" မိန်းမလေးတွေ လေးစားအတုယူဖွယ်ကောင်းသော သူရ မချစ်ပို "
ကေအင်ဒီအိုတပ်များကို သူမ စွမ်းသလောက် ချေမှုန်းခဲ့သော သူရမချစ်ပို ကျွန်မတို့မိန်းမလေးတွေ လေးစားအတုယူဖွယ်ကောင်းသော သူရ မချစ်ပို (လေ့ကျင့်ရေး အင်ဂျင်နီယာ တပ်ရင်း တပ်ကြပ်လှမောင်၏ ဇနီး)
***********************************
"သူရ” ဟူသော ဝေါဟာရက သူရဲကောင်း စစ်သည် တို့ကို ချီးမြှင့်လေ့ရှိသော ဘွဲ့ထူး ဂုဏ်ထူး တစ်ခု။ “မချစ်ပို” ဆိုသော စကားစုလေးက နုနယ်သော နှလုံးသားပိုင်ရှင် မိန်းကလေး တစ်ဦး၏ အမည်နာမ လှလှလေးတစ်ခု။ သို့ရာတွင် မိန်းမလှလေး တစ်ဦး၏ နှလုံးသွေးက သူရဲကောင်းအာဇာနည် ယောက်ျားတို့ကဲ့သို့ပင် ရဲရဲနီဆွေးလျက် သမိုင်းဝင် တေးတစ်ပုဒ်ကို ရေးထုတ်လိုက်နိုင်သောအခါ -
“သူရ မချစ်ပို” ဟူ၍ မော်ကွန်း တင်ခံရလေတော့သည်။
၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ကေအင်ဒီအို အဖွဲ့များသည် မေမြို့ (ပြင်ဦးလွင်မြို့) ကို အလစ်အငိုက် စီးနင်းသိမ်းပိုက် လိုက်နိုင်ခဲ့သည်။ ထိုစဉ်က မေမြို့ရှိ အမှတ် (၁) စစ်မြေပြင် အင်ဂျင်နီယာ တပ်ခွဲ (ဘီအီး) နှင့် အမှတ် (၂) စစ်မြေပြင် အင်ဂျင်နီယာ တပ်ခွဲတို့မှ အရာရှိ စစ်သည်များသည် ဗိုလ်မှူး ထင်ပေါ် နှင့် ဗိုလ်ကြီး ဘဖြူ တို့၏ ခေါင်းဆောင်မှုဖြင့် ရသမျှ လက်နက်ခဲယမ်းများ သိမ်းဆည်းပြီး လားရှိုးဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။ ဆုတ်ခွာသွားသော တပ်များသည် လားရှိုးဘက်တွင် ပြန်လည်စုဖွဲ့ပြီး မေမြို့သို့ ပြန်လည်ချီတက်ခဲ့သည်။ ရေချမ်းအိုးဘက်တွင် တိမ်းရှောင်နေကြသော ဘီအီးတပ်မှ အရာရှိစစ်သည်များနှင့် ကျန်တပ်ပေါင်းစုံမှ တပ်ဖွဲ့ဝင်များလည်း ဘီအီးတပ်တွင် လာရောက် စုပေါင်းခဲ့ကြသည်။ သို့ဖြင့် ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် မေမြို့ကို ပြန်လည်တိုက်ခိုက်ရာ ဘီအီးတပ်ကုန်း (ယခု အင်ဂျင်နီယာတပ်) နေရာကို ပြန်လည်ရရှိပြီး လက်နက်ခဲယမ်းများကိုပါ ရရှိလိုက်သည်။ မြို့တွင်း ဆက်လက် တိုက်ခိုက်သော တပ်ဖွဲ့များသည်လည်း မေမြို့ - လားရှိုးလမ်း တစ်လျှောက် မြို့မရုပ်ရှင်ရုံထိ သိမ်းပိုက်လိုက်နိုင်ခဲ့သည်။ အင်ဂျင်နီယာတပ်မှ ဦးဆောင်ကာ မေမြို့ကို ပြန်လည်တိုက်ခိုက်ခဲ့သော ဖေဖေါ်ဝါရီလ ၂၄ ရက်ကို အင်ဂျင်နီယာ တပ်ဖွဲ့နေ့အဖြစ် ဂုဏ်ပြု မှတ်တမ်းတင်ခြင်း ခံခဲ့ရပေသည်။
ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် ခြေကုတ်စခန်းများ ရရှိပြီး ဆက်လက်ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ မြို့တွင်းတိုက်ပွဲသဏ္ဍန် ဖြစ်ခဲ့သည်။ တစ်ဖက်နှင့်တစ်ဖက် ခြေကုတ်စခန်းများကို အားပြုပြီး အဖွဲ့ငယ်များ လွှတ်ကာ အပြန်အလှန် တိုက်ခိုက်ကြခြင်း ဖြစ်သည်။ လေ့ကျင့်မှုမရှိသော အရပ်သားများမှာလည်း ရရာလက်နက်စွဲကိုင်ပြီး တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် ခက်ခဲသော ကိစ္စတစ်ခုမှာ ရန်သူ့ သတင်း ထောက်လှမ်းရေး ဖြစ်သည်။ ဤတာဝန်ကို ယူလိုက်သူမှာ “မချစ်ပို” ဆိုသော မိန်းကလေးပင် ဖြစ်ပါသည်။ မချစ်ပိုသည် စင်စစ် မေမြို့သူ မဟုတ်ပါ။ ၁၉၀၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ထားဝယ်မြို့တွင် ကြီးပြင်းခဲ့သည်။ မောင်လေးဖြစ်သူ တစ်ဦးမှာ ဘီအီးတပ်ထဲသို့ ၀င်သွားသည်ဟု ကြားရသဖြင့် လိုက်ရှာရင်း မေမြို့ရှိ ဦးကြွယ် - ဒေါ်ပုတို့ အိမ်တွင် နေဖြစ်သွားသည်။ ဦးကြွယ်တို့နှင့် ရင်းနှီးသော ဘီအီးတပ်မှ တပ်ကြပ်လှမောင်နှင့် အိမ်ထောင်ပြုလိုက်သည်။ တပ်ကြပ်လှမောင်မှာ စားရေး သောက်ရေး တာဝန်ယူရသောကြောင့် ထမင်းချက် လှမောင်ဟု လူသိများခဲ့သည်။ မချစ်ပိုသည် ထားဝယ်သူပီပီ စကားပြောလျှင် အသံဝဲ၀ဲလေးနှင့် ချစ်စရာကောင်းလှသည်။ အသားက မဖြူ မညို မျက်နှာက လေးထောင့်စပ်စပ်၊ အရပ်အမောင်းက ငါးပေ သုံးလက်မခန့် ရှိသည်။ စကားပြောလျှင် ခပ်ပြတ်ပြတ် ပြောတတ်ပုံက လုပ်စရာရှိလျှင်လည်း ပြတ်ပြတ်သားသား လုပ်မည့်သဘောကို ဖော်ပြနေသည်။
မချစ်ပို၏ ယောက်ျားဖြစ်သူ တပ်ကြပ်လှမောင်သည် ထမင်းချက် တာဝန် ယူထားသော်လည်း အခြေအနေ ပေးလျှင် တိုက်ခိုက်သည့် အဖွဲ့ထဲ ပါသွားပြန်သည်။ ထိုစဉ်က အင်ဂျင်နီယာတပ်ဖွဲ့များက လေ့ကျင့်ရေးတပ်ကုန်းမှ နေ၍ ရင်ဆိုင်ထားသည်။ တစ်ဖက်နှင့် တစ်ဖက် အဖွဲ့ငယ်များဖြင့် အပြန်အလှန် သွားရောက် ပစ်ခတ်ကြရင်းမှ တစ်နေ့တွင် တပ်ကြပ်လှမောင်အား သေနတ်မှန်ပြီး ဒဏ်ရာရလာခဲ့သည်။ ဤတွင် တပ်ကြပ်လှမောင်၏ ဇနီးဖြစ်သူ မချစ်ပိုမှာ မခံချင်စိတ်များ တဖွားဖွားပေါ်လာ ခဲ့သည်။ “ငါ့လင်ကို မှန်အောင်ပစ်တဲ့ သူတွေကို ငါကိုယ်တိုင် ပြန်ချမယ်”။ မချစ်ပိုသည် လင်ကိုထိ၍ သွေးရူးသွေးတန်းထပြီး တိုက်ပွဲဝင်သူ မဟုတ်ပါ။ နဂိုကတည်းက တည်ငြိမ်ပြတ်သားသော သဘာဝရှိသည့်အလျောက် သူမနှင့် ကိုက်ညီမည့် အလုပ်ကို လက်ခံလိုက်ခြင်းသာ ဖြစ်သည်။
“ကဲ - မချစ်ပို ခင်ဗျား တာဝန် ယူနိုင်မယ်ဆိုရင် ခင်ဗျားကို မိန်းမ ထောက်လှမ်းရေး လုပ်ခိုင်းရမှာပဲ၊ ရန်သူရဲ့ လက်နက်ကြီးတွေ၊ စက်သေနတ်တွေ ပစ်တဲ့ နေရာကို ကျွန်တော်တို့ သိချင်တယ်။ ခက်တာက ဘီအေဒီတီ ကုန်းဘက်ကို ထွက်လိုက်ရင် ယောက်ျားမှန်သမျှကို ရန်သူက ဖမ်းတယ်၊ ပစ်တယ်။ ခင်ဗျားတို့ မိန်းမတွေကျတော့ ဟိုဘက်ဒီဘက်ကူးပြီး ဈေးရောင်းနေကြတာတွေလည်း ရှိတော့ ရိပ်မိမှာ မဟုတ်ဘူး၊ မချစ်ပို ဘယ်လိုသဘောရသလဲ” “ဖြစ်ပါတယ် စစ်သား မယားဟာ စစ်သမီးဘဲပေါ့၊ ရန်သူက အရေးသာသွားရင် တိုင်းပြည်ပြိုကွဲသွားနိုင်တယ်၊ ဒီတော့ တတ်သမျှ ရန်သူအင်အား လျော့နည်းအောင် လုပ်ရမယ်၊ ကျွန်မကို ဓားတိုတချောင်းပေးပါ၊ ပြီးတော့ လက်ပစ်ဗုံးလဲ ပေးထား၊ ကျွန်မကို ကိုလှမောင် သင်ပေးထားလို့ လက်ပစ်ဗုံး ကောင်းကောင်း ပစ်တတ်ပါတယ်”
သို့နှင့် နုနယ်လှပသော မချစ်ပိုလေးသည် အာဇာနည် သူရဲကောင်း စိတ်မျိုးဖြင့် တိုက်ပွဲဝင်ခဲ့လေတော့သည်။ မချစ်ပိုသည် ကေအင်ဒီအိုများ တပ်စွဲထားသော လေ့ကျင့်ရေးတပ်ကုန်း၊ ဆေးတပ်ကုန်းများ ဘက်သို့ နည်းအမျိုးမျိုးဖြင့် ၀င်ရောက်ကာ ရန်သူ့သတင်း ထောက်လှမ်းရေးကို လုပ်ဆောင်ခဲ့လေသည်။ မချစ်ပိုသည် ခမောက်တစ်လုံးဆောင်း၊ တုတ်တစ်ချောင်းကိုင်ကာ နွားကျောင်းသူ ယောင်ဆောင်၍ သွားခဲ့သည်။ နွား လေး ငါး ဆယ်ကောင် ပါသဖြင့်လည်း သူမကို နွားကျောင်းနေသည်ဟုသာ ရန်သူက ထင်နေခဲ့သည်။ မိန်းမသား တစ်ဦး၏ မာယာကို တိုင်းပြည်အတွက် အသုံးချလိုက်သောအခါတွင်လည်း အင်ဂျင်နီယာ တပ်ဖွဲ့ဝင် စစ်သည် မိသားစုတို့၏ စွန့်လွှတ် စွန့်စား တိုက်ခိုက်မှုများဖြင့် ပြည်ထောင်စု တည်တံ့ ခိုင်မြဲရေးအတွက် လုပ်ဆောင်ချက်များက သမိုင်းမော်ကွန်းတင် ကျန်ရစ်ခဲ့ရပေသည်။
