Tuesday, March 3, 2015

" CT scan အကြောင်း သိကောင်းစရာ "

" CT scan အကြောင်း သိကောင်းစရာ "

CT scan ဆိုတာ သင်ကြားဖူးပါသလား။ CTscanဆိုတာ ဘာလဲ။ ဘယ်လိုနေရာတွေမှာ အသုံးဝင်လဲ။ CT scan ရိုက်ခြင်းက သင့်ကို ဘယ်လိုအချက်အလက်တွေ ပေးနေပါသလဲ။ CT scan အကြောင်းမပြောခင် လူတော်တော်များများသိထားတဲ့ ယေဘုယျအချက်ကို အရင်ပြောပါရစေ။ CT ရိုက်ခြင်းဟာ ဈေးကြီးတယ်။ တခါရိုက်ရင် ဈေးအားဖြင့် သိန်းဂဏန်းလောက်ကုန်ကျတယ်။ မြန်မာနိုင်ငံမှာ ဦးခေါင်းထိခိုက်ဒဏ်ရာရသူ၊ လေဖြတ်သူအများစုအတွက် ရောဂါရှာဖွေဖို့ CT scan ရိုက်ကြတယ်။ အမှန်က ရောဂါရှာဖွေဖို့သာမက ကုသဖို့လည်း CT scan ရိုက်နိုင်ပါတယ်။ 

CT scan ဆိုတာ ဘာလဲ

CT scan (စီတီစကင်န်) ဆိုတာ computerised tomography ရဲ့အတိုကောက် ဖြစ်ပါတယ်။ CT scan ကို CAT(computed axial tomography) scan လို့လည်း ခေါ်ပါတယ်။ အမှန်က X ray ဓာတ်ရောင်ခြည်ကို အသုံးချပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပုံဖော်တာ ဖြစ်ပါတယ်။ သမားရိုးကျ X ray ဓာတ်ရောင်ခြည်ထက် အားသာချက်က soft tissue တွေကိုပါ သိရှိနိုင်တယ်။ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို CT scan ရိုက်နိုင်တယ်။ ရောဂါရှာဖွေဖို့၊ ကုသဖို့အပြင် ရောဂါအနေအထားကို သိရှိနိုင်ဖို့ ရိုက်ကြတယ်။ သွေးကြောပိတ်တာ၊ သွေးယိုတာအပြင် ပုံမမှန်တဲ့ အလုံးအကျိတ်တွေကို ဖော်ပြနိုင်တယ်။ ဖြစ်တဲ့နေရာ၊ အရွယ်အစား ပုံသဏ္ဍာန်ကအစ အတိအကျကို ပုံဖော်ပေးနိုင်တယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေမှာဖြစ်တဲ့ အစိတ်အပိုင်းကိုပါ ရှာဖွေဖော်ထုတ်နိုင်တယ်။ CT scan ရိုက်ခြင်းကြောင့် ရောဂါရှာဖွေရာမှာ မြန်ဆန်လာသလို ကုသခြင်းအတွက် ပိုမိုကောင်းမွန်လာတယ်။ 

CT scan ရိုက်တဲ့အခါ

CT ရိုက်ဖို့ လူနာကလှဲနေရပြီး ဥမင်ပုံအခေါင်းရှိတဲ့ စက်ထဲကို ဝင်ရတယ်။ အထဲရောက်ရင် X ray စက်က ပုံစံအမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးနဲ့ရိုက်ပြီး ကွန်ပျူတာက ပုံဖော်ပြသတယ်။ CT ရိုက်တဲ့စက်ရဲ့ အထဲမှာ X ray source ရှိပြီး တဖက်မှာ လက်ခံပုံဖော်တဲ့ X ray detector ကို ထားတယ်။ CT ရိုက်တဲ့အခါ အိပ်စ်ရေး ရောင်ခြည်ဟာ ဓာတ်မီးအလင်းရောင်လို ဖြာထွက်လာတယ်။ အတွင်းမှာရှိတဲ့ X ray စက်က လှည့်နေစဉ်အတွင်း ပုံရိပ်ပေါင်း ရာနဲ့ချီပြီး ရိုက်ကူးထားတယ်။ ပြီးရင် အခြားတဖက်မှာရှိတဲ့ X ray detector လက်ခံပစ္စည်းကတဆင့် ရလာတဲ့ပုံရိပ်တွေကို ကွန်ပျူတာထံ ပို့ဆောင်ပေးတယ်။ ဒီပုံရိပ်တွေကို စုပေါင်းပြီး ကွန်ပျူတာက ပြည့်စုံတဲ့ ပုံတွေကို ထုတ်ပေးတယ်။

CTရိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ သိပ်သည်းဆ အနည်း၊ အများပေါ်မူတည်ပြီး အဖြူ၊အမဲ၊ မီးခိုးရောင် စသည်ဖြင့် အမျိုးမျိုးပုံပေါ်လာတယ်။ မာတဲ့၊ ကျစ်လစ်တဲ့အပိုင်းကို X-ray မဖောက်နိုင်ဘူး။ ဒါ့ကြောင့် ပုံထွက်လာတဲ့အခါ ဖြူနေတယ်။ အရိုး၊ အရည်ပျစ်၊ ခဲတဲ့အပိုင်းတွေက density သိပ်သည်းဆများလို့ ဖြူနေလိမ့်မယ်။ အရည်ကြည်ရှိတဲ့ ဦးနှောက်အတွင်းဆုံးပိုင်းတွေမှာ သိပ်သည်းဆ (density) နည်းလို့ မဲနေလိမ့်မယ်။ ဦးနှောက်နေရာက သိပ်သည်းမှု အသင့်အတင့်ရှိလို့ မီးခိုးရောင် သန်းနေတယ်။ ဒါ့ပြင် သွေးမရတဲ့အပိုင်းက သိပ်သည်းဆနည်းလို့ မဲနေပြီး သွေးယိုတဲ့အပိုင်းက သိပ်သည်းဆပိုများလို့ ဖြူနေတတ်တယ်။

CT ရိုက်မယ်ဆိုရင် သတိပြုစရာတွေ ရှိသေးတယ်။
၁။မရိုက်ခင် လူနာဝတ်စုံ လဲလှယ်ဝတ်ဆင်ပြီးမှ ရိုက်ရတယ်။ 
၂။ဝတ်ဆင်ထားတဲ့ သတ္တုပစ္စည်းမှန်သမျှ ချွတ်ထားရတယ်။ (မျက်မှန်၊ လက်ဝတ်လက်စား၊ ကလစ်၊ သွားတု စသည်ဖြင့် ချွတ်ထားရတယ်)
၃။CT ရိုက်မယ့်ကုတင်မှာ အိပ်စက်အနားယူပြီး လှုပ်ရှားမှု မရှိစေရဘူး။
၎။လူနာက ကလေးဖြစ်ရင် စိတ်ငြိမ်ဆေး (ဒိုင်ယာဇီပန်) လို တခါတည်းယူထားရတယ်။ ကလေးဆိုတာမျိုးက ငယ်လွန်းရင် အငြိမ်မနေတတ်ဘူး။ ဒီလို ကလေးတွေမှာ ဒိုင်ယာဇီပန်ကို စအိုကတဆင့် ပိုက်သေးလေးနဲ့ သွင်းပေးရတယ်။ လူကြီးတွေအတွက် ထိုးဆေး ထိုးပေးနိုင်တယ်။
၅။တချို့လူနာတွေအတွက် သွေးကြောထဲထိုးထည့်ရတဲ့ dye (ဆိုးဆေး) တမျိုးကို မရိုက်ခင် အကြောဆေး အရင်ထည့်ပေးရတယ်။ သတိပြုရမှာက အိုင်အိုဒင်းမတဲ့သူ၊ ပင်လည်စာမတဲ့သူတွေမှာ ဆေးတည့် မတည့် ဂရုစိုက်ရတယ်။ dye က ကျောက်ကပ်ကို ပျက်ဆီးနိုင်တယ်။
၆။ရိုက်နေချိန်တွင်း ငြိမ်ငြိမ်လေးပဲ နေပေးသင့်တယ်။ ရိုက်တဲ့အပိုင်းကို လှုပ်ရှားမှုမလုပ်သင့်ဘူး။ 
၇။ဓာတ်မှန်ရိုက်တဲ့စဉ် လူနာလှဲနေတဲ့ကုတင်က နည်းနည်းချင်း လှုပ်နေတာ ခံစားရမယ်။
၈။စက်ရိုက်နေစဉ် စကင်ဖတ်တဲ့အသံတွေ ကြားနေရမယ်။
၉။ဓာတ်မှန် ရိုက်တဲ့အခန်းမှာ လူနာတယောက်ထဲ ရှိတာကြောင့် ပြင်ပနဲ့ ဆက်သွယ်ချင်တဲ့အခါ intercom က တဆင့် ဆက်သွယ်နိုင်တယ်။
၁၀။CT ရိုက်ပြီး စစ်ဆေးမှု တခုလုံးက မိနစ်၂၀ နဲ့ တနာရီအတွင်းပဲ ကြာတတ်တယ်။ ရိုက်တဲ့ အစိတ်အပိုင်းပေါ် မူတည်ပြီး အချိန်ကြာနိုင်တယ်။

အားသာချက်

CT scan ရဲ့ အားသာချက်က စစ်ဆေးနေစဉ် နာကျင်မှုမရှိဘူး။ ဘေးထွက်ဆိုးကျိုးနည်းတယ်။ X-ray ပုံရိပ်အမျိုးမျိုးကို စက်က အလျားလိုက် (သို့) ဒေါင်လိုက် ပါးပါးလှီးဖြတ်ထားသလို ပြသနိုင်တယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေ (အရိုး၊ တစ်ရှူး၊ သွေးကြော၊ ကိုယ်တွင်းအင်္ဂါ) ရဲ့ အခြေအနေကို အတွင်းပိုင်းထိ ကန့်လန့်ဖြတ် ပုံဖော်သိရှိနိုင်တယ်။ ဒါ့ပြင် ကျူမာကျိတ်၊ ကင်ဆာကျိတ်၊ ပြည်တည်နာ၊ အဆီကျိတ်အပြင် သွေးကြောပိတ်တာ၊ သွေးယိုတာ စတဲ့ ပုံမမှန်တဲ့ အနေအထားတွေကို မြင်တွေ့ရတယ်။ နောက်ပိုင်း စက်တွေမှာ ကာလာစုံအရောင်တွေနဲ့ ပုံဖော်လာနိုင်သလို 3D (3 dimension) ပုံရိပ်တွေထိ ပြသပုံဖော်လာနိုင်တယ်။ ဒီအချက်တွေကြောင့် ကုသတဲ့နေရာမှာ လွယ်ကူမြန်ဆန်ပြီး ထိထိရောက်ရောက် ကုသပေးနိုင်တယ်။

အားနည်းချက်

CT scan ရိုက်ခြင်းဟာ ပုံမှန် X ray ထက် ဓာတ်ရောင်ခြည် ပိုသုံးရတယ်။ ရိုက်တဲ့အစိတ်အပိုင်း ပိုများလေ ဓာတ်ရောင်ခြည် ပိုသင့်လေဖြစ်ပါတယ်။ သို့သော် တကြိမ်တခါ ရိုက်ခြင်းဟာ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်လောက်တဲ့ထိ ဓာတ်ရောင်ခြည်မများဘူး။ အသက်ငယ်ရွယ်စဉ် CT ရိုက်ခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ သွေးကင်ဆာ၊ ဦးနှောက်ကျူမာကျိတ် ဖြစ်လာနိုင်ချေရှိတယ်လို့ ယူဆကြတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် အတွင်း CT head ရိုက်သူတွေကို လေ့လာကြည့်တဲ့အခါ ဦးနှောက်ကင်ဆာ ဖြစ်နိုင်ချေဟာ ၁:၁၀၀၀၀ လောက်သာ ရှိတာ တွေ့ရတယ်။ အလွန် ရှားရှားပါးပါး ဆိုပေမယ့် risk ရှိတာကြောင့် မလိုအပ်ဘဲ CT scan ရိုက်ခြင်းမျိုး ရှောင်ရှားသင့်တယ်။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ မလိုအပ်ဘဲ CT မရိုက်သင့်ဘူး။ dye ထိုးထည့်ပြီး ရိုက်ရတဲ့ angiogram မှာ ဆေးမတည့်တာ ရှိနိုင်တယ်။ 

သတိပြုစရာ

သတိထားသင့်တဲ့ အချက်က CT ရိုက်တိုင်း ရောဂါဖြစ်တဲ့နေရာတွေကို အခါခပ်သိမ်း ရှာတွေ့နိုင်မယ်မဟုတ်ဘူး။ ဥပမာ လေဖြတ်စ လူနာတွေမှာ lesion ပြောင်းလဲမှု ရှိချင်မှရှိတယ်။ ဖြစ်တဲ့အစိတ်အပိုင်း သေးလွန်းရင် တွေ့ချင်မှတွေ့တယ်။ ဒါ့ပြင် ဦးနှောက်အခြေမှာရှိတဲ့ brain stem ၊cerebellum လို နေရာတွေမှာဖြစ်ရင် ကောင်းကောင်း ပုံမဖော်နိုင်ဘူး။ လိုအပ်ရင် ပိုကောင်းတဲ့ MRI လို စက်မျိုးသုံးပြီး စစ်ဆေးတယ်။ 

တခြားနိုင်ငံတွေမှာ အလွယ်တကူရိုက်နိုင်တဲ့ CT scan ဟာ မြန်မာနိုင်ငံမှာတော့ အထူးကု ဆေးရုံ၊ ဆေးခန်းတွေမှာသာ ရရှိနိုင်ပါတယ်။ နယ်မြို့တွေမှာ ရိုက်ဖို့မလွယ်ကူဘူး။ နည်းပညာနဲ့ ပညာရှင်ဆိုသူတွေ လိုအပ်တယ်။ ဘယ်လိုဆိုဆို မြန်မာနိုင်ငံမှာ CT scan လို ဓာတ်မှန်အကြီးစားမျိုး ရိုက်လာနိုင်တာဟာ တိုးတက်မှုလို့ သတ်မှတ်နိုင်ပါတယ်။ စက်ပစ္စည်းတွေ တိုးတက်လာတာနဲ့အမျှ ရောဂါရှာဖွေမှုအပိုင်းမှာလည်း ပိုမိုလွယ်ကူလာပါတယ်။ နောက်ပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ စက်အသစ်တွေ၊ နည်းပညာ အသစ်တွေနဲ့ ဆေးပညာ အဆင့်အတန်းလည်း တိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ ယူဆရပါတယ်။

ဒေါက်တာ အေးမင်းထူး
Health Care Journal(21.2.14)


1 comment:

  1. CT Scan က ဘယ် ဆေးခန်းတွေမှာ ရှိပါသလဲ။ သိရင် share ပေးစေလိုပါတယ်

    ReplyDelete