"ကမ္ဘာ့အကြီးဆုံး ပရဟိတ လုပ်ငန်းကြီး"
ဒေါ်လာ (၄၃ ဒသမ ၅) ဘီလီယံ မတည်ငွေသည် နိုင်ငံတကာ ပရဟိတ လုပ်ငန်းကြီးများအနက် အများဆုံး မတည်ငွေဖြစ်၏။ ငှက်ဖျားအမြစ်ပြုတ် သုတ်သင်ရေး၊ ပိုလီယို အမြစ်ပြတ် တိုက်ဖျက်ရေး၊ တီဘီနှင့် အိပ်ခ်ျ အိုင်ဗွီ ထိန်းချုပ်ရေးတို့သည် အဓိက ပစ်မှတ်များဖြစ်၏။
ကဗ္ဘာ့အကြီးဆုံး ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ကြီး၏ အစကား ဇနီးမောင်နှံနှစ်ယောက်သား ဧည့်ခန်းမှာထိုင်ကာ သတင်းစာဖတ်ရင်း ဖွံ့ဖြိုးဆဲ ဆင်းရဲသော နိုင်ငံများဘက်က ဒုက္ခခံစားရမှုများအကြောင်း သတင်းဆောင်းပါး ဖတ်မိစဉ်က အစပြုသည်။ ခင်ပွန်းဖြစ်သူသည် ထိုဆောင်းပါးကို ဖြတ်ယူကာ ဖခင်ဖြစ်သူ ပရဟိတသမားကြီး ၀ီလျံအိပ်ခ်ျ ဂိတ်စ်ထံ ပေးပို့လိုက်သည်။ ဆောင်းပါး ဖြတ်ပိုင်းနှင့် အတူ ““ဖေဖေ၊ ကျွန်တော်တို့ တစ်ခုခု ကူညီရအောင်လား”” ဟု ပူးတွဲရေးသား လိုက်သည်။
ထိုဆောင်းပါး ဖြတ်ပိုင်းနှင့် ပူးတွဲပေးစာသည် ဘီလ်နှင့် မလင်ဒါဂိတ်စ် ပရဟိတဖောင်ဒေးရှင်းကြီး ဖြစ်ပေါ်လာဖို့ ပထမဆုံး လှေကားထစ်ဟု ဆိုလျှင် မမှား။ ၁၉၉၇ ခုနှစ်က စတင်အားယူကာ နိုင်ငံတကာပရဟိတ လုပ်ငန်းများကို ဘီလ်ဂိတ်စ်နှင့် မလင်ဒါဂိတ်စ်တို့ ဇနီးမောင်နှံ အားထုတ် လုပ်ဆောင် ခဲ့ကြသည်။
၂၀၀၀ ပြည့်နှစ်တွင် ဘီလ်နှင့် မလင်ဒါဂိတ်စ် ဖောင်ဒေးရှင်းကြီးကို စတင် ထူထောင်နိုင်ခဲ့ကြသည်။ ထိုစဉ်မှစကာ ယနေ့ထိတိုင် ဆင်းရဲသော နိုင်ငံများမှ လူအများ၏ ဘ၀များ တိုးတက် ကောင်းမွန်အောင် မြှင့်တင်နိုင်သည့် သန်မာသော လက်နှစ်ချောင်းအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။
သီးသန့် ဖယ်ထားသော မတည်ငွေ ဒေါ်လာ (၄၃ ဒသမ ၅) ဘီလီယံ ရှိပြီး နှစ်စဉ် ပရဟိတ လုပ်ငန်းများအတွက် သုံးစွဲငွေ ဒေါ်လာ သုံးဘီလီယံ ၀န်းကျင် (၂၀၁၄ တွင် ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ) ရှိသည်။ ချမ်းသာသော နိုင်ငံများနှင့် ဆင်းရဲသော နိုင်ငံများကြား ကျန်းမာရေးဝန်ဆောင်မှု ရရှိနှုန်း ကွာဟချက် ကြီးမားနေခြင်းကို လျှော့ချပစ်နိုင်ဖို့ ဖောင်ဒေးရှင်းက ကြိုးပမ်းလျက်ရှိသည်။ လုပ်ရမည့်ပမာဏက ကြီးမားသည့်တိုင် အောင်မြင်နိုင်သော ရည်မှန်းချက်ပန်းတိုင် ဖြစ်ကြောင်း ဖောင်ဒေးရှင်းက ယုံကြည်ထားသည်။ ရည်မှန်းချက် ပန်းတိုင်များအနက် အဓိကပန်းတိုင်များမှာ ငှက်ဖျားနှင့် ပိုလီယိုတိုက်ဖျက်ရေး၊ တီဘီနှင့် အိပ်ခ်ျအိုင်ဗွီ ထိန်းချုပ်ရေး ဖြစ်သည်။
၂၀၀၆ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် ၀ါရင်းဘတ်ဖတ်ပါ ဖောင်ဒေးရှင်းတွင် ပူးပေါင်း ကူညီလာခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဘီလ်ဂိတ်စ်သည် သူဦးဆောင်ထူထောင်ခဲ့သော မိုက်ခရိုဆော့ဖ်ကုမ္ပဏီ အကြီးအကဲအဖြစ်မှ နုတ်ထွက်ကာ ပရဟိ လုပ်ငန်းများအတွက် လုံးဝ အားစိုက်ဆောင်ရွက်ခဲ့သည်။
လက်ရှိအချိန်ထိ ဘီလ်နှင့် မလင်ဒါဂိတ်စ် ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝန်း ကျန်းမာရေး လုပ်ငန်းများအတွက် ရန်ပုံငွေ ဒေါ်လာ (၃၂ ဒသမ ၉) ဘီလီယံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်သည်။ ရောဂါကာကွယ်ရေး၊ ကာကွယ်ဆေး ဖော်ထုတ်ရေး၊ ကုသဆေး ဖော်ထုတ်ရေးပိုင်းများတွင် အဓိက အားစိုက် ကူညီလျက်ရှိသည်။
ဘီလ်နှင့် မလင်ဒါဂိတ်စ် ဖောင်ဒေးရှင်း ဟူ၍ ဖြစ်ပေါ်လာသည့် ၂၀၀၀ ပြည့်နှစ်မှစတွက်လျှင် ဖောင်ဒေးရှင်း၏ အားထုတ်ကူညီမှု တစ်စိတ်တစ်ပိုင်းကြောင့် နိုင်ငံ လေးနိုင်ငံတွင် ငှက်ဖျားကိုအမြစ်ပြုတ် သုတ်သင်နိုင်ခဲ့ပြီ ဖြစ်သည်။ ငှက်ဖျားကြောင့် သေဆုံးနှုန်းသည်လည်း (၄၂) ရာခိုင်နှုန်းထိ သိသိသာသာ ကျဆင်းလာပြီ ဖြစ်သည်။ လက်ရှိ မျိုးဆက်အတွင်းမှာပင် ငှက်ဖျားကို အမြစ်ပြုတ် သုတ်သင်နိုင်ရမည်ဟု ဘီလ်က ၂၀၁၄ ခုနှစ်တွင် ကြုံးဝါးထားသည်။
အိန်္ဒိယအစိုးရ၊ ဂိတ်စ် ဖောင်ဒေးရှင်းနှင့် Rotary International အဖွဲ့တို့ အားစိုက် ပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၀၁၄ တွင် အိန်္ဒိယသည် ပိုလီယိုကင်းစင်သော နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့သည်။ ပိုလီယိုတိုက်ဖျက်ရေး လှုပ်ရှားမှုအဖြစ် အိန်္ဒိယတစ်ဝန်း ပိုလီယိုဆေး တိုက်ကျွေးသူ နှစ်သန်းထိ ခန့်ထားကာ တစ်ပြိုင်တည်း ဆေးတိုက်ကျွေးရေးများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြသည်။
၂၀၁၄ မရောက်မီ ငါးနှစ်အလိုခန့်အထိ အိန်္ဒိယသည် ကမ္ဘာ့ပိုလီယို ဖြစ်ပွားသူ ထက်ဝက်နီးပါး ရှိနေသောနိုင်ငံအဖြစ် ရပ်တည်ခဲ့ရသည်။
““အိန်္ဒိယမှာ ပိုလီယို ကင်းစင်သွားအောင် ကြိုးပမ်းနိုင်ခဲ့တာလောက် ကမ္ဘာလုံးချီ ကျန်းမာရေး အောင်မြင်မှုရတာမျိုး ကျွန်တော့်တစ်သက်နဲ့ တစ်ကိုယ် မကြုံဖူးသေးပါ”” ဟု ဘီလ်ဂိတ်စ်က ပြောသည်။
ဂိတ်စ် ဖောင်ဒေးရှင်းသည် ၂၀၁၈ တွင် ပိုလီယိုကို ကမ္ဘာမြေပေါ်က အမြစ်ပြတ် နှိမ်နင်းနိုင်ဖို့ ရည်မှန်းချက် ချထားသည်။ ဖောင်ဒေးရှင်းသည် ကျန်းမာရေး ကိစ္စများကို အဓိက ပစ်မှတ်ထား ဆောင်ရွက်လျက် ရှိသလို၊ ဘီလ် ဂိတ်သည် ရာသီဥတု ပြောင်းလဲမှု ထိန်းချုပ်ရေးနှင့် ပြည့်မြဲ အစိမ်းရောင် စွမ်းအင်ဖွံ့ဖြိုးရေးကိုလည်း သီးသန့် တစ်ကိုယ်တော် ရည်မှန်းချက်အဖြစ် အားထုတ်ဆောင်ရွက် နေပြန်သည်။
ဖောင်ဒေးရှင်း၏ ၂၀၁၅ ခုနှစ်ထုတ် နှစ်ဦး အစီရင်ခံစာတွင်လည်း ရာသီဥတု ပြောင်းလဲမှုအရေးသည် ဖောင်ဒေးရှင်းက ကြိုးပမ်း ထူထောင်ထားခဲ့ရသမျှ ကောင်းသော တိုးတက်မှုအားလုံးကို ဖျက်ဆီး ပစ်လိုက်နိုင်ကြောင်း သတိပေး ဖော်ပြထားသည်။
““ရာသီဥတု ပြောင်းလဲမှုဟာ ဂိတ်စ် ဖောင်ဒေးရှင်းက ကြိုးပမ်းထူထောင်ထားခဲ့သမျှ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို နောက်ပြန် လှည့်သွားအောင် လုပ်ပစ်နိုင်မလားဆိုတဲ့ မေးခွန်း မေးစရာ ရှိလာပါတယ်။ ရာသီဥတုပြောင်းလဲမှုရဲ့ ရေရှည် ဆိုးကျိုး သက်ရောက်မှုတွေဟာ ဖြည်းဖြည်းချင်းနဲ့ ချဉ်းကပ်လာနေပါပြီ။
ဒါကြောင့် လူသားတွေ အနေနဲ့ ဈေးလည်းချို၊ လိုတဲ့အချိန်လည်းရနိုင်၊ ကာဗွန်ဒိုင် အောက်ဆိုက်ဒ် ထွက်ရှိမှုလည်း သုညမှတ်ထိ ရောက်မယ့် စွမ်းအင်လုပ်ငန်းတွေ မြန်မြန် ဆန်ဆန် ထူထောင်ထားနိုင်ဖို့ လိုအပ်နေပါပြီ”” ဟု အစီရင်ခံစာက တိုက်တွန်းထားသည်။
The messenger
lutawlupyaw
Thursday, March 19, 2015
"ကမ္ဘာ့အကြီးဆုံး ပရဟိတ လုပ်ငန်းကြီး"
Labels:
ဆောင်းပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment