"ခါးနာဝေဒနာခံစားရသူဦးရေ ပိုမိုများပြားလာ၊ နာရီပိုင်းမျှ ကိုယ်နေဟန်ထား မှားယွင်းမှုကြောင့် လနှင့်ချီ ခါးနာနိုင်"
ကမ္ဘာပေါ်မှာ လူတိုင်းနီးပါးခံစားရတဲ့ ဝေဒနာတစ်မျိုးရှိပါတယ်။ အသက်ကြီးကြီး၊ ငယ်ငယ်၊ ပျိုပျိုအိုအို၊ ဆင်းရဲချမ်းသာ အယုတ်အမြတ်မရွေး ခံစားရတဲ့ ခါးနာဝေဒနာပဲဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ စစ်တမ်းအရ သူတို့ဆီမှာ လူဦးရေ ၁ သန်းမှာ ၂ သိန်းခွဲလောက်က ခါးနာဝေဒနာကို ခံစားရတယ်လို့ ဆိုပါတယ်။ ခါးနာတယ်ဆိုတာ သိပေမယ့် ဘာကြောင့်နာတယ်ဆိုတာ သိသူရှားပါတယ်။ အင်္ဂလန်မှာဆိုရင်တော့ ခါးနာဝေဒနာကို ခံစားရတဲ့လူများစုက အမျိုးသမီးတွေဖြစ်ကြပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ပိုများပါတယ်။ သာမန်ထက် အလေးချိန်ပိုလာတဲ့ ခါးနဲ့ဝမ်းဗိုက်ပိုင်းကို ပင့်တင်ထားရတဲ့အတွက် ခါးနာ ခါးကိုက်ခြင်း ဖြစ်နိုင်သလို အရိုးအကြော မကောင်းလို့  ခါးနာတယ်လည်း ဖြစ်နိုင်ပါတယ်။ လူအများစုမှာတော့ ခါးရိုးကိုဖြစ်စေ၊ ခါးကြောကိုဖြစ်စေ ဒဏ်မဖြစ်အောင် ဂရုမစိုက်တတ်ကြတဲ့အတွက် ခါးနာရောဂါ စွဲကပ်လာတာပဲ ဖြစ်ပါတယ်။
ခါးနာရင် လေ့ကျင့်ခန်းလုပ်ပါလားလို့  အပြောမစောလိုက်ပါနဲ့။ အမျိုးသမီးအများစုဟာ ခါးနာလို့ဆိုပြီး ကျန်းမာရေးလေ့ကျင့်ခန်းတွေ လုပ်တာကိုလည်း လုံးဝရပ်နားပစ်လိုက်လေ့ ရှိပါသေးတယ်။ ဒီတော့ ခါးနာလို့  ကျန်းမာရေးလေ့ကျင့်ခန်း မလုပ်သလို ခါးနာလို့ဆိုပြီး အိပ်ယာထဲမှာ ငြိမ်သက်စွာလဲလျောင်း တတ်ကြပါသေးတယ်။ တစ်ဖက်က ကျန်းမာရေးလေ့ကျင့်ခန်း မလုပ်ဖြစ်တော့သလို တစ်ဖက်ကလည်း အိပ်ယာထဲမှာ ငြိမ်ငြိမ်လေး ဇိမ်နဲ့ နေလိုက်ကြတဲ့အတွက် ကျန်းမာရေးကိုပိုပြီး ထိခိုက်စေလာတဲ့အပြင် အိပ်ယာထဲမှာ အနေကြာလာပြန်ရင်လည်း အိပ်ယာကြောင့်ကို ခါးက ထပ်ပြီး နာနိုင်ပါသေးတယ်။
လေ့ကျင့်ခန်းလုပ်လို့ ခါးပိုနာတာလားလို့ မေးလာမယ်ဆိုရင် လေ့ကျင့်ခန်းလုပ်လို့  ခါးနာတယ်ဆိုတာထက် လေ့ကျင့်ခန်းလုပ်တဲ့ပုံစံ မှားယွင်းနေလို့ ခါးနာတာလို့ ပြန်ဖြေရမှာ ဖြစ်ပါတယ်။ ဒီတော့ ခါးနာလို့ လေ့ကျင့်ခန်း မလုပ်ရဲတော့သူတွေအတွက် Relaxation Exercise လို့ ခေါ်တဲ့ ကြွက်သားနဲ့ အကြောတွေ ဖြေလျော့ပေးတဲ့ လေ့ကျင့်ခန်းက အလွန်သင့်တော်ပါတယ်။
