Friday, February 5, 2016

"စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတွေက ယောက်ျားကောင်း အမြဲရတတ်တယ်လို့ ဆို"



Lutaw Lupyaw

"စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတွေက ယောက်ျားကောင်း အမြဲရတတ်တယ်လို့ ဆို"

ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ ဆက်ဆံရေးမှာ မိန်းကလေးတစ်ယောက်က ယောက်ျားလေးရဲ့ အကြိုက်ကို လိုက်လျော အလျှော့ပေးနေတိုင်း ပြေလည်တာ မဟုတ်ပါဘူး။ သူ့ဆီက ကိုယ်လိုချင်တာကိုသိပြီး ဘယ်လိုရအောင် ယူနိုင်မလဲဆိုတာပေါ်မှာလည်း စိတ်ပျော်ရွှင်မှုက မူတည်ပါတယ်။ လူ့အသိုင်းအ၀ိုင်းရဲ့ ထုံးတမ်းစဉ်လာ တော်တော်များများမှာ ယောက်ျားလေးတွေက လွှမ်းမိုးလေ့ ရှိကြပါတယ်။ ဒါပေမဲ့ နူးညံ့ချိုသာသင့်တဲ့ နေရာမှာ နူးညံ့သင့်ပြီး မာကြောပြတ်သားရမယ့်နေရာမှာ မာကြော ပြတ်သားနိုင်မယ်ဆိုရင် မိန်းကလေးတွေရဲ့ ဘ၀က ပိုပြီး သာယာလာမယ် ထင်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးတွေ ဖြစ်ရင် ယောက်ျားကောင်း ရတတ်တဲ့ အကြောင်းရင်းများကို ဖော်ပြပေးချင်ပါတယ်။

၁) သူတို့ရဲ့ ကိုယ်ပိုင်ဘ၀မှာပဲ နေထိုင်ကြပါတယ်။

စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးတွေက ပြတင်းပေါက်ကို ဦးတည်ချက်မဲ့ငေးပြီး ကိုယ့်ဘ၀ကို ကယ်တင်မဲ့ ယောက်ျားတစ်ယောက်များ ရောက်လာမလားလို့ မျှော်နေမယ့်သူမျိုး မဟုတ်ပါဘူး။ ကိုယ့်ဘ၀မှာ လုပ်သင့်တဲ့အရာတွေကို လုပ်ရင်း ကိုယ့်နဲ့ သင့်တော်မယ့်သူ တွေ့လာတဲ့အချိန် ရောက်လာတာကို စောင့်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုလူမျိုး မတွေ့ခဲ့ဘူးဆိုရင်လည်း ကိုယ့်အစွမ်းအစနဲ့ ကိုယ့်ကိုယ်ပိုင်ဘ၀ကို တည်ဆောက်ပြီး နေသွားဖို့ ဆုံးဖြတ်ထားတဲ့ သူတွေပါ။

၂) ယောက်ျားတစ်ယောက်ရဲ့ မကောင်းတဲ့ အကျင့်တွေကို ထောက်ပြဖို့ တွန့်ဆုတ်နေမယ့်သူ မဟုတ်ပါဘူး။

မိန်းကလေးတစ်ယောက်က သူချစ်တဲ့သူရဲ့ မကောင်းတဲ့အကျင့်တွေကို လိုက်လျောခွင့် ပြုပါများရင် ယောက်ျားတွေက ငြီးငွေ့လာတတ်ပါတယ်။ စိတ်ဓာတ် မာကြောတဲ့သူတွေကတော့ မကောင်းတဲ့ အကျင့်တွေကို သည်းမခံနိုင်ပါဘူး။ အဲ့ဒီ အကျင့်တွေကို ပြင်ဖို့ပြောမယ်။ သူတို့ မပြင်ဘူးဆိုရင်တော့ နောက်ဆက်တွဲ အကျိုးဆက်ကို ဘယ်လိုခံစားရမယ်ဆိုတာ သိအောင် ပြတတ်ကြပါတယ်။

၃) သူတို့ပေးသလောက် ပြန်မရဘူးထင်ရင် တွယ်ကပ်နေမယ့်သူ မဟုတ်ပါဘူး။

ရိုးရိုးလေးနဲ့ ရှင်းရှင်းလေးပါပဲ။ သူက ဘယ်အချိန်မှာ လမ်းခွဲရမလဲဆိုတာ သိတဲ့သူပါ။ ယောက်ျားတစ်ယောက်က အကြိမ်ကြိမ် စိတ်ဆင်းရဲအောင် လုပ်နေပြီဆိုရင် ချစ်တဲ့စိတ်နဲ့ မျက်စိစုံမှိတ်ပြီး အနားမှာ ဆက်နေမယ့်သူ မဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့က သူတို့ကိုယ်သူတို့ပဲ အချစ်ဆုံးသူတွေ ဖြစ်လို့ပါပဲ။

၎) လိုချင်တာ မရမချင်း အလျှော့မပေးတတ်ပါဘူး။

ခေါင်းမာပြီး ရည်မှန်းချက်ကြီးသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ဆောင်ပုဒ်က “မရပ်ခိုင်းနဲ့။ မရပ်နိုင်ဘူး” ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလိုစိတ်ဓာတ်ကို ယောက်ျားလေးတွေက သဘောကျပြီး လေးစားတတ်ပါတယ်။

၅) အရမ်းကို ပွင့်လင်းကြပါတယ်။

ယောက်ျားလေးအများစုက သွယ်ဝိုက်ပြီး ပြောရင် နားမလည်တတ်ကြပါဘူး။ တိုက်ရိုက်ပြောမှ သိကြတဲ့အတွက် ကိုယ်ဘယ်အချိန်မှာ ဘယ်လိုဖြစ်ချင်တယ် ဆိုတာကို အတိအကျ ပွင့်ပွင့်လင်းလင်း ပြောတတ်ကြပါတယ်။ သူတို့ အနေနဲ့ မလိုက်လျောဘူးဆိုရင် ကိုယ့်အတွက် တန်ဖိုးမထားတဲ့ လူတစ်ယောက်အပေါ် အချိန်ဖြုန်းနေမှာ မဟုတ်ဘဲ ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားကြမှာပါ။

၆) သူများရဲ့ အသိအမှတ်ပြုခံရဖို့ မကြိုးစားတတ်ပါဘူး။

စိတ်ဓာတ်ခိုင်မာပြတ်သားတဲ့ မိန်းမတွေက ယောက်ျားတစ်ယောက်ဆီက အသိအမှတ်ပြုခံရဖို့ မလိုအပ်ပါဘူး။ ကိုယ့်ကိုကိုယ် အသိအမှတ်ပြုနိုင်ဖို့ပဲ ကြိုးစားပါတယ်။ ဒီလိုကြိုးစားမှုတွေကြောင့် ယောက်ျားလေးတွေက သူ့ရဲ့ အသိအမှတ်ပြုမှုကို ရရှိဖို့တောင် ပြန်ပြီး ကြိုးစားလာရလေ့ ရှိပါတယ်။

ခင်သူဇာ

Credit: Trend Myanmar



No comments:

Post a Comment