Tuesday, March 10, 2015

" ဆားငန်ရေကိုသောက်မိ၍ ဒုက္ခရောက်ကြသူများ "

" ဆားငန်ရေကိုသောက်မိ၍ ဒုက္ခရောက်ကြသူများ "

ဖွားမြင်သည်ကစ၍ မိဘချစ်ရ၊ ဆွေမျိုးညာတိ ချစ်ရနှင့် ချစ်လက်စတီထွင်ကာ အတော်ကြာလျှင် ကစားဖော်ချင်းချစ်ရ၊ မိတ်ဆွေချင်း ချစ်ရ စသည်ဖြင့် ၀မ်းတွင်းပါ ဓမ္မတာတရားက အချစ်ကိုလမ်း ပြနေသောကြောင့် ရေငတ်ငတ်ရှိ၍ ဆားငန်ရေကို သောက်လိုက်ရာ သောက်ပြီးခါမှ သာ၍ငတ်၊ ငတ်သည့်အတွက် ထပ်၍သောက်၊ သောက်လေငတ်လေ ဖြစ်သကဲ့သို့ ကာမဂုဏ်အာရုံတွေကို ငတ်ငတ်ရှိ၍ လိုက်စားခါမှ သာ၍ငတ်ပြီးလျှင် အပြစ်မမြင်နိုင်ဘဲ ချစ်ပင်လယ်ထဲ၌ ၀ဲလှည့်၍ နေကြရလေတော့သည်။

အချစ် အချစ်၊ ချစ်တိုင်းချစ်၍၊
ချစ်လေချစ်လေ၊ ချစ်မပြေတည်း၊
ဆားငန်ရေနောက်၊ ငတ်တိုင်းသောက်က၊
သောက်လေ သောက်လေ၊ ငတ်မပြေသို့၊
ပေမအရာ၊ တဏှာဖွဲ့ရစ်၊
ထိုအချစ်လည်း၊ အပြစ်မမြင်၊ မဆင်ခြင်ဘဲ၊ ချစ်လျှင်ပျော်နိုး၊ ချစ်စပျိုးသည်၊
ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း၊
(ရှေးပညာရှိပျို့)

ကျွန်တော်သတိထားမိသလောက်တော့ ချစ်သူစုံတွဲ တော်တော်များများ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ကြနဲ့ပဲ လုံးချာလည်လိုက်နေကြပါတယ်။

တကယ်ချစ်ကြပါသည်ဆိုသော အတွဲများပင် စိတ်ညစ်ရလောက်အောင် ပြဿနာတွေ ဖြစ်တတ်သေးသည်။ ဒါကလည်း သောကမှန်သမျှ ချစ်ခြင်းကြောင့် ဖြစ်ရတာပဲဟု ဆိုရပေမည်။ သို့သော်လည်း အတတ်နိုင်ဆုံး ပြဿနာ မဖြစ်ချင်သော စုံတွဲများအဖို့ အဆင်ပြေစေသော နည်းလမ်းများလည်း ရှိပါသည်။ နည်းလမ်းဆိုလို့ တခြားတော့မဟုတ်။ ဓမ္မနဲ့အညီ နေထိုင်ခြင်းပင်။ နှစ်ယောက်စလုံး လိုက်နာမှသာ စိတ်တူကိုယ်တူမှုတွေ များလာပြီး တစ်ယောက်ကို တစ်ယောက် အကောင်းဆုံး နာလည်လာပါမည်။ တစ်ယောက်ယောက်က မလိုက်နာလျှင်တော့ အကျိုးထူးမည် မဟုတ်ပါ။ တရားသဘောလေးတွေ လေ့လာနေခြင်းဖြင့် ရရှိလာမဲ့ အကျိုးကတော့ တစ်ယောက်အပေါ် တစ်ယောက် သစ္စာဖောက်လို စိတ်မရှိတော့ခြင်း၊ သံသယစိတ်များ မရှိခြင်း၊ နားလည်မှု ပိုမိုရှိလာခြင်း စသဖြင့် အများကြီးပါပဲ။

အနာဂါမ်မဖြစ်သရွေ့ သံယောဇဉ် (ခ) အချစ်သည် ကင်းပြတ်နိုင်အုံးမည် မဟုတ်ပေ။ အချစ်နဲ့မကင်းသေးသော ဓမ္မမိတ်ဆွေတို့ကို လက်ဆောင်လေးတစ်ခု ပေးချင်ပါတယ်။ ကိုယ်ချစ်ရသောသူနဲ့ ဘ၀တိုင်း တွေ့ဆုံချင်ပါသလား… တွေ့ဆုံချင်တယ်ဆိုရင်တော့ အောက်ပါလေးချက်နဲ့ ပြည့်စုံရပါမယ်။
သဒ္ဓါ၊
သီလ၊
စာဂ၊
ပညာ … လေးချက်နဲ့ ပြည့်စုံရပါမယ်။ တူညီသော ယုံကြည်မှုရှိခြင်း၊ တူညီသော ကိုယ်ကျင့်တရား ရှိခြင်း၊ တူညီသောပေးကမ်းစွန့်ကြဲမှု ရှိခြင်း၊ တူညီသော ပညာတရားရှိခြင်း ဆိုတဲ့ အချက်လေးချက်နှင့် ပြည့်စုံရပါမည်။

သက်သေသာဓက အနေနဲ့ကတော့ ဘုရားရှင်နှင့် ယသော်ဓရာမိဖုရား၊ နကုလပိတာနှင့် နကုလမာတာ၊ မဟာကဿပကိုယ်တော်မြတ်ကြီးနှင့် မယ်ဘဒ္ဒါ၊ မဟာကပ္ပိနမင်းနှင့် အနော်ဇာ စသဖြင့် အများကြီးပဲ ရှိခဲ့ကြပါတယ်။ အင်မတန်မှ အတုယူအားကျစရာပါ။

အဆင်မပြေဖြစ်နေသူများ၊ အသဲကွဲသူများအတွက်လည်း လက်ဆောင်ပေးချင်ပါသေးတယ်။ ဆရာတော် အရှင်ဆန္ဒာဓိက တရားထဲမှာ မှတ်သားဖူးပါတယ်။ အချစ်ကံခေတာဟာ အနှစ်ကျန်စေဖို့ပါ။ စိတ်မညစ်ချင်ရင်၊ သိပ်မချစ်ပါနဲ့၊ သိပ်ချစ်ရင်၊ စိတ်ညစ်ရပါမယ်။ အသည်း မကျွမ်းချင်ရင်၊မစွဲလမ်းပါနဲ့၊ စွဲလမ်းရင် အသည်းကျွမ်းရမယ်၊ ချစ်စရာတစ်ခုရှိရင်၊ သောက တစ်ခုရှိမယ်၊ ချစ်စရာဆယ်ခုရှိရင်တော့ သောက ဆယ်ခုရှိမှာပါ။ သောကအားလုံးရဲ့ မြစ်ဖျားခံရာဟာ အချစ်မှတစ်ပါး အခြားမရှိပါ။ 

တကယ်တော့ သေချာတွေးကြည့်လေ မှန်လေဆိုတာ သိရမှာပါ။ ဘာပဲလိုချင်လိုချင် ဆင်းရဲရတာပါပဲ။ လိုချင်လျှင် ဆင်းရဲသည်၊ မလိုချင်လျှင် ချမ်းသာသည်။ အလိုမြဲတော့ အမြဲလို၊ အလိုမမြဲ(ကင်း)တော့ အမြဲပို နေတော့တာပါပဲ။ တကယ်တော့ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းက သူတစ်ပါးအပေါ် သွားမှီခိုနေလို့ အခုလို ဖြစ်ရတာပါ။ ပိုင်တယ်ထင်လို့ တောင့်တနေတာပါ၊ ဆိုင်တယ်ထင်လို့ ကြောင့်ကြနေတာပါ။ မပိုင်ဘူးထင်ရင် မတောင့်တပါဘူး၊ မဆိုင်ဘူးထင်ရင် မကြောင့်ကြပါဘူး။ 

ကိုယ့်ကိုယ်တောင်မှ မပိုင်တာ သူများကို သွားပိုင်ချင်ဖို့ ကြိုးစားနေတော့ စစ်မှန်သော ပိုင်ဆိုင်မှု့မျိုး ရမှာမဟုတ်ပါဘူး။ တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ကိုယ်ကြည်နူးသလောက် ကိုယ်ပြန်ခံစားရတာပါ။

အလိုတွေ ရှိနေသမျှ
အလိုက ပြည့်လိမ့်မည်မဟုတ်။
အလိုမရှိတော့မှသာ
အလိုက ပြည့်လိမ့်မည်။
အလိုတွေ ရှိနေသမျှ
အလိုက ကျလိမ့်မည်မဟုတ်။
အလိုမရှိတော့မှသာ
အလိုကကျလိမ့်မည်။
စိတ်ရှိနေသမျှ
စိတ်တိုင်းကျလိမ့်မည်မဟုတ်
စိတ်မရှိတော့မှသာ
စိတ်တိုင်းကျလိမ့်မည်။

အနှစ်ပြန်ချုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ အားလုံးဟာ လူ့ဘ၀ကို အလည်လာတဲ့ ဧည့်သည်တွေပါပဲ။ လူ့ဘ၀ဆိုတာ ရေပွက်ပမာ ဘာမှမကြာပါဘူး။ အဲ့ဒီလို ခဏတာအချိန်လေးအတွင်းမှာ လူလာဖြစ်ရတဲ့အတွက် အကျိုးရှိအောင် အသုံးချစေချင်ပါတယ်။

ချစ်ခြင်း မုန်းခြင်း နှလုံးသွင်းမှာ၊ အချစ်များက အပြစ်များ၍၊ အမုန်းများက အရှုံးပွား၏။ ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍၊ မေတ္တာနှလုံး ကျင့်ကာသုံးသည့်၊ အဖြူစင်ဆုံး ဤကျင့်ထုံးကား၊ အပြစ်လည်းကင်း အရှုံးကင်းမည့်၊ မချစ်မမုန်း အကောင်းဆုံးတည်း။
(မနာပဒါယီ အရှင်ဝိစိတ္တ)

ဆားငန်ရေကိုသောက်မိ၍ ဒုက္ခရောက်ခြင်းဘေးမှ ကင်းဝေးကြပါစေ။

မေတ္တာများစွာဖြင့်……
သုံးဆယ်သား


No comments:

Post a Comment