Relaxation Exercise တွေကို မလုပ်ခင်မှာ သေသေချာချာသဘောပေါက်ရမှာက ခန္ဓာကိုယ်ရဲ့ အလိုအလျောက် ပြန်လည်ကုသစနစ်ဟာ အလွန်ကောင်းမွန်ပါတယ်။ ကြွက်သားတွေ မခံမရပ်နိုင်အောင် နာကျင်ဖူးခဲ့ပြီး အဲဒီနာကျင်မှုတွေ အလိုအလျောက် ပျောက်ကင်းသက်သာသွားတာ အားလုံး ကြုံဖူးကြမှာပါ။
ဒါပေမယ့် ခါးနာဝေဒနာကိုကျတော့ ခန္ဓာကိုယ်ဟာ အလိုအလျောက် ပျောက်ကင်းသက်သာအောင် အလွယ်တကူ မလုပ်နိုင်တာကို တွေ့ရပါတယ်။ ခါးနာပြီဆိုတာနဲ့ ကျွန်တော်တို့အားလုံး လိုလိုဟာ ခါးကို ငြိမ်ငြိမ်လေးထားလိုက်ပါတယ်။ ဒီလိုလုပ်တဲ့အတွက် ခါးတစ်ဝိုက်က ကြွက်သားတွေက လှုပ်ရှားမှုနဲသွားပြီး တင်းတောင့်သွားပါတယ်။ ကြာလာတော့ လမ်းလျှောက်ရင်ကိုပဲ ခါးကိုမလှုပ်ပဲလျှောက်တော့ ခါးချိနေသလိုဖြစ်နေတာကို ယောက်ျားလေးရော မိန်းကလေးတွေမှာပါ တွေ့နေရပါတယ်။
နောက်ပြီး ခါးနာလို့ အိပ်ယာပေါ်မှာ အနားယူလိုက်တာ (Bed Rest) ဆိုတာကလည်း ၂-ရက်ထက်ပိုသွားရင် ခါး ကြွက်သားတွေကို အားပျော့စေပြီး ခါးရိုးကိုတောင် ပင့်မထားနိုင်တော့တဲ့အတွက် ခါးရိုးက အလုပ်ပိုလုပ်ရပြီး နာကျင်မှုကိုလည်း ပိုလာစေပါတယ်။
ခါးနာရတဲ့အကြောင်းရင်း နောက်တစ်ခုကတော့ အ၀လွန်လာခြင်းပဲ ဖြစ်ပါတယ်။ ခါးနာဝေဒနာ အစကတည်းက ရှိတယ်ဆိုရင် တစ်စတုံလောက် ကိုယ်အလေးချိန်တိုးလာတယ် ဆိုရင်တောင် ခါးနာကျင်မှုကို ပိုစေပါတယ်။ ခါးမနာသေးဘူးဆိုရင်လည်း ကိုယ်အလေးချိန်တိုးလာလို့ ၀မ်းဗိုက်ကို ပင့်မရပြီဆိုရင် သေချာပါတယ်။ ခါးက နာတော့မှာပါ။
၂၀၁၁ ခုနှစ်တုန်းက တစ်နိုင်ငံလုံးနီးပါး ကိုယ်အလေးချိန်တိုးလာကြပြီး ခါးနာတဲ့လူဦးရေ ပိုလာတာကြောင့် အင်္ဂလန် အစိုးရဟာ နိုင်ငံထဲကို တင်သွင်းနေတဲ့ တရုတ်ခေါက်ဆွဲထုပ်တွေကို တားမြစ်လိုက်သလို အမြန်ရ အစားအစာဆိုင်တွေကိုလည်း နည်းအမျိုးမျိုးနဲ့ ကန့်သတ်ခဲ့ပါတယ်။ နောက်ထပ် ၂-နှစ် အတွင်းမှာ လူတွေရဲ့ ကိုယ်အလေးချိန်ဟာလည်း သိသိသာသာ ကျသွားခဲ့ပါတယ်။
