Friday, March 20, 2015

"အိန်္ဒိယ အစားအစာ ဘာကြောင့် လူကြိုက်များရတယ်"

"အိန်္ဒိယ အစားအစာ ဘာကြောင့် လူကြိုက်များရတယ်"

အိန္ဒိယ အစားအစာသည် ကမ္ဘာ့နိုင်ငံတိုင်းတွင် လူအများကြိုက်နှစ်သက်သော အစားအစာ ဖြစ်သည်။ အိန်္ဒိယ အစားအစာကို လူတွေ ဘာကြောင့် ကြိုက်နှစ်သက်၊ စွဲမက် ကြသနည်းဟု သိပ္ပံပညာရှင်များက လက်တွေ့ သုတေသန ပြုခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းက ဟင်းလျာပေါင်း နှစ်ထောင်ကျော်ကို စနစ်တကျ ဓာတ်ခွဲ သုတေသန ပြုခဲ့ကြခြင်း၏ ရလဒ်အဖြစ် အိန်္ဒိယ ဟင်းလျာများ၏  ထူးခြားချက်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ဟင်းလျာ၏ ထူးခြားချက်က မော်လီကျူး အဆင့်ကစပြီး စကား ပြောနေသည်ကို တွေ့ရသည်။

အနောက်နိုင်ငံ အစားအသောက် များသည် တူညီနီးစပ်သော အရသာများကိုသာ စုစည်း ချက်ပြုတ်ကြကြောင်း တွေ့ရသည်။ ဥပမာ အမဲသားဆိုလျှင် ဘီယာနှင့် တွဲဖက်သည်။ ထိုနှစ်ခုသည် အရသာ ဖွဲ့စည်းပုံချင်း နီးစပ်သည်။ အိန်္ဒိယ ဟင်းလျာများကား ထိုသို့မဟုတ်။ ပျမ်းမျှ အိန်္ဒိယ ဟင်းလျာတစ်ပွဲတွင် အရသာချင်း လုံးဝ ကွဲပြားခြားနားသော အမယ် ခုနစ်မျိုး လောက်ထိ ပါဝင်နေကြောင်း လေ့လာတွေ့ရှိရသည်။

ထိုအခါ စားလိုက်သည့်အခါ မတူညီသော အရသာ အမျိုးမျိုးက လူ၏ အရသာခံ ဦးနှောက် အစိတ်အပိုင်းများကို အများဆုံး ထိုးဆွလှုံ့ဆော်တော့သည်။ လှုံ့ဆော်နိုင်သည့် အရသာက အမျိုးအစား စုံသောကြောင့် လှုံ့ဆော်မှုအားသည်လည်း အားကောင်းလာရာ ဦးနှောက်သည် လှုံ့ဆော်အားကောင်းသည့် အိန်္ဒိယ ဟင်းလျာများကို ပို၍ မှတ်မိ၊ ပို၍ စွဲမက်လာခြင်း ဖြစ်သည်။ သို့ဖြစ်သောကြောင့်ပင် ကမ္ဘာတစ်ဝန်း လူအများသည် အိန်္ဒိယ ဟင်းလျာများကို သဘောကျ ခုံမင်စွာ စားသုံးကြခြင်း ဖြစ်သည်။

အနောက်နိုင်ငံများတွင်သာမက အာရှနိုင်ငံ အများအပြားတွင်လည်း တူညီသော အရသာထွက်သည့် ဟင်းအမယ်များကိုသာ စုပေါင်း ထည့်သွင်း ချက်ပြုတ်တတ်ကြသည်။ အိန်္ဒိယကား ထူးခြားစွာပင် အရသာချင်း လုံးဝထပ်ခြင်း မရှိသော ဟင်းအမယ်များကို စုံနိုင်သမျှ စုံလင်အောင် ချက်ပြုတ်သည့် ဟင်းချက်နည်းကို ပိုင်ဆိုင်ထားသည်ဟု ပညာရှင်များက ဆိုသည်။

လေ့လာ သုတေသနကို ဒေလီမြို့ရှိ အိန်္ဒိယနည်းပညာ သိပ္ပံက ပြုလုပ်ထားခြင်းဖြစ်သည်။ ဟင်းလျာများထဲတွင် ပါဝင်သော ဟင်းအမယ်များ၏ အရသာ ဖြစ်စေသော မော်လီကျူး အဆင့် ဖွဲ့စည်းပုံများကိုပါ ဓာတ်ခွဲ လေ့လာခဲ့ခြင်း ဖြစ်သည်။ ထိုအခါ အိန်္ဒိယ ဟင်းလျာများတွင် အရသာချင်း လုံးဝမထပ်၊ လုံးဝ ဆန့်ကျင်ဖက် ဖြစ်သော မော်လီကျူး အများဆုံးပါဝင်နေကြောင်း တွေ့ခဲ့ရသည်။ ဟင်းတစ်ပွဲတည်းနှင့် အရသာ အစုံကို ခံစားနိုင်သော ဟင်းချက်နည်း ဖြစ်၏။

အိန်္ဒိယ ဟင်းလျာသည် မာဆလာ၊ ငရုတ်သီး တို့ကို အခြားသော အရသာချင်း လုံးဝ ဆက်စပ် နီးစပ်ခြင်း မရှိသော ဟင်းအမယ်များနှင့်ပင် တွဲစပ် ချက်ပြုတ်သည်ကို တွေ့ရှိရကြောင်း စစ်တမ်းက ဆိုသည်။ အခြားသော နိုင်ငံများတွင် အရသာချင်း နီးစပ်သော ဟင်းအမယ်များကို ဟင်းထဲတွင် ပိုမို ပေါင်းစပ် ထည့်သွင်းလေ့ရှိသော်လည်း အိန်္ဒိယတွင်ကား အရသာချင်း နီးစပ်သော ဟင်းအမယ်များ ဟင်းတစ်မျိုးတည်းတွင် တစ်စု တစ်စည်းတည်း တွေ့ရခြင်းမျိုး နည်းပြီး၊ အရသာချင်း လုံးဝခြားနားသော အမယ်များကိုပါ ပိုမိုပေါင်းစု ချက်ပြုတ်လေ့ရှိကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

ကမ္ဘာတစ်ဝန်း ဟင်းချက်စရာ အမယ် (၃၈၁) မျိုးခန့် အနက် အမျိုး (၂၀၀) ထိကို အိန်္ဒိယ ဟင်းများထဲတွင် ပုံစံအမျိုးမျိုးဖြင့် တွေ့ရကြောင်းလည်း စစ်တမ်းက ဆိုသည်။ မတူကွဲပြားသော အရသာထွက်သည့် ဟင်းအမယ်များကို ပေါင်းစပ်ကာ ကွဲပြားသည့် အရသာများကို ဟင်းတစ်ပွဲအတွင်း စည်းချက်ညီထွက်နေအောင် ဖန်တီးနိုင်မှုသည် အိန်္ဒိယ ဟင်းလျာများ၏ အဓိက အနှစ်သာရ ဖြစ်ကြောင်း စစ်တမ်းက ဆိုသည်။


Credit : messenger



lutawlupyaw

No comments:

Post a Comment