Lutaw Lupyaw
"ချစ်သူတို့အတွက် အာဟာရ"
(ချစ်သူတွေ သိသင့် သိထိုက်တာများ)
လောကမှာ လူရယ်လို့ ဖြစ်လာရင် ဘယ်သူမှ အချစ်နဲ့ မကင်းနိုင်ကြပါဘူး။ အားလုံး အချစ်နဲ့ ကြုံဖူးကြတဲ့ လူတွေချည်းပါဘဲ။ အသက် ၁၅ နှစ်၊ ၁၆ နှစ် အရွယ်ကစပြီး လူငယ်တွေ အချစ်ကို ရှာဖွေ စူးစမ်းလာကြတယ်။ ၁၅ နှစ်၊ ၁၆ နှစ်မှာဘဲ ရည်းစား ထားတတ်လာကြတယ်။ မြန်မာစကားပုံတစ်ခု ရှိပါတယ် (ရည်းစားဦးနဲ့ လွဲတက်တယ်)။ ဒီစကားဟာ မှန်သလား၊
ကျွန်တော့်အမြင်နဲ့ ပြောရမယ်ဆိုရင်တော့ မှန်ပါတယ်။ ဒါပေမဲ့ ရာနှုန်းပြည့်တော့ မဟုတ်ပါဘူး။ လူတွေရဲ့ ၁၅ နှစ်၊ ၁၆ နှစ် အရွယ်ဆိုတာ မရင့်ကျတ်သေးတဲ့ အရွယ်၊ စိတ်ကစားတတ်တဲ့ အရွယ်တွေပါ။ ဒီအချိန်မှာ ဖြစ်လာတဲ့ ရင်ခုန်မှု၊ ခံစားမှု၊ တိုက်ဆိုင်မှုလေးတစ်ခုကို အချစ်လို့ သတ်မှတ်လိုက်ကြတယ်။ လက်ခံလိုက်ကြတယ်။ ထူးခြားတဲ့ ခံစားမှုလေး တစ်ခုနဲ့ဘဲ အချစ်လို့သတ်မှတ်ပြီး ရည်းစားထားလိုက်တော့ အချစ်ဦးနဲ့ ကွဲတာ၊ ရည်စားဦးနဲ့ ပြတ်တာတွေ ဖြစ်လာရတာပါ။ စိတ်လှုပ်ရှားမှုလေးတစ်ခု ဖြစ်လာတာနဲ့ဘဲ အချစ်လို့ မသတ်မှတ်သင့်ပါဘူး။ သူ့ကိုတော့ ချစ်နေပြီလို့လည်း တစ်ထစ်ချ မယုံကြည်သင့်ပါဘူး။ ဒါဆို ရည်းစားဦးနဲ့ ပေါင်းသင်းရသူတွေကော ရှိလား?။ ရှိပါတယ်။ ၁၀၀ ရာခိုင်နှုန်းမှာ ၂၀ ရာခိုင်းနှုန်းက ပေါင်းသင်းရပါတယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကတော့ အချစ်ဦးနဲ့ လမ်းခွဲရတာချည်းပါဘဲ။ လူတွေ ရည်းစားထားကြတယ်၊ ချစ်သူရှာကြတယ်၊ တစ်သက်တာအတွက် ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ကြတယ်။ ဒါ သဘာဝပါ။ ကျွန်တော် အကြံပေးချင်တာလေးတွေ ရှိပါတယ်။ ချစ်သူတွေ စုံတွဲတွေ သိထားသင့်တာလေးတွေပါ။
