Friday, March 20, 2015

" ပြည်ထောင်စုစိတ်ဓာတ် "

" ပြည်ထောင်စုစိတ်ဓာတ် "


ပြည်ထောင်စုစိတ်ဓာတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါတ်သတ်ပြီး စာရေးသူကြားဖူးခဲ့တာက "တိုင်းရင်းသားတွေ ညီအစ်ကိုမောင်နှမရင်းချာကဲ့သို့ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခြင်း" လို့ အဓိပ္ပါယ်ရပါတယ်။"
"တိုင်းရင်းသားများ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခြင်း" ဆိုတဲ့အပိုင်းမှာ ပြဿ နာမရှိပေမယ့် "ညီအစ်ကိုမောင်နှမ ရင်းချာကဲ့သို့" ဆိုတဲ့ အပိုင်းမှာ မေးစရာရှိလာပါတယ်။ ညီအစ်ကိုမောင်နှမရင်းချာဆိုတာ တစ်မိဘထဲက မွေးဖွားလာကြတဲ့ သွေးအရင်းတွေ အဖေ့မျိုးရိုး ၅၀ ရာခိုင်နှုန်းနဲ့ အမေ့မျိုးရိုး ၅၀ ရာခိုင်နှုန်း ဆတူအချိုးက ရောစပ်ပြီး တူညီစွာပါဝင်တယ်ဆိုပြီး ဆေးပညာမှာ ကြားဖူးခဲ့ပါတယ်။ ဟုတ်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းလှူရင်တောင် အဲဒီအနီးဆုံးသွေးချင်းကပဲ လှူ နိုင်တယ် လှူလို့ရတယ်။

အဲဒီလိုသွေးသားတူညီတဲ့ သွေးချင်းတွေရော ငါ့သွေးချင်းပါဆိုပြီး အဲလိုစိတ်ဓာတ်တစ်သက်လုံး အမြဲထားနိုင်ပါ့မလား။ ငါ့ရဲ့ညီအစ်ကိုမောင်နှမ ဒုက္ခရောက်နေလားဆိုတာကို စဉ်းစားပေးတတ်တဲ့ နှလုံးသား အမြဲတမ်းရှိနိုင်ပါ့မလား။ ရှိခဲ့တယ်ဆိုရင် အိမ်ထောင်ရက်သားကျသွားပြီး သူစိမ်းနဲ့ ပေါင်းဖက်သွားပြီး သူစိမ်းရောလာတဲ့အခါကျရင်ရော ဘယ်လိုလဲ။ သူစိမ်းရောလာတဲ့အခါကျတော့ သေလောက်အောင်ချစ်ကြတဲ့ သွေးရင်းတွေ ဘာဖြစ်သွားကြသလဲ။ ဘာဖြစ်သလဲဆိုရင် ကတောက်ကဆဖြစ်တာ၊ ငြူစူတာ၊ အဲဒီကနေတစ်ဆင့်တိုး ပဋိပက္ခ၊ ရန်ကြွင်းရန်စ၊ အဲဒီကနေနောက်ဆုံး ရန်ငြိုး ဒီလိုဆက်တိုက် ဖြစ်လာကြပါတယ်။ အကြောင်းရင်းတွေကတော့
(၁)လူမှုရေးကြောင့်
(၂)အကျိုးစီးပွားကြောင့်
(၃)အထွေထွေကြောင့် ဆိုပြီး ရှိနေတာတွေ့ရတယ်။

ယနေ့လက်ရှိချစ်လှပါရဲ့ဆိုတဲ့ တစ်အူတုံဆင်းတွေကို လက်ကြားဝင်လျှိုတာ အဓိကတရားခံကတော့ အကျိုးစီးပွား အလို့ငှာကြောင့်။ အကျိုးစီးပွားဖက်လာပြီး သူစိမ်းယှဉ်လိုက်တဲ့အခါမှာ သွေးရင်းဆိုတာ ဘယ်နားရောက်မှန်းမသိ ဖြစ်တတ်ကြပါတယ်။ ပုထုစဉ်ဖြစ်တဲ့အလျောက် လောဘ ဒေါသ မောဟတွေရဲ့ စေစားမှုနဲ့အတူ ဘာဖြစ်ရမှ ညာဖြစ်ရမှနဲ့ပေါ့။ ရုပ်ပျက်ဆင်းပျက်အနိုင်ဆုံး လောဘကတော့ မိဘတွေမျက်ကွယ်ပြုချိန်မှာ အဖြစ်ဆုံး အမွေလောဘပါ။ ဘယ်ပရောဂမှမပါဘဲနှင့် အလိုလျောက်ပင် သူ့ထက်ငါ အပြိုင်အဆိုင် ခွဲဝေလိုကြပြီ။ လူကြားမကောင်းပေမယ့် ကမ္ဘာနဲ့အဝန်းမှာ ဖြစ်နေကြတယ်။ အချင်းများ၊ တရားပြိုင်နဲ့ တစ်ခါတစ်ရံ အသက်ပါ အဆစ်ပါသွားကြလေတယ်။ ဒါသွေးရင်းသားရင်းနော် သူစိမ်းမဟုတ်ဘူး။ ကြာရင် မိဘနေမကောင်း ဖြစ်ရုံနဲ့တင် စာချုပ်ပြေးဝယ်သူနဲ့ အချိုးကျခွဲတမ်းတိုင်းတာတဲ့သူနဲ့ အဲလိုအနေအထားအထိ ဖြစ်လာနိုင်ပါတယ်။ ဒါဆိုဒီပြဿနာကို ဘယ်လိုရှင်းကြမလဲ။ နှိုက်နှိုက်ချွတ်ချွတ် စဉ်းစားသုံးသပ်ကြည့်ရင် လူရယ်လိုဖြစ်လာပြီး သိတတ်တဲ့ အရွယ်ကတည်းကစလို့ ခွဲတမ်းချရပါလိမ့်မယ်။ ခြံတစ်ခြံရှိရင်တောင် သားသမီးမွေးလာတဲ့အခါ အိမ်ကို သားသမီးအရေအတွက်အတိုင်း အသေးစားလေးတွေ (လူရိုင်းတဲစုသာသာ) ဆောက်ပြီး ပစ္စည်းလည်း အညီအမျှ ခွဲတမ်းချနေ ကြပေါ့။ အဲလိုမဟုတ်ရင် အဲဒီမိဘဘယ်တော့မှ အသေဖြောင့်မှာမဟုတ်ဘူး။ ဥပဒါန်ကြောင့် လားရာမကောင်းနိုင်ဘူး။ အသေဖြောင့်မှာမဟုတ်ဘူး။ ပြီးရင်အိမ်ထောင်ပြုခါနီး ချစ်လားကြိုက်လားမမေးကြဘဲ အမွေကိစ္စအရင် ဆွေးနွေးကြရပါလိမ့်မယ်။ မမေးမိရင်တော့ ကိုယ်တိုင် လူကြမ်းကြီးလုပ်ပေတော့။ လဲနေသူတက်နင်းပါ၊ အားငယ်သူနိမ့်ချပါ ဆိုတဲ့ စကားပုံကို တစ်နေ့ ၃ ခေါက် ရွတ်ပေတော့။

