" အကောင်းမြင်စိတ်နှင့် ရိုးစင်းသောဘ၀ "
လူတိုင်းတွင် ဘ၀တစ်ခုစီကို ပိုင်ဆိုင်ရသည်၊၊ လူများစွာရှိသည့်အလျောက် ဘ၀တို့သည်လည်း များစွာပင် ဖြစ်သည်၊၊ ဘ၀တစ်ခုစီကိုသာ
ပိုင်ဆိုင်ထားကြသော လူသားတို့ခြင်းတူသော်လည်း ဘ၀ကိုမြင်ပုံခြင်း၊ သုံးသပ်ပုံခြင်းကား မတူညီကြပေ၊၊
ဘ၀တစ်ခုကို တည်ဆောက်ပုံခြင်းနှင့် ဘ၀ဖြတ်သန်းပုံခြင်းလည်း များစွာပင် ကွာခြားကြသည်၊၊ ဘ၀သည် ပြုလုပ်တတ်သည့်သတ္တိ မရှိသည့်အရာ ဖြစ်သည်။ လူသားသည်သာ ဘ၀ကို စိတ်ကြိုက်ပြုသူ ဖြစ်လေသည်၊၊
လူသား၏ ပုံဖော်မှုအပေါ်တည်မှီ၍ ဘ၀သည်အမျိုးမျိုး၊ အဖုံဖုံဖြစ်ရသည်၊၊ ရိုးစင်းသောဘ၀၊ ဆန်းပြားသောဘ၀၊ ရှင်းလင်းသော ဘ၀၊ ရှုပ်ထွေးသောဘ၀၊ အဆင့်ရှိသော ဘ၀၊ အောက်ကျသော ဘ၀၊ စသည် စသည်တို့သည် လူသား၏ တည်ဆောက်ပုံဖော်မှုအပေါ် တည်မှီ၍ ဖြစ်ပေါ်လာသော ဘ၀မျိုးစုံတို့ ဖြစ်သည်၊၊
အဆိုးမြင်စိတ်နှင့် ဆန်းပြားသော ဘ၀၊
အကောင်းမြင်စိတ်နှင့် ရိုးစင်းသော ဘ၀၊
ရိုးအေးမှုနှင့် ရှင်းလင်းသော ဘ၀၊
ကောက်ကျစ်မှုနှင့် ရှုပ်ထွေးသော ဘ၀၊
ထက်မြက်မှုနှင့် အဆင့်ရှိသော ဘ၀၊
သိမ်ငယ်စိတ်နှင့် အောက်ကျသော ဘ၀၊ ဟူ၍ ဘ၀အသီးသီးကို စိတ်ပိုင်းဆိုင်ရာနှင့် တွဲစပ်ပြီး သိမှတ်နိုင်သည်၊၊
လောကတွင် လူများစွာနှင့် သူတို့ပိုင်ဆိုင်ထားရသော ဘ၀များကိုကြည့်ပြီး ထိုသူများ၏ စိတ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုကို လေ့လာအကဲခပ်နိုင်သည်၊၊ လူအချို့သည် ထူးထွေဆန်းပြားသည့် ဘ၀ကို ခုံမင်ပြီး၊ ကျော်ကြားမှု၊
နာမည်တပ်မှုခံရတတ်သည့် လုပ်ဆောင်မှုများ၊ ဖော်ပြမှုများကို စိတ်ပါပါလုပ်ဆောင် တတ်ကြသည်၊၊ သို့သော် ထိုသူများ၏စိတ်သည် သဘာဝအားဖြင့်
အဆိုးမြင်တတ်ရကား ငြိမ်းချမ်းမှုကို များစွာရခဲလှသည်၊၊
ရိုးစင်းသောဘ၀ကို နှစ်သက်သဘောကျ၍ အရာရာတွင် နောက်ဆုံးမှနေရာယူပြီး၊ နေရာထူးကို ရှောင်လေ့ရှိသော လူများစွာတို့လည်း များစွာပင်ရှိသည်၊၊
ထိုသူများသည် ရိုးစင်းသည့်စိတ်ပိုင်းဆိုင်ရာနှင့် ရသမျှကို ကျေနပ်တတ်သည့် သဘာဝအခြေခံ ရှိထားကြရကား ငြိမ်းအေးသည့်ဘ၀ကို ရရှိကြသည်၊၊
ဓမ္မပဒတွင် စိတ်အခြေခံနှစ်မျိုးနှင့် အကျိုးသက်ရောက်ပုံနှစ်မျိုးကို ဖော်ပြထားသည်ကို လေ့လာရမိသည်၊၊
(၁) အပြစ်မြင်စိတ်၊
(၂) အပြစ်ပြောလိုစိတ်၊ တို့သည် စိတ်အခြေခံနှစ်မျိုးဖြစ်ပြီး၊
(၁) စိတ်ချမ်းသာမှုကို မရနိုင်၊
(၂) စိတ်ချမ်းသာမှုမှ ဝေးကွာသည်၊၊ ဤနှစ်မျိုးသည် အကျိုးဆက်နှစ်မျိုး ဖြစ်သည်၊၊
အပြစ်မြင်စိတ်သည် ထိုစိတ်ရှိသူကို စိတ်မချမ်းသာအောင် ပြုသည့်စိတ်ပင် ဖြစ်သည်၊၊ လူပေါင်းများစွာ၏ စိတ်ဆင်းရဲရမှုများသည် အသေအခြာစီစစ်လျင် အပြစ်မြင်စိတ်မှ စတင်ခဲ့ရသည်၊၊ "အရင်းစစ်သော် အမြစ်မြေက" ဆိုသကဲ့သို့ပင် ဖြစ်သည်၊၊ ဘ၀မငြိမ်းချမ်းသူများတွင် အပြစ်မြင်တတ်သည့်စိတ် ခိုအောင်းနေသည်ကို တွေ့ရတတ်သည်၊၊
ထိုကဲ့သို့သော သူများသည် မည်သည့်အရာကို ကြည့်ကြည့် အပြစ်မြင်လိုသည့်ဘက်ကသာ ကြည့်လေ့၊ မြင်လေ့ရှိကြသည်၊၊ စိတ်ကိုက အပြစ်မြင်တတ်နေရကား
ကြည့်လိုက်သည့်အရာတိုင်းသည်လည်း အပြစ်ပြောစရာချည်းပင် ဖြစ်နေပြန်သည်၊၊
အဆိုးကိုအမြဲမြင်နေရသည့် စိတ်မျိုးဖြစ်သည့်အတွက် စိတ်ချမ်းသာ ငြိမ်းချမ်းမှုကိုလည်း ဘယ်သောအခါမှပင် ရရှိသည်မရှိတော့ပေ၊၊
အပြစ်မြင်စိတ်ရှိသူတိုင်းသည် အပြစ်ပြောလေ့မရှိတတ်၊၊ တချို့သူများမှာမူ
အပြစ်ကိုမြင်တတ်ရုံမက နှုတ်မှလည်း ထုတ်ဟပြောဆိုရန် ၀န်မလေးတတ်သည့်အတွက်
စိတ်ချမ်းသာမှုမှ ပို၍ပင်ဝေးကွာသူများ ဖြစ်ရတော့သည်၊၊
စိတ်ချမ်းသာမှုမရသူသည် ပြုပြင်လိုက်လျင် စိတ်ချမ်းသာမှု၊ အေးချမ်းမှုကို
တနေ့တွင်ရရှိလာနိုင်သေးသည်၊၊ အပြစ်ဆိုဖို့ ၀န်မလေးသူ ဖြစ်နေပါမူကား စိတ်ချမ်းသာမှုနှင့် လုံးဝကင်းဝေးသွားသူ ဖြစ်သည့်အတွက် ဘယ်သောအခါမှပင် စိတ်ချမ်းသာမှု၊ ငြိမ်းအေးမှုကို မမျှော်လင့်နိုင်တော့ချေ၊၊
နောက်ဆက်တွဲအကျိုးဆက်အဖြစ် လူများစွာ၏ မုန်းတီးမှု၊ ရှောင်ရှားမှုတို့ကိုလည်း ရရှိတတ်ပြန်သည်၊၊ ဤအခြေအနေတွင် အထီးကျန်မှုဖြင့် စိတ်ရောဂါများပင် ရရှိလာတတ်သည်ဟု ဆိုထားသည်ကို လေ့လာရသည်၊၊