ဒီနေရာမှာ ‘တစ်မျိုးသားလုံးကျန်းမာရေး’ ဆိုတဲ့ ဆောင်ပုဒ်ဟာ သိပ်ကိုပညာသားပါပါတယ်။ အိမ်တစ်အိမ်မှာ လူတစ်ယောက်ဖျားနာပြီဆိုတာနဲ့  အဲဒီတစ်မိသားစုလုံးဟာ အလုပ်ကို ဖြောင့်ဖြောင့်မလုပ်ရတော့သလို ငွေကုန် ကြေးကျလည်း များလာပါတယ်။ အဲဒီဖျားနာမှုဟာ နာတာရှည်ဖြစ်မယ်ဆိုရင် မိသားစု ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒီလိုပါပဲ။ နိုင်ငံတစ်နိုင်ငံမှာ လူထုကျန်းမာရေး မကောင်းဘူးဆိုရင် အဲဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာနှောင့်နှေး ကြန့်ကြာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အင်္ဂလန်အစိုးရဟာ လူတွေ အ၀လွန်မလာအောင် ဘယ်လိုစားသောက်ကုန်တွေကို တင်သွင်းနေသလဲဆိုတာ စိစစ်ပြီး ကန့်သတ်သင့်တာတွေကို ကန့်သတ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ဒီတော့ ခါးနာဝေဒနာသက်သာအောင် နေ့စဉ် ဆောင်ရန်ရှောင်ရန်တွေကို အင်္ဂလန်သုတေသီတွေက ပြောပြထားတဲ့အတိုင်း ဖော်ပြသွားပါမယ်။
ပထမဆုံးအချက်ကတော့ ကိုယ်အလေးချိန်ကို အတတ်နိုင်ဆုံး လျော့ချထိန်းသိမ်းထားပါ။ အားကစား၊ အစားအစာ၊ အအိပ်အနေ အားလုံးကိုဆင်ခြင်ပါ။
ဒုတိယအချက်ကတော့ ဘယ်တော့မှ ခါးအနေအထား ပျက်အောင် ထိုင်တာ၊ ရပ်တာမျိုး မလုပ်ပါနဲ့။ သင်တစ်နာရီလောက် စားပွဲနဲ့ ရင်ဘတ်ကပ်ပြီး ထိုင်လိုက်တာဟာ ခါးကို လပေါင်းများစွာ ဒဏ်ဖြစ်စေပါတယ်။ သင်ခါးနာတာ ထိုင်ခုံပုံစံကြောင့် မဟုတ်ပါဘူး။ သင်ထိုင်တဲ့ပုံစံ ကြောင့်ပါ။ ဘယ်လိုထိုင်ခုံနဲ့ပဲဖြစ်ဖြစ် သင်ထိုင်တဲ့ပုံစံ မှားနေမယ်ဆိုရင် ခါးက နာနေအုံးမှာပါပဲ။ သင့်အိပ်ယာနဲ့ ခေါင်းအုံးဟာ ကျောရိုးကို ပုံမှန်အနေအထား ဖြစ်စေရပါမယ်။ မဖြစ်လို့ကတော့ တစ်ညလုံး ခါး အနေအထားမှန်အောင် ပြန်တည့်ပေးနေရတာနဲ့ပဲ အိပ်ရေးလည်းပျက်ပါမယ်၊ ခါးလည်းနာပါမယ်။
နောက်ဆုံးအနေနဲ့ သင်စီးတဲ့ဖိနပ်ဟာ အောက်ခံမာလွန်းတယ်ဆိုရင် သင့်ခြေဖနောင့်နဲ့ ဖိနပ်ကြား ဖော့ပြားလေးခံပေးပါ။ ခါးကို သွားဆောင့်မယ့် တုန်ခါနှူန်းကို အဲဒီဖော့ကလေးက စုပ်ယူပေးလိုက်ပါလိမ့်မယ်လို့  လေ့လာရေးသား တင်ပြလိုက်ရပါတယ်။
Lashio News Diary
lutawlupyaw
No comments:
Post a Comment