"အမျိုးသမီးတွေရဲ့ဝင်ငွေက သူတို့ရဲ့ ချစ်သူကောင်လေးတွေရဲ့ ဝင်ငွေထက် ပိုများနေရင်"
“ကျွန်မဟာ လုပ်ငန်းခွင်မှာအောင်မြင်မှုတွေကို ကျွန်မရဲ့ ချစ်သူကောင်လေးထက် ပိုမိုရရှိနေပါတယ်။ နောက်ပြီး ဝင်ငွေကိုလည်း ကျွန်မရဲ့ ချစ်သူကောင်လေးထက် ပိုပြီးရှာဖွေနိုင်ပါတယ်။ ဒါတွေက သူ့ရဲ့ အတ္တမာနကို ထိခိုက်စေမှန်းသိပါတယ်။ ဒီတော့ ကျွန်မချစ်သူကောင်လေးရဲ့ မာနကို မထိခိုက်အောင် ဘယ်လိုပုံစံမျိုး နေရမလဲ။” ဆိုတဲ့ အခြေအနေမျိုးတွေ အပြင်လောကမှာ အများကြီးပါ။ ဒီလို အခြေအနေမျိုး ကြုံလာပြီဆိုရင် ချစ်သူရည်းစားတွေကြား အထင်အမြင်တွေ၊ နားလည်မှုတွေ လွဲမှားလာတတ်ကြတာကြောင့် ဒီပြဿနာကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံပေးချင်ပါတယ်။
ပထမဆုံးအနေနဲ့ ပြောရရင် ကိုယ်က မိန်းကလေးဖြစ်နေလျက်နဲ့ ဝင်ငွေက ကိုယ့်ချစ်သူထက် များပြီး လုပ်ငန်းခွင်မှာ အောင်မြင်မှုရနေတာတွေက သင့်အတွက် အရမ်းကောင်းတာပေါ့။ ဒါက အတ္တကြီးနေတတ်တဲ့ ယောက်ျားတွေကို ပါးစပ်အဟောင်းသားနဲ့  ကိုယ့်ကို ပြန်ငေးမောပြီး၊ အထင်သေး နှိမ့်ချတာမျိုး မရှိစေနိုင်တော့ပါဘူး။ သင်ဟာ သင်ရဲ့ ချစ်သူရည်းစား ဒါမှမဟုတ် ဘဝလက်တွဲဖော်ထက် ပိုက်ဆံပိုရှာနိုင်တယ် ဆိုတာ မှန်ကန်တဲ့ အလုပ်တစ်ခုကို လုပ်နေတာပါပဲ။ ဒါက ကိုယ့်ကြိုးစားအားထုတ်မှုတွေကို အသိမှတ်ပြု လက်ခံလို့ ရရှိလာတဲ့ ဆုလာဘ်တစ်ခုပါပဲ။ ဒီတော့ ဘာမှ ကြောက်နေစရာ အကြောင်းမရှိပါဘူး။ ဂုဏ်ယူလိုက်ပါ။ ဒါပေမယ့် ကိုယ့်ချစ်သူကောင်လေးရဲ့ ယောက်ျားမာနတွေကိုတော့ မရိုက်ချိုးမိစေပါနဲ့။
သင့်ရဲ့ ချစ်သူကောင်လေးနဲ့ အပြင်သွားတာတို့ မုန့်စားတာတို့ ဆိုရင် “ကျွန်မပေးလိုက်ပါမယ်၊ ကျွန်မရှင်းလိုက်ပါမယ်” ဆိုတာကို လျှော့ပြောပါ။ တကယ်ကိုအဆင်မပြေတဲ့ အခါမျိုးမှသာ ဒီလိုပြောပြီး ကျသင့်သလောက်ရှင်းပေးလိုက်ပါ။ မဟုတ်ရင် သင့်ချစ်သူ ကောင်လေးက ယောင်္ကျားမာနအရ သူမတတ်နိုင်ပါလား၊ မလုပ်ပေးနိုင်ပါလားဆိုတဲ့ သိမ်ငယ်စိတ်ဝင်သွားပြီး ကြာရင် ဒီလိုချစ်သူရည်းစားဘဝကို စွန့်လွှတ်ချင်တာမျိုးတွေ ဖြစ်နိုင်စေပါတယ်။ သေချာတာကတော့ ဒီလိုလုပ်ခြင်းတွေက သူ့အတွက် သက်တောင့်သက်သာ ဖြစ်စေမှာ မဟုတ်ပါဘူး။
တကယ်လို့ သင်က အပျော်ခရီးထွက်ဖို့ အစီအစဉ်တစ်ခုကို ဦးစီးဆွဲထားပြီး သင့်ချစ်သူကောင်လေးက ဒီအစီအစဉ်ကို သူဘက်က ငွေကြေးမတတ်နိုင်လို့ ဒီအစီအစဉ်ကို ဖျက်သိမ်းမယ်ဆိုရင် ကိုယ့်ဘက်က အပြောလေးတစ်မျိုးပြောင်းပြီး ခေါ်ကြည့်လိုက်ပါ။ “ကျွန်မမှာပိုက်ဆံရှိတယ်၊ လိုက်ခဲ့ပါ။” လို့ ခေါ်မယ့်အစား၊ အပြောချိုချိုလေးနဲ့ သူ့မာနကိုပါ မထိခိုက်စေမယ့် စကားမျိုးပြောပြီးစည်းရုံးပါ။ တစ်ခုခုဆိုရင် ကိုယ်ကိုယ်တိုင် လုပ်နိုင်ရင်တောင်မှ သင့်ချစ်သူကောင်လေးကို အားကိုးတဲ့ ပုံစံမျိုးနဲ့ လုပ်ခိုင်းပါ။ ဒါမှ ကိုယ်က သူ့ကို အားကိုးနေပါသေးတယ် ဆိုတဲ့အသိနဲ့ သူ့မှာသိမ်ငယ်တဲ့စိတ်တွေ ဝင်တော့မှာ မဟုတ်ပါဘူး။
“မိန်းမမာယာသဲကိုးဖြာ” တဲ့ မာယာတွေကို ဒီလိုနေရာမျိုးမှာ အသုံးပြုလိုက်ရင် ဝင်ငွေပိုကောင်းနေတဲ့ သင်နဲ့ မာနကြီးပြီး သိမ်ငယ်တတ်တဲ့ သင့်ချစ်သူတို့ရဲ့ ချစ်သူရည်းစား ဘဝကလည်း ပိုပြီးသာယာလာနိုင်မှာပါ။
Credit : Trend Myanmar
lutawlupyaw
No comments:
Post a Comment