Tuesday, February 23, 2016

"ကြက်သွန်နီအခွံရဲ့ အံ့ဖွယ် အာနိသင်များ"


"ကြက်သွန်နီအခွံရဲ့ အံ့ဖွယ် အာနိသင်များ"

လူအများစုက ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ အမျိုးမျိုးရဲ့ အခွံတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (quercetin) တွေနဲ့ တခြား ကျန်းမာရေး အထောက်အကူပြု အာဟာရဓာတ်မျိုးစုံ ပါဝင်တာကို သတိမပြုမိကြပါဘူး။ အကောင်းဆုံး ဥပမာကတော့ ကြက်သွန်နီ အခွံဖြစ်ပါတယ်။ ကြက်သွန်နီအခွံက စားလို့မရပေမဲ့ သူ့မှာ သွေးဖိအားကို ထိန်းညှိပေးပြီး နှလုံးသွေးကြောကျဉ်း ရောဂါကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်ပါတယ်။

ကြက်သွန်နီက ကျန်းမာရေးအတွက် အထောက်အကူအပြုဆုံး အပင်တစ်ပင်ဖြစ်ပြီး ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိအပြင် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း၊ နှာခေါင်းသွေးယိုခြင်းကို ရပ်တန့်စေနိုင်ခြင်း၊ ကင်ဆာဆဲလ်များကို ဖျက်ဆီးပေးနိုင်ခြင်းနဲ့ ဗီတာမင် စီကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တိုးတက်စေနိုင်တဲ့ အစွမ်းတွေကို ရရှိစေပါတယ်။ အရောင်ပိုရင့်တဲ့ ကြက်သွန်နီအခွံက ပိုပြီး အာဟာရဓာတ် များပြားစွာ ပါဝင်ပါတယ်။ တစ်နေ့ကို ကြက်သွန်နီ တစ်ခြမ်းစားသုံးရင် အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို တစ်ဝက် လျှော့ချနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တစ်ခုအရ သိရပါတယ်။

အင်္ဂလန်နိုင်ငံ Cranfield တက္ကသိုလ်က သိပ္ပံပညာရှင်များက ကြက်သွန်နီအခွံက မပျော်ဝင်နိုင်ပေမဲ့ အစွမ်းထက် အမျှင်ဓာတ်နဲ့ ကင်ဆာရောဂါနဲ့ ရောင်ရမ်းခြင်းများကို သက်သာ ပျောက်ကင်းစေတဲ့ quercetin အပြင် တခြား အကျိုးပြု ဂုဏ်သတ္တိများစွာပါဝင်တာကို တွေ့ရှိခဲ့ကြပါတယ်။

ဒါကြောင့် ကျန်းမာရေးတိုးတက်ကောင်းမွန်စေတဲ့ ကြက်သွန်နီ အခွံက အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ဖို့အတွက် ဟင်းတွေ စွပ်ပြုတ်တွေထဲမှာ အခွံမနွှာထားတဲ့ ကြက်သွန်နီ ၁ လုံး ၂ လုံးလောက် ထည့်ချက်လို့ရသလို ကြက်သွန်နီ အခွံနည်းနည်းကို ဟင်းအိုး ပွက်ပွက်ဆူမလာခင်အထိ ထည့်ချက်ပြီး နောက်မှ ဖယ်လိုက်ရင်လည်း ကြက်သွန်နီအခွံရဲ့ အကျိုးကျေးဇူး အပြည့်အ၀ ရနိုင်တယ်လို့ ဆိုပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

No comments:

Post a Comment