" Facebook မှာ ချစ်ရေးချစ်ရာ အခြေအနေ (Relationship Status) တင်သင့်သလား "
လူမှုကွန်ယက်တွေ ကျယ်ပြန့်လာတာနဲ့အမျှ လူတွေဟာ အရင်ထက်ပို မျက်စိပွင့်၊ နားပွင့်ဖြစ်လာကြတာတော့ အမှန်ပါ။ ဒါပေမယ့် တစ်ဖက်မှာလည်း ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် လူငယ်ရော၊ လူကြီးတွေသာမက အလွှာစုံအသုံးပြုလာကြတဲ့ facebook စာမျက်နှာပေါ်မှာ တင်လာကြတဲ့ပို့စ်အစုံဟာ ပျော်ရွှင်စရာ၊ ကြည်နူးစရာ၊ စိတ်ပျက်စရာ၊ စိတ်မကောင်းစရာ၊ မနာလိုမှုနဲ့ အမုန်း စတဲ့ စိတ်ခံစားချက်တွေ ဖြစ်ပေါ်စေပါတယ်။ ဘာမဟုတ်တဲ့ပို့စ် 'ငါအခု ခေါက်ဆွဲစားနေတယ်' ဆိုတာမျိုး၊ 'မနက်မိုးလင်းကတည်း ချောင်းတွေဆိုးနေတယ်' ဆိုတဲ့ပို့စ်မျိုးတွေဟာ လူစိတ်ဝင်စားမှာ မဟုတ်ပေမယ့် ဟိုလူ့ပြောသလိုလို၊ ဒီလူ့ပြောသလိုလို တင်ထားတဲ့ အတင်းအဖျင်း ပို့စ်တွေကတော့ လူတွေရဲ့အာရုံကို ဆွဲယူနိုင်ပါတယ်။
ဒါဆို ချစ်ရေးချစ်ရာကိစ္စရပ်တွေကရော ဆိုပြီး မေးစရာရှိလာပါတယ်။ လူတွေဟာ ကိုယ့်ချစ်သူနဲ့ရိုက်ထားတဲ့ပုံတွေ ကြည့်ရတာထက် ကွဲတာ၊ လမ်းခွဲလိုက်လို့ ကြေကွဲနေတာကို ပိုမြင်ချင်တတ်ကြပါတယ်။ ချစ်သူနှစ်ဦးအရမ်းချစ်နေလို့၊ အရမ်းပျော်နေလို့ သူတို့နဲ့အတူ လိုက်ပျော်ပေး၊ လိုက်ခံစားပေးတဲ့သူ အနည်းအကျဉ်းလောက်သာ ရှိတတ်ကြပါတယ်။ တစ်ခုသတိထားရမှာက ကိုယ့်ချစ်သူနဲ့ တစ်ချိန်လုံး စတေးတပ်စ်တွေတင်မယ်၊ ပုံတွေတင်မယ်၊ တစ်ယောက် wall မှာ တစ်ယောက်ပို့စ်တွေပေးကြတယ်ဆိုရင် အားလုံးက နှစ်ဦးစလုံးရဲ့အခြေအနေကို တော်တော်လေး သိနေပြီလို့ ပြောလို့ရပါတယ်။
အကြောင်းကြောင်းကြောင့် ချစ်သူနဲ့ လမ်းခွဲရမယ့်အဖြစ် ရောက်လာပြီဆိုပါစို့။ သင်က အရင်က ချစ်ရေးချစ်ရာအခြေအနေ Relationship Status လုပ်ထားပြီး ခုတစ်ယောက်တည်းဖြစ်သွားတဲ့အခါ Single ဆိုပြီး ပြောင်းတင်လိုက်မယ်။ အဲ့ဒီအချိန်မှာ သင်ဟာ မလိုလားအပ်တဲ့ မေးခွန်းတွေ chat box မှာ ဖြေရပါပြီ။ သူငယ်ချင်းအရင်းတွေဆီကတော့ ဖုန်းဆက်မေးမြန်းတာတွေခံရမှာပါ။ Facebook မှာ နည်းနည်းပါးပါး ခင်တဲ့သူတွေကတော့ ဘယ်လိုဖြစ်တာလဲ၊ စိတ်မကောင်းပါဘူး၊ ဘယ်ကနေ ဘယ်လိုစဖြစ်ကြတာလဲ စသဖြင့် သင့်ရဲ့ကိုယ်ရေးကိုယ်တာအထိကို ၀င်ရောက်မေးမြန်းလာကြမှာပါ။ ဒါထုံးစံပါပဲ။ သင်ဟာအစအဆုံး သူတို့ကို ၀င်ရောက်စွက်ဖက်ခွင့် ပေးထားသလိုများ ဖြစ်နေပြီလား။ စဉ်းစားစရာပေါ့။
ကဲ ဒါတွေထားပါဦး။ တကယ်လို့များ ခုနကလို RS တင်ထားရင် Single ပြောင်းတယ်။ အဲ့ဒီနောက် ချစ်သူနဲ့ပြန်အဆင်ပြေသွားလို့ RS ပြန်ချိတ်တယ်။ ဘယ်နှယ့်တုန်း။ အားလုံးက ဒါကို အရင်လိုပြန်ဖြစ်သွားလို့ ကောင်းတယ်၊ ကွန်ဂရက်လို့ ပြန်ပြောပေးကြမယ်။ အဲ့ဒီတော့ နှစ်ဦးသားအဆင်မပြေတော့တဲ့အခါ Single ပြန်ပြောင်းမယ်၊ ဒါမှမဟုတ်လည်း Complicated ဆိုပြီး ပြောင်းမယ်။ ဒီလိုဆို သင်တို့နှစ်ဦးရဲ့ အရှုပ်ထုပ်ကို လူတကာသိစေဖို့ အခါခါ ဖွင့်ထုတ်နေသလိုများ ဖြစ်မနေဘူးလား။ ဒါတင်မကသေးဘူး။ သင်က အရင်ကတစ်ယောက်နဲ့ လုံးဝမဖြစ်နိုင်တော့လို့ နောက်တစ်ယောက်နဲ့ တွဲမယ်ဆိုရင်တောင် တစ်ခါထပ်ပြီး RS ချိတ်ရမယ်။ တကယ်ကို စိတ်ရှုပ်စရာကောင်းလွန်းပါတယ်။
ဒီတော့ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ကိုယ့်စိတ်က ခိုင်မာမှသာ RS ချိတ်ဖို့ ပြောရမှာပါပဲ။ တစ်ခါက နှစ်ခါ ပြောင်းနေတာဟာ သင့်အတွက် လွယ်ကူမယ်လို့ မထင်လိုက်ပါနဲ့။ လူမှုနယ်ပယ်ဆိုတာ သင်ထင်တာထက် ပိုကျယ်ပြန့်ပါတယ်။ ဒါကို ထည့်တွေးပါ။ သင့်သိက္ခာအတွက် သင်စဉ်းစားပြီးမှသာ အရာရာကို ဆုံးဖြတ်လုပ်ဆောင်ပါ။
Credit : Trend Myanmar
Tuesday, March 10, 2015
" Facebook မှာ ချစ်ရေးချစ်ရာ အခြေအနေ (Relationship Status) တင်သင့်သလား "
Labels:
ချစ်မှုရေးရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment