Monday, March 16, 2015

"အအိပ်လွန်လျှင် လေဖြတ်နိုင်"

"အအိပ်လွန်လျှင် လေဖြတ်နိုင်"

လေဖြတ်ခြင်းရောဂါဝေဒနာမဖြစ်မီ ရောဂါလက္ခာဏာကို ရှာဖွေရန်နည်းလမ်းမရှိချေ။ သို့ရာတွင် လေဖြတ်ရောဂါဝေဒနာ ခံစာရဖွယ်ရှိသည်ဟူ၍ ကြိုတင်ခန့်မှန်းနိုင်ရန် ဆရာဝန်များအား အထောက်အကူပြု မည့် သဲလွန်စကိုမူ သုတေသီများက တွေ့ရှိထားသည်။ ယင်းကားအခြားမဟုတ် ညအခါအိပ်သော အချိန်အတိုင်းအတာပင် ဖြစ်သည်။

တစ်ညလျှင် ရှစ်နာရီကျော်သည်အထိ အိပ်သော အသက်ကြီးသူများအနက် ၄၆ ရာခိုင်နှုန်းသည် လေဖြတ်ရန် အလားအလာပိုများသည်ဆိုသည်ကို သုတေသီများ၏ လေ့လာတွေ့ရှိချက်အရ သိရ၏။ သုတေသီများသည် သူတို့၏တွေ့ရှိချက်ကို ဖေဖော်ဝါရီ ၂၅ ရက်ထုတ်ဂျာနယ်တွင် ဖော်ပြထားသည်။ ပိုဆိုးသည်မှာ တစ်ညလျှင် ခြောက်နာရီပြည့်သည်အထိ မအိပ်သူသည် တစ်နေ့လျှင် ခြောက်နာရီမှ ရှစ် နာရီအထိ ပုံမှန်အိပ်သူထက်လေဖြတ်ရန် အလားအလာ လေးဆပိုများခြင်းပင် ဖြစ်သည်။

သုတေသီများ၏ လေ့လာတွေ့ရှိချက်သည် အိပ်စက်ချိန်နှင့် လေဖြတ်ခြင်း ဆက်စပ်မှုရှိသည်ဆိုသည်မှာ ထင်ရှားသည်ဟု ဆိုနိုင်ရန် အထောက်အကူပြုပေလိမ့်မည်။ အိပ်စက်ချိန်နှင့် လေဖြတ်ခြင်း ဆက်စပ်မှုနှင့်ပတ်သက်၍ သုတေသီများက အမျိုးမျိုးလေ့လာခဲ့သည်။ သို့ပင်ဖြစ်သော်လည်း ရလဒ်မှာ တစ်သမတ်တည်း မရှိသေးချေ။

သို့ဖြစ်၍ အင်္ဂလန်ရှိ ကင်းဘရစ်တက္ကသိုလ်နှင့် ဂါဝစ်ခ်တက္ကသိုလ်တို့မှ သုတေသီများက အိပ်စက်ခြင်း နှင့်လေဖြတ်ခြင်း ဆက်စပ်မှုအဖြေကို တိတိကျကျရရှိနိုင်ရန် ကင်ဆာရောဂါကို လေ့လာရာ၌ သတိပေး၍ လေ့လာကြည့်ရှုနေကြသည်။ သူတို့သည် အလားအလာကောင်းသော ဥရောပကင်ဆာ လေ့လာစုံ စမ်းရေးလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည်။ အင်္ဂလန်နိုင်ငံ၊ နော်ဖော့လ်ခ်မှ လူပေါင်း ၉၆၉၂ တို့၏ အချက်အလက်များကို အသုံးပြုခဲ့ကြသည်။ သုတေသီများက ကင်ဆာရောဂါ လေ့လာစုံ စမ်းစစ်ဆေးခြင်းကို ၁၉၉၀ ပြည့်နှစ်များ၌ ပြုလုပ်ခဲ့သည်။ သူတို့၏လေ့လာမှုတွင် ပါဝင်ကူညီရန် စာရင်းပေးခဲ့ကြသည့် လူ ၉၆၉၂ ဦးတို့သည် ထိုစဉ်ကအသက် ၄၀ နှင့် ၇၀ အတွင်းရှိခဲ့ကြသည်။ သူတို့ ၏ပျမ်းမျှအသက်ကွာဟချက်မှာ ၉ ဒသမ ၅ နှစ်ဖြစ်သည်။

တစ်ညတွင် အချိန်မည်မျှအိပ်၍ အိပ်ရာတွင်လည်း နှစ်နှစ်ခြိုက်ခြိုက်ရှိ၊ မရှိဆိုသည်တို့နှင့် ပတ်သက်၍ စေတနာ့ဝန်ထမ်းစမ်းသပ်ခံတို့အား ၁၉၉၈ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်အတွင်း၌လည်းကောင်း၊ ၂၀၀၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း၌လည်းကောင်း မေးမြန်းခဲ့သည်။ သုတေသီတို့သည် ဖွား၊ သေစာရင်းနှင့် ဆေးဝါးဆိုင်ရာ သတင်းအချက်အလက်များကို လေ့လာရှာဖွေစုဆောင်းခဲ့ရာ၌ သက်ဆိုင်သူများ၏ အသက်၊ ပညာအရည်အချင်း ဆေးလိပ်သောက်၊ မသောက်၊ အရက်သောက်၊ မသောက်၊ ခန္ဓာကိုယ် ကြီးထွားမှု အညွှန်းကိန်း၊ သွေးဖိအားနှင့် လေဖြတ်ရောဂါနှင့် ပတ်သက်သော မိသားစုနောက်ခံသမိုင်း တို့ကိုပါ ထည့်သွင်းလေ့လာရှာဖွေစုဆောင်းခဲ့ကြသည်။