ချစ်သူ စုံတွဲတွေမှာ ချစ်သူရယ်လို့ ဖြစ်လာပြီဆိုရင် ချစ်သက်တမ်း အစပိုင်းမှာ အချစ်ကြီးတတ်ကြပါတယ်။ မျက်စိအောက်က အပျောက်မခံတာတို့၊ သွားလေရာ တကောက်ကောက်လိုက်တာတို့၊ တစ်ခုခုဆို ကိုယ့်ကိုဘဲ ရှေ့တန်းတင်စေချင် အရေးပေးစေချင်တာတို့၊ အထူးသဖြင့် ယောက်ျားလေးတွေမှာ အဖြစ်များပါတယ်။ မိန်းကလေးတွေမှာလည်း ဖြစ်တက်ပါတယ်။ သ၀န်တိုတာ စသဖြင့်ပေါ့ ရှိတတ်ပါတယ်။ ဂရုစိုက်လွန်း အားကြီးတာပေါ့ဗျာ။ ဒီလိုမျိုးတွေ ဖြစ်နေတာကို ကိုယ့်ချစ်သူက နားလည်ပေးနိုင်ရင်တော့ ကောင်းပါတယ်။ အော် ငါ့ကိုချစ်လို့ သူ ဒီလိုဖြစ်နေတာပါလား ဆိုပြီး နားလည်ပေးနိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့။ အဲ နားလည်မပေးနိုင်ရင်တော့ ပြဿနာကြီးပြီ။ ကိုယ့်ချစ်သူက ကိုယ့်ကို ထင်လိမ့်မယ် သူ ငါ့ကို မယုံလို့များ ငါ့နောက် တကောက်ကောက် လိုက်နေတာလား။ ငါ့နောက် တကောက်ကောက် လိုက်နေရအောင် ငါက အဲဒီလောက်တောင် မယုံကြည်ရတဲ့သူ ဖြစ်နေပြီလား။ ငါ့ကို အဲလိုများ သတ်မှတ်ထားလား ဆိုပြီး ကိုယ့်ချစ်သူက ကိုယ့်ကို အထင်လွဲသွားတာလေးတွေ ဖြစ်လာနိုင်ပါတယ် (သတိထားနော် အချစ်ကြီးသူတွေ)။ ဒါဆို ကိုယ့်ချစ်သူကို ဂရုမစိုက်ဘဲ ပစ်ထားရမှာလား။ အဲလိုကြီးလည်း လုပ်စရာမလိုပါဘူး။ ဂရုစိုက်သင့်တဲ့ နေရာမှာတော့ ဂရူစိုက်ပေးရပါမယ်။ ဥပမာ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဂရုစိုက်တာမျိုး စသဖြင့်ပေါ့။ ယုံကြည်သင့်တဲ့ နေရာမှာလည်း ယုံယုံကြည်ကြည် စိတ်သန့်သန့်လေးနဲ့ ယုံကြည်ပေးသင့်ပါတယ်။ ကိုယ့်ချစ်သူကို ယုံကြည်သင့်သလား စိတ်ချသင့်သလား ဆိုတာ ကိုယ့်ချစ်သူရဲ့ နောက်ကြောင်း၊ စိတ်နေသဘောထားပေါ်ကို ကြည့်ပြီး ဆုံးဖြတ်ရင် အကောင်းဆုံးပါ။ ဆုံးဖြတ်လို့ရပါတယ်။ နေရာတကာ သံသယမျက်လုံးတွေနဲ့ဘဲ ကြည့်မနေသင့်ပါဘူး။ သံသယလွန်ကဲတာဟာ ကိုယ့်ကိုကိုယ် နှိပ်စက်နေတာနဲ့ အတူတူပါဘဲ။ ဘုရားက တစ်ဘက်ထဲကိုပဲ ကြည့်စေချင်ရင် မျက်လုံး တစ်လုံးဘဲ ပေးထားမှာပေါ့။ သံသယမျက်လုံးတွေနဲ့ဘဲ ကြည့်နေမယ်ဆိုရင်တော့ ကိုယ့်ချစ်သူကို ကိုယ်ကိုတိုင် သတ်မှတ်ပေးလိုက်တာဘဲ။ မယုံကြည်သင့်တဲ့သူ၊ စိတ်မချရတဲ့သူလို့။
