Thursday, March 19, 2015

"အွန်လိုင်းပေါ်မှာ ဖူးစာရှာသူများ သိကောင်းစရာ"

"အွန်လိုင်းပေါ်မှာ ဖူးစာရှာသူများ သိကောင်းစရာ"

အွန်လိုင်းပေါ်မှာ ဖူးစာရှာဖို့ တွေးနေပါသလား။ စိတ်ကူးကောင်းတစ်ခုပါပဲ။ အမေရိကန်လူမျိုးပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းလောက်ဟာ ဒီနည်းနဲ့ပဲ အတွဲချိန်းတဲ့အလေ့ကို ပြုလုပ်နေကြပါတယ်။ နှစ်စဉ်တစ်နှစ်ကို ၂၈၀၀၀၀ ထက်မနည်းတဲ့ လူဦးရေတွေဟာလဲ အွန်လိုင်းကနေပဲ တွေ့ဆုံပြီး လက်ထပ်ဖြစ်သွားကြပါတယ်။ ယူကေရဲ့ သတင်းပေးပို့ချက်အရ အတွဲတွေရဲ့ ငါးပုံတစ်ပုံနှုန်းလောက်ဟာ အွန်လိုင်းကနေ စသိခဲ့ကြသူတွေပါတဲ့။

(၁) Match လို site မျိုးမှာရှာဖွေပါ။ ဘယ်လိုလူမျိုးကို သင် တွေ့နိုင်သလဲဆိုတာ အရင် ဆုံးဖြတ်ပါ။ နောက်တစ်ချက်အနေနဲ့ တွေ့ဖို့အဆင်ပြေနိုင်မယ့် ဒေသတူတဲ့လူမျိုးကို ဦးစားပေးပါ။ ကိုယ်တတ်နိုင်မယ့် ကုန်ကျစရိတ်ကိုလဲ တွက်ချက်ပါ။

(၂) ရိုးသားမှုနဲ့ ခိုင်မာအောင်တည်ဆောက်ပါ။ လိမ်ညာတာတွေကို ရှောင်ရှားပြီးတော့ သင့်ရဲ့ အသက်၊ ဆွေမျိုးအသိုင်းအ၀ိုင်း၊ အလေ့အကျင့် စတဲ့ သိသင့်တဲ့ အခြေခံအချက်တွေကို အမှန်အတိုင်းပြောပါ။ ဒါပေမယ့် အလွန်အတွင်းရေးကျတဲ့ အချက်တွေကိုတော့ တကယ်မရင်းနှီးသေးတဲ့အချိန်မှာ မပြောပါနဲ့။ ကြည့်ကောင်းမဲ့ ဓါတ်ပုံအချို့ပို့ပေးပါ။ လက်ရှိအချိန်နဲ့ တပြေးညီရိုက်ထားတဲ့ပုံမျိုးဖြစ်ဖို့လိုပြီး လိင် ကိစ္စ အသားပေးတဲ့ပုံမျိုးကို ရှောင်ကျဉ်ပါ။

(၃) ပြောသမျှကိုမယုံပါနဲ့။ အွန်လိုင်း တွေ့ဆုံမှုဆိုတာ သင့်ဘက်က ရိုးသားခဲ့ရင်တောင် သူ့ဘက်က မရိုးသားမှု၊ မုသား တစ်စုံတစ်ရာ ရှိနေတတ်ပါတယ်။ တခြား မဟုတ်တောင် အနည်းဆုံးတော့ သူတို့ရဲ့ အလှဆုံးဓါတ်ပုံတွေရွေးပေးတာမျိုး၊ အသက်လိမ်ထားတာမျိုးနဲ့ အလေးချိန်ကို ဖုံးကွယ်ထားတာမျိုးတွေ ရှိတတ်ပါတယ်။

(၄)အခြား ခေတ်ပေါ်နည်းပညာတွေလိုမျိုးပဲ အွန်လိုင်းတွေ့ဆုံမှုမှာလဲ မကောင်းတဲ့ အချက်တွေရှိပါတယ်။ အဲဒီထဲကမှ အဆိုးဆုံးကတော့ အကျိုးအမြတ်တစ်စုံတစ်ရာ ရအောင် လိမ်လည်တာပါပဲ။ အပြည်ပြည်ဆိုင်ရာ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး အကျိုးအမြတ်ရရှိစေရန် ..ဘာ .. ညာ စသည်ဖြင့် site တစ်ခုခုကနေပြီး (အထူးသဖြင့် အခြားနိုင်ငံတစ်ခုကနေ) တစ်စုံတစ်ယောက်ကများ သူ့ကို ပိုက်ဆံပို့ဖို့ ပြောလာရင်တော့ ဝေးဝေးကရှောင်ပါ။

(၅) သူငယ်ချင်းနဲ့ မိသားစုက သင့်လူကို မစီစစ်ပေးနိုင်တာမျိုး၊ ဒါမှမဟုတ် သင်သိတဲ့ အသိုင်းအ၀ိုင်းထဲကမဟုတ်ဘူးဆိုရင်တော့ မပတ်သက်ခင် အရင်ဆုံး စုံထောက်တစ်ယောက်လိုမျိုးတော့ လုပ်ဆောင်ရပါလိမ့်မယ်။ မှုခင်းမှတ်တမ်း ရှိမရှိ သူ့ရဲ့ ကိုယ်ရေး ရာဇ၀င်ကို google မှာ စုံစမ်းတာမျိုး ၊ နီးစပ်ရာ အသိုင်းအ၀ိုင်းမှာ လိုက်ပြီး စနည်းနာတာမျိုးတော့ ပြုလုပ်သင့်ပါတယ်။

(၆) နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ ပထမဆုံး အပြင်မှာ တွေ့ကြတော့မယ်ဆိုရင် အများပြည်သူ သွားလာလှုပ်ရှားနေတဲ့ နေရာမျိုးမှာ ချိန်းဖြစ်အောင် ကြိုးစားပါ။ သင်သွားတွေ့မယ့်နေရာနဲ့ အချိန်ကို သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင် တစ်ဦးဦးကို အသိပေးသွားပါ။ ဖုန်းကိုအသင့်ဆောင်ထားပါ။ တစ်ခုခုမသင်္ကာဘူုးလို့ ခံစားရရင် ချက်ချင်းထွက်လာခဲ့ပါ။

အခုပြောတဲ့အချက်အလက်လေးတွေကို လက်ခံခဲ့မယ်ဆိုရင်တော့ သင့်ရဲ့ အွန်လိုင်း တွေ့ဆုံမှုနဲ့ ဖူးစာဖက်ရှာခြင်းဟာ မှန်ကန်ပြီး အန္တရာယ်ကင်းတဲ့ လုပ်ဆောင်မှုတစ်ခု ဖြစ်လာမှာပါ။


Credit : Trend Myanmar



lutawlupyaw

No comments:

Post a Comment