တကယ်တော့ ကျွန်တော်တို့ဟာ လူတွေပဲဗျာ တိရစ္ဆာန်တွေမှမဟုတ်တာ။ လူနဲ့တိရစ္ဆာန် ဘာကွာသလဲ။ တိရစ္ဆာန်ဆိုတာ အိပ်၊ စား၊ ကာမဆိုတဲ့ အဇ္ဇတ္တသုံးပါးပဲရှိလို့ တြိအဇ္ဇ (ဝါ) တိရစ္ဆာန်ဆိုပြီး ဖြစ်လာတာလေ။ အဲဒီသုံးပါးအတွက် တိရစ္ဆာန်ဟာ အရာရာကို တိုက်ခိုက်ကြတယ်။ ရှက်ဖို့ကောင်းတယ်နော။ ကိုယ့်အတွက် အခွင့်အရေး အများကြီးရှိနေသေးရင် ကိုယ့်ထက်အခွင့်အရေး နည်းသူကို အခိုက်အတန့်တော့ ဦးစားပေးသင့် တာပေါ့။ သူစိမ်းမှမဟုတ်တာ။ ဘယ်သူဘာဖြစ်ဖြစ် ငါ့ဖို့ငါ့အတွက်ဆိုရင်တော့ အဇ္ဇတ္တတစ်ပါးပါး ညိနေတာ သေချာပါပြီ။ မိမိကိုယ်တိုင်သုံးသပ်ဖို့လိုလာပါပြီ။ သုံးသပ်ရာမှာလည်း အသက်အရွယ် ကန့်သတ်ချက်မရှိပါ။ စဉ်းစားတတ်တဲ့အရွယ်ကစလို့ သေခါနီးအထိ သုံးသပ်နိုင်ပါတယ်။ သုံးသပ်လို့အဖြေက ကိုယ်ပဲမှန်နေတယ် ဆိုရင်တော့ တစ်ပါးသူအကြံပြုချက်ရယူပါ။ အကြံပြုသူကလည်း ဦးနှောက်ခေါင်းထဲတွင် ပါဝင်ပါစေ။ တချို့ဦးနှောက်ကို အလကားပေးငှားစားတတ်တဲ့ သူတွေလည်း ရှိတတ်ပါတယ်။ လက်စသတ်လိုက်တော့ 
ဒီလိုပြဿ နာတွေ မဆုံးသရွေ့မကုန်ခမ်းနိုင်သော ရန်ကြွင်းရန်စတွေ မီးပွားလေးတွေ တမြည့်မြည့် အမြစ်တွယ်နေကြဦးမှာပါ။ ဒီတော့ သင်္ချာနည်းနဲ့ ဦးနှောက်ပဲအလုပ်မခိုင်းပဲ တခါတလေ ရင်ဘတ်ရဲ့ဘယ်ဘက်ခြမ်းက လှုပ်နေတဲ့အရာလေးကိုလည်း အလုပ်ပေးကြပါလို့။ ကိုယ်လုပ်တဲ့အရာဟာ သမိုင်းပါ။ သမိုင်းဆိုတာမှန်ရင် ဘယ်တော့မှ ပျောက်ပျက်ရိုးမရှိပါဘူး။ တစ်ဝမ်းထဲကထွက်တဲ့ လူစိတ်လေးများရှိနိုင်ကြရင်းနဲ့ "ညီနောင်ရင်းချာ" စိတ်လေးတွေရှိကြဖို့၊ အဲဒီစိတ်တွေမရှိသေးခင် ပြည်ထောင်စုစိတ်ဓာတ်အတွက် အခြားဥပမာတစ်ခုခုကို ခေတ္တအငှားနဲ့ စွဲယူအသုံးပြုကြဖို့ တိုက်တွန်းရင်းနဲ့ လူ့စိတ်သရုပ်ဖော်ကဏ္ဌကို ဒီနေ့အဖို့ ဒီလောက်နဲ့အဆုံးသတ်လိုက်ရပါတယ်ခင်ဗျား။

အားပေးမှုကိုလေးစားလျက်
ကိုပေါက် (ဥာဏ)



lutawlupyaw

No comments:

Post a Comment