မိန်းကလေး တော်တော်များများဟာ စည်းကမ်းတွေ ဘောင်တွေအောက်မှာ မနေလိုကြပါဘူး။ တချို့ စုံတွဲတွေမှာ ရှိပါတယ်။ ယောက်ျားလေးက ချစ်သူမိန်းကလေးကို တခြား သူစိမ်း ယောက်ျားလေးနဲ့ စကားမပြောခိုင်းတာတို့၊ အပြင်သွားရင် သူမပါဘဲ မသွားရဘူးတို့၊ တခြား သူစိမ်း ယောက်ျားလေးနဲ့ တွဲသွားတွဲလာ မလုပ်ရဘူးတို့၊ ဒါမျိုးတွေက တကယ်တော့ မဖြစ်သင့်ပါဘူး။ လူရယ်လို့ဖြစ်လာပြီဆိုရင် ပတ်ဝန်းကျင်၊ လူ့ဘောင်အသိုင်းက၀ိုင်း၊ လူမှုရေးဆိုတာ ရှိပါတယ်။ လူတွေထဲမှာ နေတဲ့ လူတစ်ယောက် ဖြစ်တဲ့အတွက် လူတွေနဲ့တော့ ဆက်ဆံရမှာဘဲ။ နောင်တစ်ချိန် စီးပွားရေးလောကထဲ ၀င်ရင် ဘယ်လိုလုပ်မလဲ။ အမျိုးသား၊ အမျိုးသမီး ခွဲခြားလို့ မဖြစ်ဘူးလေ။ လူအသိုင်းအ၀ိုင်းထဲမှာ နေတဲ့အတွက် လူမှုရေးတော့ ရှိရမှာပေါ့။ သူကတော့ ပြောပါလိမ့်မယ်။ အဲဒါ နင့်ကို ချစ်လို့၊ နင့်ကို ချစ်လို့ဆိုပြီး။ တကယ်တော့ ချစ်တာမဟုတ်ဘူး ကိုယ့်ချစ်သူကို မယုံကြည်တာ၊ နားလည်မှုမရှိတာ။ အဲလို စည်းတွေ ဘောင်တွေ သတ်မှတ်ထားမယ် ဆိုရင်တော့ သတိပေးလိုက်မယ်ဗျာ စည်းတွေ ဘောင်တွေ သတ်မှတ်ထားတက်တဲ့သူများ၊ မကြာပါဘူး ခြေစုံကန်ပြီး ထွက်ပေါက် ရှာသွားပါလိမ့်မယ်။ မယုံရင် စောင့်ကြည့်နေပါ။ ကိုယ့်ကို စွန့်ခွာသွားပါလိမ့်မယ်။
ပြီးတော့ စိတ်ကောက်တက်သူများ အထူးအဖြင့် မိန်းကလေးတွေ၊ ထစ်ခနဲရှိ စိတ်ကောက်တတ်ကြတယ်။ နားလည်ပါတယ် ကိုယ့်ချစ်သူရဲ့ ချော့တာလေး ခံချင်လို့၊ နွဲ့ဆိုးလေး ဆိုးချင်လို့ စိတ်ကောက်ကြတယ်ဆိုတာ။ ဒါပေမဲ့ဗျာ စိတ်ကောက်တိုင်း မကောင်းပါဘူး။ စိတ်ဆိုးသင့်တဲ့နေရာ ကောက်သင့်တဲ့နေရာမှာဘဲ ကောက်ပေါ့။ နေရာတကာတော့ အချော့ခံချင်လို့ စိတ်ကောက်တယ် ဆိုတာတော့ မဖြစ်သင့်ပါဘူး။ ဒီနေရာမှာလည်း နားလည်မှုလေးတွေ လိုအပ်နေတာပါ။ အရာရာကို နားလည်ပေးပြီး အကောင်းမြင်လေးနဲ့ မြင်ပေးမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။ ယောက်ျားလေးတွေကတော့ ပြောပါလိမ့်မယ် ဒီလိုဆိုးတာလေးတွေကိုဘဲ ချစ်နေတာ။ ကောက်တာလေးဘဲ ချစ်နေတာ။ နှုတ်ခမ်းဆူတာလေးဘဲ ချစ်နေတာ ဆိုပြီး လျှာရိုးမရှိတိုင်း ပြောပြပါလိမ့်မယ်။ ယောက်ျားလေးတွေ ယောက်ျားလေးတွေ ဒါမျိုးပြောတာတွေဟာ ဖြစ်နိုင်ပါတယ်။ ဟုတ်လည်း ဟုတ်လောက်ပါတယ်။ စချစ်ခါစ အချိန်မှာဆိုရင်ပေါ့။ ခဏခဏ စိတ်ကောက်လွန်းရင်တော့ နောက်ပိုင်းမှာ အဖုအထစ်လေးတွေ ရှိလာပါလိမ့်မယ်။ စချစ်ခါစမှာတော့ ချစ်လို့ ခွင့်လွတ်ပေးနိုင်ပေမဲ့ ကြိမ်ဖန်များလာရင်တော့ သည်းခံနိုင်မှာ မဟုတ်ဘူးနော်။ လူဘဲဗျာ ကျောက်တုံးမှ မဟုတ်တာ။ ကျောက်တုံး ကျောက်ခဲတွေတောင်မှ ပွတ်ပါများရင် သေးသွား၊ အမှုန့်ဖြစ်သွားသေးတာဘဲ မဟုတ်လား။ သည်းခံနိုင်မှုဆိုတာ အတိုင်းအတာ တစ်ခုအထိဘဲ ရှိပါတယ်။ နောက်ပိုင်းမှာ ကိုယ့်ကို ငြီးငွေ့သွားပြီး ထွက်ပေါက် ရှာသွားတာမျိုးတွေ ဖြစ်လာလိမ့်မယ်နော်။ (စိတ်ကောက်တက်သူများ သတိထား)။ လူတိုင်းဟာ ခန္တီပါရမီနဲ့ ပြည်စုံတဲ့လူတွေ မဟုတ်တဲ့အတွက် အရာရာကိုတော့ နားလည်ပေးနိုင်မှာ မဟုတ်ပါဘူး။
ရည်းစားထားတယ်ဆိုတာ လူနှစ်ယောက် ကြိုးတစ်ချောင်းကို အစွန်းတစ်ဖက်စီက ဆွဲနေသလိုဘဲ နှစ်ဖက်လုံးက တင်းတင်းဆွဲရင် ကြိုးက ပြတ်ထွက်သွားမယ်။ နှစ်ဖက်လုံး လျော့လွန်းနေပြန်ရင်လည်း ကြိုးက ကြာလာရင် ဆွေးပြီး ပြတ်သွားမှာဘဲ။ ဒီတော့ တစ်ဖက်ကတင်းရင် တစ်ဖက်က လျော့ပေးလိုက်။ ဒီဘက်ကတင်းရင် ဟိုဘက်က လျော့ပေးလိုက်။ ဒါဆိုရင် အဲဒီကြိုးဟာ ဘယ်နည်းနဲ့မှ ပြတ်နိုင်စရာ အကြောင်းမရှိပါဘူး။ ချစ်သူတွေမှာလည်း တူတူပါဘဲ။ တစ်ဦးက တင်းနေရင် တစ်ဦးက လျော့ပေးလိုက်တာ အကောင်းဆုံးပါဘဲ။ နှစ်ဦးလုံးက တင်းနေရင်တော့ စိတ်မကောင်းစရာတွေဘဲ ဖြစ်လာပါလိမ့်မယ်။ အချစ်စစ်တို့ လျှောက်ရမဲ့ လမ်းသည် ဘယ်သောအခါမှ မဖြောင့်ဖြူး။ သိပ်ကိုမှန်တဲ့ စကားလေးပါ။ ချစ်သူတွေ လျှောက်ရမဲ့ လမ်းဟာ အလွန် ကြမ်းတမ်းပါလိမ့်မယ်။ ကြုံတွေ့လာမဲ့ ပြဿနာတွေ၊ အခက်ခဲတွေကို ကြောက်ပြီး ပုန်းရှောင်တာမျိုးတော့ မလုပ်မိပါစေနဲ့။ ကိုယ့်ချစ်သူရှေ့မှာ မားမားမတ်မတ် ရပ်တည် ရင်ဆိုင်လိုက်ပါ။ အထူးသဖြင့် ယောက်ျားလေးတွေကို ဦးတည်ပြောချင်ပါတယ်။ ချစ်သူတွေမှာ ပထမဆုံး ကြုံတွေ့ရမဲ့ ပြဿနာက တစ်ယောက်နဲ့တစ်ယောက် နားလည်မှု။ နားလည်မှုဟာ ချစ်သူတွေအတွက် အလွန် အရေးကြီးပါတယ်။ သတိထားရမဲ့ အချက်ကလေးတွေ ရှိပါတယ်။ အမျိုးသားတွေ ကိုယ့်ချစ်သူနဲ့ တွေ့တဲ့အချိန်မှာ ရည်းစားဟောင်းအကြောင်း မပြောမိပါစေနဲ့။ မင်းကို ကိုယ်ချစ်တယ်ဆိုတဲ့ စကားလေး၊ အဲဒီ ချစ်တယ်ဆိုတဲ့ စကားလေးကို အစဉ်ပြောပေးရပါမယ်။ အချိန်တိုင်းကြီး၊ နေ့တိုင်း ပြောရမယ်လို့လည်း မဆိုလိုပါဘူး။ ပြောပါများလာရင်လည်း ရိုးသွာတာတွေ၊ မလေးနက်တာတွေ ဖြစ်လာပါလိမ့်မယ်။ ကိုယ့်ချစ်သူရဲ့ မွေးနေ့၊ ကိုယ့်ကို အဖြေပေးတဲ့ နေ့ အဲဒီနေ့တွေကိုတော့ စွဲစွဲမြဲ မှတ်ထားဖို့တော့ အရေးကြီးပါတယ်။ တခြားဟာတွေ အမှတ်မရရင် နေပါစေ ဒီ နှစ်ရက်ကိုတော့ ဦးနှောက်ထဲမှာ စွဲနေဖို့ လိုအပ်ပါတယ်။ ကိုယ့်ချစ်သူအတွက် ကိုယ် သူ့ကို ဘယ်လောက်ချစ်ကြောင်း သိစေဖို့ မထင်မှတ်တာလေးတွေ၊ အံသြစေတာလေးတွေကို မကြာခဏ ဖန်တီးပေးသင့်ပါတယ်။ ဒါမှလည်း ကိုယ့်ချစ်သူက ကိုယ့်ဆီမှာဘဲ စိတ်ရောက်နေမှာပါ။ သာယာနေမှာပါ။ တခြားသော သူစိမ်းတစ်ယောက်စီ စိတ်ရောက်နေတာမျိုး လုံးဝ အဖြစ်မခံပါနဲ့။ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ကိုယ့်ဘက်မှာ ရှိနေဖို့ အလွန် အရေးကြီးပါတယ်။
အရေးကြီးတဲ့ နောက်တစ်ချက်။ ချစ်သူချင်း သဘောထားတိုက်ဆိုင်မှု အလွန် အရေးပါပါတယ်။ (အသွင်တူမှ အိမ်သူဖြစ်မယ်) ဆိုတဲ့ စကားလေးကို ကြားဖူးပါသလား။ အဓိပ္ပာယ်ကိုကော သေချာသိပါသလား။ အချို့သော ချစ်သူစုံတွဲတွေမှာ စိတ်သဘောထား မတိုက်ဆိုင်တဲ့ ပြဿနာလေးတွေ ရှိပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ သူနဲ့ ကိုယ်နဲ့ အကြိုက်ခြင်းမတူတာတို့၊ ကိုယ်ကြိုက်တဲ့ အစားအစာနဲ့ သူကြိုက်တာနဲ့ မတူတာတို့၊ ကိုယ်က ဒီအရောင်လေးကြိုက်တယ် သူကတော့ တခြားရောင်ကြိုက်တယ် စသဖြင့် ဒီလိုအသေးမွှား ပြဿနာလေးတွေကအစ ပြဿနာ ရှာတက်ကြတယ်။ အသွင်တူမှ အိမ်သူဖြစ်မှာဆိုတဲ့ စကားကို အဓိပ္ပာယ်ကောက်တာ လွဲပြီး ဒီလိုပြဿနာလေးတွေ ဖြစ်လာတာပါ။ တကယ်တော့ ဒါတွေဟာ အယူသီးမှုတွေပါ။ (အသွင်တူမှ အိမ်သူဖြစ်မှာ) သေချာ စဉ်းစားကြည့်ပါ။ အသွင်တူမှလို့ ပြောတာပါ။ အကြိုက်တူမှလို့ ပြောတာ မဟုတ်ပါဘူး။ အသွင်တူတယ်ဆိုတာကလည်း သူနဲ့ကိုယ်နဲ့ လုပ်ပုံကိုင်ပုံလေးတွေ၊ သူဖြစ်ချင်တာကို ဖြစ်စေချင်တဲ့အတိုင်း ကိုယ်က ဖြစ်အောင် လုပ်ပေးနိုင်တာလေးတွေ စတာတွေပါ။ အကြိုက်ချင်းတူမှ ဘာညာဆိုတာ အယူသီးမှုတစ်ခုပါဘဲ။ အသွင်တူဖို့ ဆိုတာကလည်း လူတွေဟာ မွေးလာကတည်းက လူတစ်ကိုယ် စိတ်တစ်မျိုး ဗီဇတစ်ခုစီ ပါလာတက်ကြပါတယ်။ ဒါကြောင့် လူလူချင်း အသွင်တူဖို့ဆိုတာ မလွယ်ပါဘူး။ ဒါဆို ဘယ်လိုမျိုး ဘယ်ချိန်မှာ အသွင်တူတယ်လို့ ခေါ်နိုင်သလဲ။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုတဲ့ စကားပုံလေးလိုပါဘဲ။ လူတွေဟာ ကိုယ်နဲ့ နီးစပ်ရာကို အတုယူ ပြုမူ တက်ကြပါတယ်။ တခြားသော လူတစ်ယောက်နှင့် အနေနီးလေ တခြားသူရဲ့ အပြုအမူ ပြောပုံဆိုပုံတွေဟာ ကိုယ်ဆီမှာ ပါလာတက်လေပါဘဲ။ ကျွန်တော် ဆိုလိုချင်တာက ကိုယ့်ချစ်သူနဲ့ စ ချစ်ခါစမှာတော့ ဘယ်လိုမှ အသွင်မတူနိုင်ပါဘူး။ ဒါကို စိတ်သောက တစ်ခုအနေနဲ့ မသတ်မှတ်ပါနဲ့။ ဒါပေမဲ့ အချိန်ကြလာတာနှင့်မျှ ရည်စားသက်တမ်း ကြာလာပြီး မိမိချစ်သူနဲ့ အနေနီးလာတာနဲ့အမျှ သူ့ရဲ့ ပြောပုံဆိုပုံလေးတွေ၊ သူလုပ်တက်တဲ့ အပြုအမူလေးတွေက ကိုယ့်ဆီမှာ လာပြီး ပြုမှုလာပါတယ်။ လုပ်ဆောင်လာပါတယ်။ အဲဒီအချိန်ကြမှဘဲ အသွင်တူမှ အိမ်သူဖြစ်မယ် ဆိုတဲ့စကားလေးရဲ့ အဓိပ္ပာယ် ပေါ်လွင်လာတာပါ။
ဒါ့ကြောင့် ချစ်သူတွေမှာ အရေးကြီးဆုံး အချက်ဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့နဲ့ ယုံကြည်မှု ရှိဖို့ပါဘဲ။ ဒီနှစ်ချက်သာ သင်တို့ဆီမှာ ရှိမယ်ဆိုရင် ပျော်ရွှင်စွာနဲ့ ဘ၀ခရီးကြမ်းကို ချစ်သူလက်တွဲပြီး အတူ လျှောက်လှမ်းနိုင်မှာပါဗျာ။
ချစ်သူတိုင်း ပေါင်းဖက် စုံမက်နိုင်ပါစေ။
Credit: Saik Rott
Friday, February 5, 2016
"ချစ်သူတို့အတွက် အာဟာရ"
Labels:
ချစ်မှုရေးရာ,
ဗဟုသုတ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment