Saturday, March 21, 2015

"ဗိုလ်ချုပ်အောင်ဆန်း သူငယ်ချင်းတစ်ဦးဖြစ်သည့် တောင်ကြီးသား ဦးခန်း အသက်၁၀၀ ပြည့်ပြီ"

"ဗိုလ်ချုပ်အောင်ဆန်း သူငယ်ချင်းတစ်ဦးဖြစ်သည့် တောင်ကြီးသား ဦးခန်း အသက်၁၀၀ ပြည့်ပြီ"

ပင်လုံစာချုပ်ချုပ်ဆိုမှုကို ကိုယ်တိုင်မျက်မြင် ကြုံတွေ့ခဲ့သူ၊ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်းကို ကားမောင်းပို့ပေးခဲ့သူ၊ ဗိုလ်ချုပ်၏ သူငယ်ချင်းတစ်ဦးဖြစ်သူ တောင်ကြီးသား ဦးခန်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်က အသက် (၁၀၀) ပြည့်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဦးခန်းသည် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ် လက်မှတ်ထိုးရန် တောင်ကြီးမှ ပင်လုံသို့အသွား ကိုယ်တိုင် ကားမောင်းကာ လိုက်လံပို့ဆောင်ပေးခဲ့သူ တစ်ဦးဖြစ်ပြီး ပင်လုံစာချုပ်ချုပ်ဆိုမှုကို ကိုယ်တိုင် မျက်မြင်ကြုံခဲ့သူ တစ်ဦးဖြစ်သည်။

တောင်တန်း၊ ပြည်မ မခွဲဘဲ လွတ်လပ်ရေးရယူရန် အရေးပါသည့် ပင်လုံစာချုပ်ချုပ်ဆိုခဲ့မှုနှင့် ပတ်သက်၍ ဦးခန်းက ‘‘ပင်လုံမှာ အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ လုပ်တယ်။ အဲဒီမှာ နိုင်ငံရေး သမားပေါင်းစုံရယ်၊ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးနုတို့၊  ဦးစော တို့ပါတယ်။ နှစ်ပေါင်း ၆၀ ဆိုတော့အကုန်လုံးတော့ မမှတ်မိတော့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူ ရှမ်းစော်ဘွားတွေလည်း တက်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကအတူ လက်တွဲပြီး လွတ်လပ်ရေး ယူဖို့ပဲ ပြောတယ်’’ ဟု ၎င်းတွေ့ကြုံခဲ့ရပုံကို ပြောပြသည်။

လွတ်လပ်ရေးရမည်ဆိုသည်မှာ သေချာပြီဖြစ်သောကြောင့် ပြည်နယ်များ အနေဖြင့်လည်း နောက်မကျန်အောင် အတူလက်တွဲပြီး လွတ်လပ်ရေးယူ ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ကြောင်း  ဦးခန်းက  ဆိုသည်။ ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်းသည်   လွတ်လပ်ရေးရယူရန် အချိန်ဆွဲသည့်  ရှမ်းစော်ဘွားအချို့ကိုလည်း စည်းရုံးခဲ့ကြောင်း ၎င်းကပြောသည်။

‘‘မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တန်းတူတဲ့သူ တစ်ယောက်မှမရှိဘူး’’ ဟု ဦးခန်းက ၎င်း၏အမြင်ကို ပြောသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသား ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သကဲ့သို့ ဖြောင့်မတ်ခြင်း၊ သတ္တိရှိခြင်းနှင့် နိုင်ငံအတွက် မြင့်မြတ်သော
အလုပ်လုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်ဟုလည်း  ပြောကြားသည်။

ဦးခန်းသည် အသက် (၁၀၀) ပြည့်ပြီးသည်အထိ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး လက်ရှိအချိန်တွင် တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်၌ သားသမီးများ နှင့်အတူ နေထိုင်၍ ကားကိုပင် ကိုယ်တိုင်   မောင်းနေဆဲဖြစ်သည်။

၂၀၁၅ သည် ဗိုလ်ချုပ် အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့နှစ်ဖြစ်ပြီး ဗိုလ်ချုပ်မွေးရပ်ဇာတိ နတ်မောက်မြို့ အပါအ၀င် တစ်နိုင်ငံလုံးရှိ မြို့များတွင် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်ပွဲများ ကျင်းပခဲ့သည်။

Credit : 7Day Daily



lutawlupyaw

No comments:

Post a Comment