Wednesday, February 3, 2016

"အပျိုကြီးတစ်ယောက် အကြောင်း"



Lutaw Lupyaw

"အပျိုကြီးတစ်ယောက် အကြောင်း"

တစ်ခါတုန်းက ရွာတစ်ရွာမှာ မရွှေတုတ်လို့ခေါ်တဲ့ ဂေါ်မစွံ အပျိုကြီးတစ်ယောက် ရှိပါတယ်။ သူက ယောက်ျားယူဖို့ မျှော်လင့်နေပေမယ့် သူ့ရွာမှာကော ရွာနီးချုပ်စပ်မှာပါ သူ့ကို ယူမယ့်ယောက်ျား တစ်ယောက်မှမရှိဘူး ဖြစ်နေပါတယ်။ ဒီလိုနဲ့ တစ်နေ့တော့ အဲဒီအပျိုကြီးဟာ အပေါင်းအဖော်တစ်သိုက်နဲ့ ရန်ကုန်ရွှေမြို့တော်ကြီးကို ဘုရားဖူးရန် ထွက်လာခဲ့ပါတယ်။ ဘုရားဖူးခရီးက ပြန်လာပြီးတဲ့နောက်မှာတော့ အပျိုကြီးရဲ့ ပြောင်းလဲမှုတွေကို တစ်ရွာလုံးက အံ့အားတသင့်နဲ့ပဲ တွေ့မြင်ကြရပါတော့တယ်။ အရင်ကဆိုရင် အဲဒီအပျိုကြီး မရွှေတုတ်ဟာ အလှပြင်ဖို့နဲ့ ပုရိသတို့ကို မျက်စပစ်ဖို့လောက်သာ စဉ်းစားနေတတ်ပေမယ့် ရန်ကုန်က ပြန်လာပြီးနောက်မှာတော့ နေပူမရှောင် မိုးရွာမရှောင် လယ်စိုက်ချိန်လယ်၊ ကိုင်းစိုက်ချိန်ကိုင်းနဲ့ အလုပ်မျိုးစုံကို ကြိုးစားလုပ်ပြီး ပိုက်ဆံ စုနေပါတော့တယ်။ ဒါ့အပြင် အပျိုကြီးမရွှေတုတ်က တစ်ခါတစ်လေ “ရောင်းဈေး မေးခဲ့ရင် ကောင်းသား“ လို့ ခပ်တိုးတိုး ရေရွတ် ငြီးတွားနေသံကိုလဲ မသဲမကွဲ ကြားနေကြရတော့ တစ်ရွာလုံးအတွက် စောင့်ကြည့်စရာ ပဟေဠိတစ်ခု ဖြစ်လို့နေပါတော့တယ်။ နောက်ဆုံးမှာတော့ ဘယ်လိုမှ သည်းခံမစောင့်ကြည့်နိုင်တော့တဲ့ သူတစ်ချို့က အပျိုကြီးမရွှေတုတ်ထံ ချဉ်းကပ် မေးမြန်းပါတော့တယ်။

အပျိုကြီးမရွှေတုတ်ရဲ့ အဖြေကို ကြားရအပြီးမှာတော့ တစ်ရွာလုံး မပြုံးနိုင်တော့ဘဲ ၀ါးလုံးကွဲကို ရီမိကြပါတော့တယ်။

ရွာသူအများ။ ။ ဟဲ့ အပျိုကြီး… နင် ဘာဖြစ်လို့များ ပိုက်ဆံကို အသည်းအသန် ရှာနေရတာလဲ။
မရွှေတုတ်။ ။ ၀ယ်စရာရှိလို့ပါဟယ်။
ရွာသူအများ။ ။ ဘာဝယ်ချင်လို့များ အဲ့လောက် အလုပ်လုပ်နေရတာလဲ အပျိုကြီးရယ်။
မရွှေတုတ်။ ။ ရှင်တို့ ကျွန်မကို အဲလို အပျိုကြီးလို့ ခေါ် ခေါ်နေလို့လဲ ကျွန်မက ပိုကြိုးစားနေရတာ ရှင့်။ ဒီရွာမှာသာ ကျွန်မကို ယူမယ့်သူမရှိလို့ မယူရတာ။ မြို့မှာတော့လေ ယောက်ျားတွေမှ ပေါလို့တော့်။ အဲဒီယောက်ျားတွေကိုများလေ ကားတွေနဲ့ လည်ရောင်းနေတာများ အများကြီး တွေ့ခဲ့ပါရောလားတော်။
ရွာသူအများ။ ။ ဘာ… ဘယ်လို မရွှေတုတ်ရဲ့။ နားလည်အောင် ပြောပါဦးအေ။
မရွှေတုတ်။ ။ ကျုပ် ရန်ကုန်ကို ဘုရားဖူး သွားတုန်းကပေါ့အေ။ ကျုပ်တို့ ကားမှတ်တိုင်မှာ ဘတ်စ်ကား စောင့်နေတုန်း ကားတစ်စီး ရောက်လာပါရောအေ့။ ယောက်ျားတွေမှ ပေါ… အားကြီးပဲအေ။ ကားခေါင်မိုးပေါ်မှာကော၊ နောက်မှာ တွယ်ထားတာတွေကော… အများကြီး ပါလာပါကောအေ့။ အဲဒီမှာ ကားစပယ်ယာက အော်နေတာလေ… “ယောက်ျားရမယ်။ ယောက်ျားလေးရမယ်” ဆိုပဲတော်။ ကျုပ်ဖြင့် ပျော်လိုက်တာအေ။ ဒါကြောင့် ပိုက်ဆံ ရှာနေတာပေါ့တော့်။ ပိုက်ဆံတွေရရင် မြို့တက်ပြီး ယောက်ျားဝယ်မလို့တော့်။ ခက်တာက ကျုပ် တစ်ခါတည်း ဈေးမေးလာခဲ့ရင် ကောင်းသားတော်…!!!။

‪#‎ZayLin‬

ရေးသားသူ -mg soe

Credit: JACBA



No comments:

Post a Comment