မြန်မာ့နိုင်ငံရေးကိုကြည့်ရတာ ရွှေဘ တော်တော်စိတ်ပျက်တယ်။ နိုင်ငံရေးဆိုတာထက် နိုင်ငံရေးသမားတွေကို လို့ ပြောရင်ပိုမှန်လိမ့်မယ်။ ဘာလို့ဆိုတော့ သူတို့ခေါင်းထဲမှာ တစ်နေ့တစ်နေ့ ဘယ်နေရာမှာဆန္ဒပြရမလဲ၊ ဘယ်နေရာမှာ ဆူဆူပူပူဖြစ်အောင်လုပ်ရမလဲ၊ ဘယ်နေရာမှာ လူထု လှုံ့ဆော်တာတွေဖန်တီးရမလဲလို့ပဲ အချိန်ပြည့် စဉ်းစားနေကြတယ်လို့ ထင်တာပါပဲ။
ရွှေဘတို့နိုင်ငံမှာကတော့ ဟုတ်သည်မဟုတ်သည် အသာထား လမ်းပေါ်ထွက်ဖို့ကအဓိကဆိုတဲ့ မူဝါဒကို နိုင်ငံရေးသမားတွေ တော်တော်လေး ခံယူထားကြပုံ ရပါတယ်။ ပါးစပ်ကပြောလိုက်ရင်တော့ ဒီမိုကရေစီဆိုတာ တစ်ပြားမှမလျှော့၊ နှိုင်းလိုက်ရင် အမေရိကန်လိုဒီမိုကရေစီဘိုးအေ၊ လုပ်လိုက်ရင်တော့ ဟေးလားဝါးလားနဲ့ ပြီးသွားကြတာချည်း ဖြစ်နေတာကိုမြင်နေရတယ်။ အခု ဒီမိုကရေစီပညာရေးသပိတ်ကိုပဲကြည့်ပါ။ ညှိမရ နှိုင်းမရနဲ့ လမ်းပေါ်ကနေကိုမဆင်းချင်တဲ့ အကျင့်ဆိုးကြောင့် မဖြစ်သင့်တာတွေဖြစ်ရ၊ ဟော..ဖြစ်ပြီးတော့လဲ Black Campaign ဆိုလားဘာလား ဆုတောင်းပွဲတွေလုပ်ကြ၊ တစ်ခါအော်ကြဟစ်ကြ၊ အခု အဖြူရောင်လက်ပတ် လှုပ်ရှားမှုဆို တစ်ခါလုပ်လာပြန်တာ တွေ့ရနဲ့ ရွှေဘလည်း မြန်မာ့နိုင်ငံရေးသမားတွေကို ကြည့်ပြီး တော်တော် တရားရနေပါပြီ။
သူတို့စိတ်ထဲမှာ လမ်းပေါ်ထွက်မှ ဒီမိုကရေစီလို့ ထင်နေကြပုံရတယ်။ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ဝေဖန်ပိုင်းခြားနိုင်ခွင့်ဆိုတာ ဒီမိုကရေစီရဲ့အနှစ်သာရဆိုပေမယ့် သူတို့စိတ်ထဲမှာတော့ စည်းကမ်းဆိုတာ ဘာမှန်းသိပုံမရပါဘူး။ အခုလည်း အဖြူရောင်လက်ပတ် လှုပ်ရှားမှုဆိုပြီး ဘယ်ကရမှန်းမသိတဲ့ ပိုက်ဆံတွေနဲ့ လက်ပတ်တွေကို သောင်းနဲ့ချီပြီးလုပ်၊ မြို့နယ် ၁၉ မြို့နယ်မှာ လက်ပတ်တွေကိုင်ပြီး တွေ့တဲ့လူ လက်မောင်းမှာ လိုက်ပတ်ပေးနေကြပြန်ပါတယ်။
အဲဒီအဖြူရောင်လက်ပတ်တွေပတ်လိုက်တာနဲ့ ဒီမိုကရေစီပညာရေးကြီး ရရောလားလို့ မေးချင်ပါတယ်။ အလကားနေရင်း အထိမ်းမှတ်တွေလုပ်၊ နှစ်ပါတ်လည်လုပ်၊ ဘာမှလုပ်စရာမရှိရင် အောက်မေ့တမ်းတခြင်းတွေ လုပ်တတ်ကြတဲ့ ရွှေဘတို့နိုင်ငံက လူ့အခွင့်ရေးသမားတွေ အတွက်တော့ ကျောင်းသားသပိတ်က မပြီးနိုင်မစီးနိုင် ဈေးကွက်ကြီးကို ဖြစ်နေသပေါ့။
အဲဒီ အဖြူရောင်လက်ပတ်လှုပ်ရှားမှုကို လုပ်မယ့်အစား ရန်ကုန်တစ်မြို့လုံးမှာ အမှိုက်လိုက်ကောက်ရင်တောင် တော်တော်လေးစားစရာကောင်းလှပါတယ်။ ရန်ကုန်မှာလည်း အမှိုက် တော်တော်ပြောင်သွားပါလိမ့်မယ်။ အခုလို တိုင်းပြည်အတွက်လည်းအကျိုးမပြု၊ ဘယ်သူ့ကိုမှလဲအကျိုးမပြုပဲ ထလုပ်တဲ့ အဖြူရောင်လက်ပတ် လှုပ်ရှားမှု ဆိုတာကတော့ ရွှေဘစိတ်ထဲမှာ အလုပ်မရှိကြောင်ရေချိုး၊ ဘဲဥအစရှာ၊ ချစ်တီးခေါင်းသန်းတုတ်တဲ့ ဝေလေလေ အလုပ်လို့ပဲ မြင်မိပါကြောင်း ပြောလိုက်ချင်ပါသေးတယ်။
ရွှေဘ
Today Myanmar
lutawlupyaw
No comments:
Post a Comment