အပြစ်မြင်တတ်ပြီး၊ အပြစ်ကိုထုတ်ဟပြောဆိုရန် ၀န်မလေးတတ်သူသည် မည်သည့်အရာကိုမဆို အပြစ်တင်နေလေ့ရှိသည်၊ "ဗုဒ္ဓဘုရားရှင်ကိုပင်
နားရွက်ရှည်လွန်းသည်ဟု ၄င်း၊ ထာဝရဘုရားရှင်ကို တရားမျှတသည့် ဖန်ဆင်းရှင်မဟုက် ဟူ၍ ၄င်း၊" ဘုရားများကိုပင် အပြစ်ရှာပြောတတ်တော့သည်၊၊
သာမန်လူတို့အပေါ်တွင်ကား ဆိုဖွယ်မရှိ၊ အဆုံးမရှိ အပြစ်ပြောနေတတ်သည်၊၊
အပြစ်မြင်စိတ်နှင့် အပြစ်ပြောလိုစိတ် ပင်ကိုယ်ကပင် ရှိနေသူအဖို့ အပြစ်လွတ်သော ကြည့်စရာ၊ မြင်စရာဟူ၍ မရှိပေ၊ အရာအားလုံးပင် သူ့အတွက် အပြစ်ပြောဖို့ချည်း ဖြစ်နေတော့သည်၊၊ ထိုစိတ်ရှိသူကိုယ်တိုင်လည်း
စိတ်ချမ်းသာ ပျော်ရွှင်ကြည်နူးမှုကို မရရှိတတ်ပေ၊၊
အပြစ်ပြောလိုသည့်စိတ်နှင့် ပြစ်တင်ပြောဆိုမှုကို ခုံမင်သည့်အလျောက် မြင်နေရ၊ ပြောနေရသည်ကို ကျေနပ်သော်လည်း ထိုသူများ၏ စိတ်ပိုင်းရာသည်
ငြိမ်းချမ်းသည့်စိတ်များ၊ ချမ်းသာသည့်စိတ်များ မဟုက်သည်ကို သတိပြုရမည်၊၊ အပြစ်ကိုကြည့်လေ့ရှိသူ၊ ပြောလေ့ရှိသူများမှာ သူတို့ကိုယ်တိုင် ပူလောင်နေသူများ ဖြစ်သည်ဟု စိတ်ပညာရှင်များက ဆိုပါသည်၊၊
မြန်မာစာပေလောကတွင် ထင်ရှားသော "ဆရာကြီး ဦးခင်မောင်လတ်" သည် "သူတစ်ပါး၏ အပြစ်ကို ကြည့်တတ်၊ မြင်တတ်သူ မဖြစ်ရပါစေနှင့်" ဟု
ဆုတောင်းကြောင်း သိရသည်၊၊ အတုယူထိုက်သည့် ဆုတောင်းပင် ဖြစ်သည်၊၊
မြန်မာစကားတွင် "ပျက်အစဉ် ပြင်ခဏ"ဟူ၍ရှိသည်၊၊ ထို့အပြင် "လူသားသည် မိမိနှင့် မိမိပတ်ဝန်းကျင်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုကို အမြဲမပျတ်လေ့လာ
အကဲခပ်နေရမည်" ဟူ၍ ဗုဒ္ဓရှင်တော် ဆုံးမထားသည်ကို သတိပြုလျက်၊ မိမိ၏ အပြစ်မြင်တတ်သည့်စိတ်နှင့်၊ အပြစ်ပြောလိုစိတ်ကို
အကောင်းမြင်စိတ်နှင့်၊ ချီးမွှန်းတတ်သည့်အဖြစ်သို့ ပြုပြင်ယူလျင် အမှန်ပင် ငြိမ်းအေးသည့်ဘ၀နှင့် ချမ်းသာသည့်ဘ၀ကို ရရှိနိုင်သည်၊၊
ဓမ္မပဒတွင် ဇာတ်လမ်းတစ်ခုကို ဗုဒ္ဓက သင်ပြထားပါသည်၊၊ ထိုဇာတ်လမ်းတွင်
နတ်သားတစ်ယောက်က ဗုဒ္ဓအား မေးခွန်းအချို့ကို မေးခဲ့သည်၊ မေးခွန်းမှာ-
"နတ်သား , လူသားတို့၏ဘ၀ပုံစံတွေ ဘာလို့ မတူညီကြတာလဲ၊
ဗုဒ္ဓ , စိတ်မတူသည့်အတွက် ဘ၀ပုံစံမတူညီကြခြင်း ဖြစ်တယ်၊၊"
မှန်သည်၊၊ လူသား၏ဘ၀တွင် စိတ်ကအရာရာကို ပဲ့ကိုင်လေ့ရှိသည်၊၊ စိတ်၏ အရေးပါပုံကို ဓမ္မပဒတွင် များစွာဖော်ပြပါရှိသည်၊၊ လူသားတွင်
စိတ်ဓာတ်ဆန်းကြယ်လျင် အတွေးအခေါ်များ ဆန်းကြယ်လာသည်၊ အတွေးအခေါ် ဆန်းကြယ်လာလျင် လုပ်ဆောင်ပြုမှုများ ဆန်းကြယ်လာသည်၊ လုပ်ဆောင်ပြုမူမှုများ ဆန်းကြယ်လာသောအခါ အကျိုးရလာဘ်များလည်း
အမှန်ပင် ဆန်းကြယ်လာရတော့သည်၊၊
သူဌေးအဖြစ်နှင့် စည်းစိမ်ပေါ်တွင် နေလိုသူများသည် သူဌေးဖြစ်စေတတ်သည့် အလုပ်မျိုးစုံကို သိသိသာသာ ဖြစ်စေ၊ မသိမသာဖြစ်စေ လုပ်ဆောင်သဖြင့်
သူဌေးအဖြစ်ကို ရရှိသည်၊၊ ဘ၀တွင် ထင်ပေါ်စေလိုသူများသည် ထင်ပေါ်စေတတ်သည့်
အလုပ်မျိုးစုံကိုလုပ်သဖြင့် ထင်ပေါ်သူများ ဖြစ်လာရသည်၊၊ အေးငြိမ်းသောဘ၀ကို အလိုရှိသဖြင့် အရာရာနောက်ကွယ်မှ နေရာယူပြီး၊ ပေါ့ပါးသည့်အလုပ်ကိုသာ လုပ်သူများသည် အေးငြိမ်းသောဘ၀ကို ရရှိရသည်၊၊ နာမည်ပေါ်လွင်မှုနှင့်၊ ချမ်းသာမှုကား သူတကာထက် အားနဲနေတတ်သည်၊၊
အရှင် မြန်မာပြည်အထက်ပိုင်း အညာဒေသသို့ ရောက်စဉ်က ကြီးမားသော တမာပင်အရိပ်၊
မန်ကျည်းပင်အရိပ်တို့တွင် ရေနွေးကြမ်းနှင့် ထန်းလျက်ခဲကို အရသာရှိရှိ၊ မြိန်ရေယှက်ရေ သောက်စားပြီး၊ ကျေးရွာအရေး အပါအ၀င် နိုင်ငံတကာအရေးများ၊ သာသနာရေးများကို ပြောဆိုဆွေးနွေးနေကြသော တောင်သူလယ်သမားများကို တွေ့ခဲ့ရသည်၊၊ သူတို့၏ဘ၀သည် စိတ်အားဖြင့် အမှန်ပင် အေးငြိမ်းသောဘ၀များ ဖြစ်သည်ကိုလည်း လေ့လာမိခဲ့သည်၊၊
ရိုးစင်း၍ အကောင်းမြင်တတ်သော ဘ၀ဟူသည် ထိုကဲ့သို့သောဘ၀များ ဖြစ်လေသည်ဟုလည်း
ကောက်ချက်ချမိသည်၊၊ အစစအရာရာတွင် အကောင်းဘက်မှ ရှုမြင်သုံးသပ်ပြီး၊
အဖြစ်ကိုသာ တွေးလေ့ရှိသူများ၊ ကြံလေ့ရှိသူများ၊ ပြုမူလေ့ရှိသူများသည် ဘ၀တွင် စစ်မှန်သည့် အေးငြိမ်းမှု၊ ချမ်းသာမှုကို ရရှိကြသည်၊၊
နေရာတိုင်းတွင် အရှေ့ဆုံးမှနေရာယူလျက် ထင်ပေါ်လိုသူများ၊ ကျော်ကြားလိုသူများမှာ အမြင်လှသော်လည်း စိတ်ပိုင်းဆိုင်ရာအားဖြင့်
များစွာပူလောင်ကြရသည်ကို နေ့စဉ်ဘ၀ ပတ်ဝန်းကျင်တွင် လေ့လာအကဲခပ်ရမိသည်၊၊
ဘ၀ဟူသည်ကလည်း ရွေးချယ်မှုတွင် တစ်ခုတည်းကိုသာ ရွေးချယ်ခွင့်ပေးတတ်သည့်
အရာဖြစ်နေသည်၊၊ ချမ်းသာမှုစည်းစိမ်နှင့်၊ အေးချမ်းသည့်စိတ်အစဉ်-မည်သည်ကို
ရွေးချယ်မည်နည်း၊၊ ချမ်းသာမှုကိုရွေးချယ်လျင် အေးချမ်းသည့်စိတ်အစဉ်ကို လက်လွှတ်ရပေမည်၊ အေးချမ်းသည့် စိတ်အစဉ်ကိုရွေးချယ်လျင် ချမ်းသာမှုကို
အနဲနှင့်အများဆိုသလို လက်လွှတ်ရသည်၊၊
မည်သို့ဆိုစေ လူသားသည် မိမိ၏ မူလ စိတ်အခြေခံအလျောက် မိမိရွေးချယ်သည်ကို
မိမိရရှိသည်၊ အချိန်တစ်ခုကိုတော့ စောင့်ရန်လိုသည်၊၊
အရှင်တင်ပြခဲ့သည့် စာတမ်းကို အနှစ်ချုပ်ဆွေးနွေးလျင်-
(1) အပြစ်မြင်စိတ်၊
(2) အပြစ်ပြောလိုစိတ်၊
(3) ဘ၀တွင်ရွေးချယ်မှု၊ ဤသုံးမျိုးကိုတွေ့ရမည် ဖြစ်သည်၊၊
စိတ်အခြေခံအလျောက် ရလာသည့် အကျိုးသက်ရောက်မှုနှင့်၊ ရွေးချယ်မှုအလျောက်
ရရှိသည့်ဘ၀ ပုံစံများကိုလည်း စာတမ်းတွင် တွေ့ရမည်ဖြစ်သည်၊၊
အပြစ်မြင်စိတ်ကို အကောင်းမြင်စိတ်အဖြစ်၊ အပြစ်ပြောလိုစိတ်ကို ချီးမွှန်းပြောလိုစိတ်များအဖြစ် ပြောင်းလဲ ရယူနိုင်ပြီး၊ ရိုးရှင်းသောဘ၀များကို တည်ဆောက်နိုင်ကြမည်ဆိုလျင် လူသားတိုင်း၏ ဘ၀တွင် ငြိမ်းချမ်းမှုကိုတည်ဆောက်နိုင်မည် ဖြစ်ပါသည်၊၊
စာဖတ်သူများ အကောင်းမြင်စိတ်၊
ချီးမွှန်းပြောဆိုလိုစိတ်များဖြင့် အေးငြိမ်းသော ဘ၀၊ ရိုးစင်းသောဘ၀များကို ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးလျက် ……
အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၁၁.၃.၂၀၁၁
Tuesday, March 3, 2015
" အကောင်းမြင်စိတ်နှင့် ရိုးစင်းသောဘ၀ "
Labels:
အဆုံးအမ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment