"ဖေ့စ်ဘွတ်ခ်သုံးခြင်းရဲ့ ဆိုးကျိုးများ"
ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုမကြာခဏ refresh လုပ်ပြီး နောက်ဆုံးရသတင်းတွေ၊ notification တွေကို တစ်ခုမှ လက်လွတ်မခံ လိုက်ကြည့်ဖြစ်နေကြပြီလား။ သန်းခေါင်းကျော် တစ်ရေးနိုးလဲ ဖေ့စ်ဘွတ်ခ်ထဲဝင်ကြည့်ပြီး မိုးလင်းပေါက်တဲ့အထိဖေ့စ်ဘွတ်ခ် အသုံးပြုနေလို့  အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေ ဘယ်လောက်များပြီလဲ။ အခုလိုဖေ့စ်ဘွတ်ခ်ကို အလွန်အကျွံ စွဲလန်းနေခြင်းကြောင့် အောက်ပါ အချက်တွေကို ခံစားနေရပါလိမ့်မယ်။
၁)ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှုများ လျော့နည်းလာခြင်း။
Status တစ်ခုတင်လိုက်ပြီး တစ်နာရီလောက်ကြာအောင် စောင့်ဆိုင်းပြီးမှ like လေးခု၊ ငါးခုလောက်ပဲရနေချိန်မှာ၊ သူငယ်ချင်းတွေရဲ့ Status က like တွေ အများကြီးရနေတာကို မြင်တွေ့နေရင် စိတ်ထဲမှာ မတင်မကျနဲ့ လျစ်လျှူရှုခံရသလို၊ အထီးကျန်ဆန်နေသလို ခံစားနေရတတ်ပါတယ်။ ဆိုရှယ်လ်နက်ဝေါ့ခ်ပိုင်းကို လေ့လာခဲ့သူတွေရဲ့ တွေ့ရှိချက်ကတော့ ဆိုရှယ်လ်နက်ဝေါ့ခ် အသုံးပြုသူ တော်တော်များများက မိမိရဲ့ အွန်လိုင်းပေါ်က ရုပ်သွင်သဏ္ဍာန်ကို တခြားသူတွေနဲ့ ယှဉ်နှိုင်းဝေဖန်ခံရပြီး မကောင်းတဲ့အမြင်နဲ့ ရှုံချပြောဆိုခံရတာကို မလိုလားကြပါဘူး။ ဒီလိုရှုံ့ချဝေဖန်ခံရတာများလို့  ဖေ့စ်ဘွတ်ခ်ပေါ်မှာထင်တိုင်းကြဲ လုပ်ချင်တာလုပ်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးမထားတတ်ကြတော့တဲ့ သူတွေ ဖြစ်လာကြတာလဲ မနည်းတော့ပါဘူး။
၂) လူအများရဲ့ အာရုံစိုက်မှုဖြင့် လွှမ်းမိုးခံလိုခြင်း။
ရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်နေပါတယ် ဆိုတဲ့အကြောင်းကို status အဖြစ်တင်ပြီး ၁၀ မိနစ် ခြားတစ်ခါလောက် notification တတ်မတတ် စောင့်ကြည့်နေပြီး နာရီဝက်လောက်ကြာမှ notification တစ်ခု တတ်လာတာကို ဝမ်းသာအားရ ဖြစ်နေတတ်ကြပါတယ်။ အလားတူပါပဲ။ ညဘက်အိပ်ရာဝင်ချိန်တွေမှာလည်း အွန်လိုင်းတက်ပြီး status တစ်ခုမဟုတ် တစ်ခုတင်၊ လူအများရဲ့ အာရုံစိုက်မှုကို ရယူဖို့  စောင့်ဆိုင်းပြီး အချိန်ကုန်လွန်နေတတ်ကြတာ ဆယ်ကျော်သက်လူငယ်တွေ အများဆုံး ဖြစ်တတ်ပါတယ်။
၃) ကိုယ်ရေးကိုယ်တာအချက်အလက်နှင့် ဆက်စပ်သော သောကများ။
မိဘနဲ့ သားသမီး၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်သူရည်းစားနဲ့ လင်မယားတွေအကြား ဆက်ဆံရေးတွေကို ပုဂ္ဂလိကအတွင်းရေးအနေနဲ့ ထားရှိကြပြီး အပြန်အလှန် ရိုသေနားလည်မှုတွေ အရင်ကရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်ခ်ရဲ့ ကျေးဇူးတွေကြောင့် ကိုယ်ရေးကိုယ်တာတွေဆိုတာ မရှိတော့ပါဘူး။ လူကြီးမိဘတွေက ဘယ်လိုစိတ်အနှောက်အယှက် ဖြစ်စေပါတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ ချစ်သူရည်းစားက ဘယ်လိုဖြစ်ပါတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ သူငယ်ချင်းကနောက်ကွယ်မှာ ဓားထိုးတယ်ဆိုတဲ့ status တွေကို လူအများသိအောင် ဖေ့စ်ဘွတ်ခ်မှာ ကြေညာချက်တွေထုတ်နေကြပါတယ်။ အားပေးအားမြောက်လုပ်သူတွေက like လုပ်၊ comment ပေးတာတွေလုပ်ပြီး မြှောက်ထိုးပင့်ကော်တွေလုပ်ပြီး တကယ့်လက်တွေ့ ပြဿနာတွေကို ဝိုင်းကူရှင်းပေးနိုင်ကြတာ မဟုတ်ပါဘူး။ ချစ်သူရည်းစားတွေကြားမှာတော့ Password (စကားဝှက်) ကိုပေးလိုက်ခြင်းက အဆိုးဆုံးပါပဲ။ မျိုးစုံသောနည်းလမ်းတွေနဲ့ အချိန်တိုင်း ထောက်လှမ်းစစ်ဆေးတာတွေကို ကြုံတွေ့နေကြရပြီး၊ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေဆိုတာ ပျောက်ပျက်စပြုနေပါပြီ။
၎) အွန်လိုင်းပေါ်ကရန်ငြိုးဟောင်းများ။
အွန်လိုင်းပေါ်က တချို့လူတွေက စိတ်အနှောက်အယှက် အရမ်းဖြစ်စေပါတယ်။ အလုပ်မရှိအလုပ်ရှာ၊ အွန်လိုင်းမှာ လာခေါ်ပြီး စကားပြန်မပြောရင် ဆဲရေးတိုင်းထွာ လုပ်သွားတတ်ကြပါတယ်။ အဖက်လုပ်ပြီး ပြန်ပြောမိရင်း စကားများရန်ဖြစ်ပြီး အညှိုးအတေးထားရှိပြီး အပြင်လောကမှာ ကိုယ်ထိလက်ရောက် အနာတရ ရ အောင် ပြုလုပ်တဲ့အမှုတွေလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါကြောင့်မို့ အွန်လိုင်းပေါ်မှာမသိတဲ့သူတွေနဲ့ စကားမပြောပဲနေတာက ပိုပြီး လုံခြုံစိတ်ချရပါတယ်။
၅) စွဲလန်းမှု။
ဖေ့စ်ဘွတ်ခ်ကြောင့် ကမ္ဘာတစ်ဝှမ်းက သူငယ်ချင်းတွေနဲ့ အမြဲအဆက်အသွယ်ရှိနေနိုင်လို့  ဖေ့စ်ဘွတ်ခ်ကတချို့ လူတွေအတွက် နေ့စဉ်ဘဝမှာ
မရှိမဖြစ်လိုအပ်လာတာကိုတွေ့ ရပါတယ်။ အထူးသဖြင့် လူငယ်တွေကဖေ့စ်ဘွတ်ခ်ကို သူတို့ရဲ့ ကမ္ဘာအမှတ်နဲ့ စွဲလန်းရူးသွပ်ပြီး အချိန်တွေကို ဒီဆိုရှယ်လ်နက်ဝေါ့ခ်မှာ ဖြုန်းတီးနေရတာကို နှစ်သက်သဘောကျနေကြပါတယ်။ ဖေ့စ်ဘွတ်ခ်စွဲလန်းခြင်းကြောင့် ဘဝပျက်ရတဲ့ လူငယ်တွေ အများကြီးပါပဲ။
Credit : ဆူးချိုး
lutawlupyaw
No comments:
Post a Comment