Sunday, March 1, 2015

" ကမ္ဘာ့ အရီးရဆုံး ဟာသ "

" ကမ္ဘာ့ အရီးရဆုံး ဟာသ "

အသက်ကြီးကြီး လူတစ်ယောက်ရဲ့ လက်ရှိဘဝ အထိုင်ကျနေမှုဟာ အိမ်မက်ဆိုးတွေနဲ့ ဖြတ်သန်း
ခဲ့ရတဲ့ ငယ်ဘဝဆိုတာ ရှိခဲ့ဖူးပါတယ်။

ရွှေလင်ဗန်းနဲ့အချင်းမဆေးခဲ့ရသလို ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းပြီး ကြီးပြင်းခဲ့ရသူမဟုတ်လို့ နေ့ရက်တွေတိုင်းဟာ ဆူးခင်းလမ်းတွေနဲ့ ပြည့်နှက်နေခဲ့ရပါတယ်။ ပီဘိကလေးငယ်တစ်ယောက်ရဲ့ အမှောင်မိုက်ဆုံး
ညတွေဟာ ငိုကြွေးမှုတွေနဲ့ ဘဝကိုရင်ဆိုင်နေခဲ့ရသူပါ။

မင်းတို့ပြောနေကြတဲ့ ကျွန်ပညာရေးစနစ်ကို ဓာတ်မီးတိုင်အောင်မှာ ဒူးလေးကိုပိုက်ရင်း ကျားကုတ်ကျားခဲ ကျိုးစားကျက်မှတ်ခဲ့ရတယ်ဆိုရင် မင်းတို့တွေ လှောင်ပြောင်ရယ်သန်းသွေးမှာလား။

ကျောင်းကပြန်လာတိုင်း ဟင်းရွက်ဗန်းလေး ခေါင်းပေါ်ရွက် အရပ်ထဲလှည့်ရောင်းခဲ့ရတဲ့ ကလေးတစ်ယောက်၊ ငါးစိမ်းသည်မသားက လူပါးဝပြီး အတန်းထဲမှာ အဆင့်တစ်ယူရသလားလို့ အနှိမ်ခံရတဲ့အတွက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ် လူမမြင်ကွယ်ရာ ခြုံစပ်မှာ မျက်ရည်ကျခဲ့ရတာကို မင်းတို့နားလည်နိုင်ပါ့မလား။

စာသင်နှစ်အစမှာ စာအုပ်နဲ့စာရေးကိရိယာဝယ်နိုင်ဖို့ နွေရာသီကျောင်းပိတ်ရက်တွေမှာ ဗန်ဒါရွက် ဗုဒ္ဓံသရဏံအရွက်တွေခူး အသုတ်ဆိုင်တွေကိုသွင်း တစ်မတ်ရရ ငါးမူးရရ စုဗူးထဲ လက်ကလေးတုန်တုန်နဲ့ စုခဲ့ရတဲ့နေ့တွေကို မင်းတို့ဖြတ်သန်းခဲ့ဖူးပါသလား။

မင်းတို့ပြောတဲ့ ကျွန်ပညာရေးစနစ်နဲ့ ဘွဲ့ယူပြီး နိုင်ငံတကာမှာ မြန်မာတွေဟာ ခပ်ညံ့ညံ့တစ်ယောက်
မဟုတ်ပါလားလို့ ချီးမွှမ်းခံရလောက်အောင် ရင်ကော့ခေါင်းမော့ပြီး အရည်အချင်းအစစ်အမှန်ကို ထုတ်ပြခဲ့ဖူးပါသလား။

အဲဒီလိုမှ အရည်အချင်းမရှိပဲ ဘွဲ့ဝတ်စုံတကားကားနဲ့ ပဲပြုတ်ရောင်းပြ ဆိုက်ကားနင်းပြတဲ့ ပါဖောမင့်စ်တွေကို ထိုင်ကြည့်ပြီး ကမ္ဘာအရီရဆုံး ဟာသတွေပါလားလို့ မှတ်ချက်ပြုရန်မှ တစ်ပါး အခြားမရှိတော့ပါ။

ကိုရင်လူထွက် ငပိချက်


No comments:

Post a Comment