စေတနာ့ဝန်ထမ်းစမ်းသပ်ခံ ၉၆၉၂ ဦးတို့အနက် ၃၄၆ ဦးတို့သည် ထိုလေ့လာနေသော ကာလအတွင်း လေဖြတ်ဝေဒနာခံစားရမှု အနည်းဆုံးတစ်ကြိမ်ဖြစ်ခဲ့ကြသည်။ ယင်းတို့အနက် ၆၇ ဦးတို့မှာ လေဖြတ်ခြင်းကို ဆိုးဆိုးရွားရွား ခံစားခဲ့ကြရသည်။ သို့ရာတွင်လေ့လာနေသည့် ကာလအတွင်း လေဖြတ်ခဲ့သူများသည် တစ်သမတ်တည်းဖြစ်ခဲ့ကြသည်မဟုတ်ပေ။ လေဖြတ်နိုင်ခြေရှိသည့် တခြားသောအကြောင်း ခြင်းရာများကို ထိန်းချုပ်ပြီးနောက် တစ်ညလျှင်ရှစ်နာရီကျော်သည်အထိ အိပ်သူများသည် ခြောက်နာရီမှ ရှစ်နာရီအထိ ပုံမှန်အိပ်သူများထက် လေဖြတ်ရန် အလားအလာ ထူးထူးခြားခြားပို၍ရှိသည်ကို တွေ့ရှိခဲ့ကြသည်။

တစ်ညလျှင်ခြောက်နာရီပြည့်သည်အထိပင် မအိပ်သူများသည်လည်း လေဖြတ်ရန်အလားအလာ ပိုများသည်ကို သုတေသီတို့တွေ့ရှိခဲ့ကြသည်။ အအိပ်နည်းသူတို့၏လေဖြတ်နိုင်ခြေမှာ ပုံမှန်အိပ်သူတို့ ၏လေဖြတ်နိုင်ခြေမှာ ပုံမှန်အိပ်သူတို့ထက် ၁၈ ရာခိုင်နှုန်းပို၍ရှိသည်။

အိပ်ချိန်နှင့်လေဖြတ်ခြင်း ဆက်စပ်မှုရှိရာတွင်လည်း အမျိုးသမီးများက အမျိုးသားများထက် အလားအလာ ပိုများသည်ကိုလည်းကောင်း၊ လေဖြတ်လျှင်လည်း ဆိုးဆိုးရွားရွား ဖြစ်သည်ကိုလည်းကောင်း သုတေသီတို့ လေ့လာတွေ့ရှိခဲ့ကြသည်။

စေတနာ့ဝန်ထမ်းစမ်းသပ်ခံများကို အသက်အပိုင်းအခြားအလိုက် လေ့လာစစ်ဆေးကြည့်သောအခါ တစ်ညလျှင်ရှစ်နာရီထက်ပို၍ အိပ်သည့်အသက် ၆၃ နှစ်နှင့်အထက် လူကြီးများတွင်သာ လေဖြတ်ရန် အလားအလာပိုများသည်ကို သုတေသီတို့လေ့လာတွေ့ရှိခဲ့သည်။ တစ်ညလျှင် ခြောက်နာရီပြည့်သည် အထိပင် မအိပ်သူများအနက် လူငယ်များက လူကြီးများထက်ပို၍ လေဖြတ်ရန် အလားအလာများသည်ကိုလည်း သုတေသီတို့ တွေ့ရှိကြသည်။

နောက်ဆုံးတွင် အိပ်ချိန်လျော့နည်းအိပ်သူများသည် ဦးနှောက်သွေးကြော ပိတ်ဆို့သောကြောင့်ဖြစ်သော လေဖြတ်ခြင်း (ischemic stroke) အမျိုးအစားဖြစ်နိုင်ခြေပိုများပြီး အိပ်ချိန်ပိုလွန်၍ အိပ်သူများသည် ဦးနှောက်သွေးကြော ပေါက်၍ဖြစ်သော လေဖြတ်ခြင်း (hemorrhagic stroke) အမျိုးအစားဖြစ်နိုင်ခြေ ပိုများသည်ဆိုသည်ကို သုတေသီတို့ တွေ့ရှိခဲ့ကြသည်။

အိပ်ခြင်းနှင့်လေဖြတ်ခြင်းတို့ မည်သို့မည်ပုံနှင့် မည်မျှဆက်စပ်မှုရှိသည်ဆိုသည်ကို ဆက်လက်၍ လေ့လာရဦးမည်ဖြစ်ကြောင်း သုတေသီတို့က ဆိုသည်။

Credit : Democracy Today Daily



lutawlupyaw

No comments:

Post a Comment