမဟုတ် နှစ်ယောက်လုံး အဆင်ပြေမယ့် နေရာမှာ တွေ့ကြမလား ရွေးချယ်ရတော့မယ်လေ။ ဘယ်လိုပဲပြောပြော အမြဲတမ်းတွေ့နေရတဲ့ စုံတွဲတွေထက်တော့ အချိန်ကုန်၊ ငွေကုန် ပိုဖြစ်ကြတာပေါ့။ ဒါတောင် မိုင်ရာချီဝေးနေတဲ့သူတွေ၊ နိုင်ငံခြားနေတဲ့သူတွေဆို တစ်နှစ်မှာ အလွန်ဆုံး တစ်ခေါက်၊ နှစ်ခေါက်ထက် ပိုမတွေ့နိုင်ကြပါဘူး။ ဖုန်းဆက်တယ်ဆိုပေမယ့်လည်း သူ့အလုပ်၊ ကိုယ့်အလုပ်နဲ့ဆိုတော့ ၂ ရက်၊ ၃ ရက် လောက်မှ ဆက်ဖြစ်ကြတာ များပါတယ်။

နောက်တစ်ချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ အများကြီး မရှိကြတာပါ။ ကိုယ့်ရဲ့ စိတ်ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေကို ဘယ်လိုပဲ ဖုန်းဆက်ပြောလို့ရတယ်ဆိုပေမယ့် လူချင်းတွေ့ပြီး ပြောတာလောက်တော့ အပြည့်အ၀ မခံစားမိနိုင်ပါဘူး။ ဒီလိုနဲ့ပဲ နီးစပ်သူတွေကို ရင်ဖွင့်မိရင်း သွေးအေးသွားတတ်ကြပါတယ်။ Long distance relationship မှာ နောက်ထပ် သွေးအေးစေတဲ့ အချက်ကတော့ တစ်ယောက်ရဲ့ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ နီးစပ်မှုမရှိတာလည်း ပါ,ပါတယ်။ တစ်ဖက်ကတော့ သဘောရိုးနဲ့ ပြောလိုက်မိရင်တောင် နောက်တစ်ယောက်ရဲ့ စိတ်ထဲမှာ အဓိပ္ပာယ်တစ်မျိုး ရှိသွားနိုင်ပါတယ်။ အဆိုးဆုံးကတော့ တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာလေ တစ်ယောက်အကြောင်း တစ်ယောက် သံသယတွေ များလာပြီး နောက်ဆုံးတော့လည်း အဆုံးသတ်သွားကြတာ များပါတယ်။

ဒါဆိုရင် Long distance relationship ဆက်ဆံရေးက မတည်မြဲတတ်ဘူးလား။ ဒီလိုလဲ တထစ်ချပြောလို့မရပါဘူး။ အပေါ်မှာပြောပြခဲ့တဲ့ အချက်တွေကို တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိပြီး ရင်ဆိုင် ဖြေရှင်းနိုင်မယ်ဆိုရင် ဘယ်လောက်ပဲဝေးကွာနေပါစေ သင်တို့နှစ်ယောက်ရဲ့ အချစ်တွေက နွေးထွေးနေမှာပါ။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုထားရှိမယ်၊ ကတိသစ္စာတွေ တည်ကြမယ်ဆိုရင် အနေဝေးတဲ့ ဆက်ဆံရေးဖြစ်ဖြစ်၊ အနေနီးတဲ့ ဆက်ဆံရေးဖြစ်ဖြစ် တစ်သက်လုံး ခိုင်မြဲနေမှာပါ။

Credit: Yangon Life



No comments:

Post a Comment