"မြို့ပြနှင့်အလှမ်းဝေးသည့် ကျေးရွာလေးတွင် ရင်ချင်းဆက်အမြွာကို သားဖွားဆရာမလေးက အောင်မြင်စွာမွေးဖွားပေးခဲ့"
တောင်ငူ၊
မြို့ပြနှင့် အလှမ်းဝေးပြီး ကျန်းမာရေး စောင့်ရှောက်မှု အသုံးအဆောင်ဆေးဝါးနှင့် အကူကိရိယာ ပြည့်စုံစွာ မရှိသော်လည်း သားဖွား ဆရာမလေး မြတ်ကေသီဝင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာအုပ်စု ထုံးဘိုကျေးရွာနေ သားသည်မိခင်တစ်ဦးထံမှ ရင်ချင်းဆက်အမြွှာ ကလေးငယ်နှစ်ဦးကို မတ် ၁၆ ရက် နံနက် ၈ နာရီက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။
''တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာအုပ်စု ထုံးဘိုကျေးရွာမှာနေထိုင်တဲ့ မိခင် ဒေါ်ဇင်မာမိုးက မွေးဖွားခဲ့တာပါ။ မနက် ၈ နာရီလောက်မှာ သားဖွားဆရာမလေး ဒေါ်မြတ်ကေသီဝင်း က တစ်စုံတစ်ရာ ပျက်စီးမှုမရှိ အောင်အောင်မြင်မြင်နဲ့ မွေးဖွားပေးခဲ့တာပါ။ ကျွန်မတို့တောင် ငူဆေးရုံကိုတော့ မွန်းတည့် ၁၂ နာရီလောက်မှာ ရောက်လာတာပါ'' ဟု တောင်ငူမြို့နယ် လက်ထောက်ဆေးရုံအုပ်ကြီး ဒေါက်တာအေးမြဝင်း က အတည်ပြု ပြောကြားသည်။
''အခန့်မသင့်ရင် တစ်ယောက်ယောက် ပျက်စီးတာမျိုး၊ ထိခိုက်ဒဏ်ရာရတာမျိုး ဖြစ်သွားနိုင်တဲ့ကိစ္စမျိုးကို အောင်အောင်မြင်မြင် မွေးဖွားပေး နိုင်ခဲ့တာဆိုတော့ လူငယ်ဖြစ်ပေမဲ့ တော်တယ်လို့ ချီးကျူးရမှာပါ'' ဟု တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးအရာရှိ ဒေါ်သီတာချို က ပြောသည်။
တောင်ငူဆေးရုံသို့ မွေးလူနာရောက်ကြောင်း သတင်းရရှိသည်နှင့် တောင်ငူခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စံထားဖြူနှင့်အဖွဲ့က ကလေးမိဘ ဒေါ်ဇင်မာမိုး၊ ဦးမင်းမင်းလှိုင်တို့နှင့် တွေ့ဆုံ အားပေးစကား ပြောကြားကာ ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေး၊ တောင်ငူခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့် တောင်ငူခရိုင် အမျိုးသမီးရေးရာ တို့မှ လှူဒါန်းသော အလှူငွေ ကျပ်တစ်သိန်းခွဲနှင့် ဆေးရုံလူနာတင် မော်တော်ယာဉ်ဆီဖိုးများအား ကလေးများ၏ မိဘများလက်ဝယ်သို့ ပေးအပ် လှူဒါန်းခဲ့ကြသလို ရွှေနှင်းဆီ ဘာသာ/ ပညာ/ကျန်းမာဖောင်ဒေးရှင်းမှလည်း အလှူ ငွေ ကျပ်တစ်သိန်းကို မိဘများလက်ဝယ်သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
''ကလေးတွေရော မိခင်ပါ ကျန်းမာကြပါတယ်။ ကလေးနှစ်ယောက်ပေါင်း ရှစ်ပေါင်နဲ့ လေးအောင်စ ရှိပါတယ်။ ရန်ကုန် ကလေးဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ပြီး ခွဲစိတ်ကုသမှုကို ဆောင်ရွက်ရပါမယ်။
ဒီက ဆရာဝန်တစ်ဦးနဲ့ သူနာပြုဆရာမတစ်ဦး အနီးကပ် လိုက်ပါစောင့်ရှောက် ပို့ဆောင်ပေးကြမှာပါ။ ရန်ကုန်က တာဝန်ရှိသူတွေကလဲ ခွဲစိတ်ကုသပေးဖို့ အသင့်ပြင်ဆင် စောင့်ဆိုင်းနေကြပါပြီ'' ဟု ဒေါက်တာဒေါ်မြဝင်း (လက်ထောက်ဆေးရုံအုပ်ကြီး) က ထပ်မံပြောကြားခဲ့သည်။
#TheYangonTimes
lutawlupyaw
No comments:
Post a Comment