မချစ်ပိုသည် နွားကျောင်းရင်းဖြင့် ရန်သူ့ လက်နက်ကြီး ပစ်ကူ နေရာများ၊ စက်သေနတ်ချထားသည့် နေရာများကို မှတ်လာခဲ့သည်။ တစ်ခါတစ်ရံတွင်လည်း ရန်သူ့အဖွဲ့ငယ် သုံးလေးဦးနှင့် တွေ့၍ အခွင့်သာသည့် အခါမျိုးတွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်သောကြောင့် ရန်သူတွေ အတော် အထိနာလာခဲ့၏။ ထိုထက်ပို၍ ခံစားရသည်မှာ မိန်းကလေးတစ်ဦး မိုးပေါ်က ကျလာသလို ပေါ်ပေါက်လာပြီး တိုက်ခိုက်ခံရဖန် များလာသောအခါ ရန်သူတွေ စိတ်ဓာတ် ချောက်ချားမှု ဖြစ်လာရခြင်းပင်။ ဗုံးကွဲသံကြား၍ ထလိုက်ပြန်လျှင်လည်း မချစ်ပိုကို မီလိုက်သည်ဟူ၍ မရှိ။ ကိုယ်ယောင်ဖျောက် ပြေးသည်ဟု ထင်နေကြ၏။ ဤသို့နှင့် မချစ်ပို၏ အကူအညီဖြင့် ရန်သူ အတော်များများကို ထိခိုက် ကျဆုံးစေခဲ့၏။ လက်ယဉ်လာပြီဖြစ်သော မချစ်ပို၏ သွေးတို့က ပို၍နီမြန်းလာ၏။ မချစ်ပို တစ်ဆင့်တက်၍ အရေးဆိုလာပြန်၏။ “ကျွန်မ လုံခြည်ကြီးနဲ့ သွားလာရတာ လှုပ်ရှားလို့ သိပ်မလွယ်ဘူး၊ ကျွန်မ ဘောင်းဘီဝတ်မယ်၊ ပြီးတော့ လက်ပစ်ဗုံးက နေရာတိုင်း သုံးလို့မရဘူး၊ သေနတ်နဲ့ဆို ပိုကောင်းမယ်၊ နေ့ဘက်မှာ ကျွန်မ ထောက်လှမ်းထားတဲ့ နေရာတွေကို ညဘက်မှာ ကျွန်မ ရှင်တို့နဲ့အတူ လိုက်တိုက်မယ်” မချစ်ပို၏ တင်ပြချက်ကို ရဲဘော်များက ဗိုလ်ကြီး ဘဖြူ ထံ ဆက်၍ သတင်းပို့ပေးလိုက်သည်။ ရိုင်ဖယ်နှင့်တော့ မကောင်းပါဘူးဟုဆိုကာ ခြောက်လုံးပြူး ထုတ်ပေးလိုက်သည်။ မချစ်ပို ပါဝင်သော အဖွဲ့မှာ ညတိုက်ပွဲများ ဆင်နွှဲကြပြန်သည်။
ကေအင်ဒီအို အဖွဲ့မှာ အထိနာလျက် ရှိသည်။ ထောက်ပံ့ရေးကုန်းကို ၀င်စီးသောညတွင်ကား မချစ်ပိုကို ထိမှန်လေတော့သည်။ နေ့ခင်းဘက်က မချစ်ပို ၀င်ရောက် ထောက်လှမ်း ထားသော လက်နက်ကြီး နေရာများကို မိမိတပ်ဖွဲ့မှ နောက်ပိုင်းမှ မော်တာဖြင့် ပစ်ပြီး ဦးနှိမ်ပေးထားသည်။ မချစ်ပိုတို့ အဖွဲ့က ရန်သူ့ခံစစ် စည်းထဲသို့ အတင်းထိုးဖောက် ၀င်ရောက် သွားကြသည်။ ရန်သူတွေ ခေါင်းမထောင်ဘဲ ဖြစ်နေချိန်တွင် မိမိစစ်သည်များက လှံစွပ်ဖြင့် တက်ထိုးဖို့ ကြိုးပမ်းကြသည်။ မချစ်ပိုက လက်မခံ။ “ကျွန်မ လက်ပစ်ဗုံးနဲ့ သွားထုမယ်” ဆိုပြီး လှိမ့်မှောက်ကာ ချဉ်းကပ်သွားခဲ့သည်။ မချစ်ပို အပစ်မခံရအောင် စစ်သည်များက ကာပစ် ပစ်ပေးရင်း ယောင်ပြ လှုပ်ရှားမှုများ ပြုလုပ်ပေးကြသည်။ ရန်သူ့ စက်သေနတ် သံများ ရပ်စဲသွားသည်။ မချစ်ပို လက်စွမ်းပြခဲ့ပြန်ပေပြီ။ ပြန်အထွက်တွင် မချစ်ပိုကို လှိမ့်မှောက်ပြီး ဆုတ်ခဲ့ရန် ပြောသော်လည်း နားမထောင်၊ မတ်တတ်ရပ်ပြီး ပြန်လာခဲ့သည်။ ရန်သူ့ သေနတ်သံ တစ်ချက် ထွက်ပေါ်လာပြီး မချစ်ပို ဗိုက်ကို လက်နှင့်ဖိကာ လဲကျသွားလေသည်။ မချစ်ပိုကား သတ္တိ ကောင်းလှသည်။ ဒဏ်ရာရသည့်တိုင် ညည်းညူ ခြင်း မရှိ၊ ဗိုက်ကို အ၀တ်ဖြင့်ပတ်ပြီး ဖိထားလိုက်သည်။ ရဲဘော်များ မချစ်ပိုကို ပွေ့ပြီး မြို့ထဲဘက်သို့ ခေါ်သွား ကြသည်။ တစ်ယောက်က ပြေး၍ နယူးဆေးတိုက်မှ ဆရာဝန်ကို သွားခေါ်၏။ ဒေါက်တာ ဘရှင် လိုက်လာပြီး မချစ်ပိုကို ကားဖြင့်တင်ကာ ဆေးတိုက်သို့ ခေါ်ပြီး ညတွင်းချင်း ခွဲစိတ် ကုသပေး၏။ ထိုအချိန်တွင် ကေအင်ဒီအို အဖွဲ့များက မသင်္ကာသဖြင့် ဆေးတိုက်ကို လာစစ်ကြသည်။ “ခုနက ကားနဲ့ထွက်သွားတာ ခင်ဗျားတို့ လူနာ သွားတင်တာလား” “မဟုတ်ပါဘူး၊ လူနာ သွားကြည့်ရုံ ကြည့်တာ၊ မင်းတို့ ပစ်ခတ်နေကြလို့ ငါ ကြာကြာ မကုရဲတာနဲ့ ပြန်လာတာ၊ အိမ်ထဲမှာ ငါ့သမီးတွေပဲ ရှိတယ်၊ မင်းတို့ ရုတ်ရုတ်မလုပ်နဲ့ ပြန်ကြ” ဒေါက်တာ ဘရှင်က မင်သေသေဖြင့် ဟောက်လွှတ်သောကြောင့် လက်နက်ကိုင်အဖွဲ့များ ပြန်သွားကြသည်။
မချစ်ပို၏ ဒဏ်ရာကို ဖယောင်းတိုင်မီးဖြင့်ပင် ခွဲစိတ် ကုသ ပေးကြသည်။ ဒဏ်ရာက ၁၅ ချက်လောက် ချုပ်ရသည်။ ထို့နောက် မချစ်ပိုသည် ထို ဆေးတိုက်မှာပင် တစ်ပတ်လောက် ပုန်းအောင်းကာ ဆေးကုသ ခံနေခဲ့သည်။ အနာ မကျက်သေးမီ မချစ်ပိုက ပြန်ချင်လှပြီဆိုသောကြောင့် ဦးကြွယ်တို့ အိမ်သို့ မချစ်ပိုကို လိုက်ပို့ ပေးကြသည်။ ထိုအချိန်က ကေအင်ဒီအိုအဖွဲ့မှ စောဘစံဆိုသူမှာ ထုံးဘိုရပ်ထဲမှ မချစ်ပုဆိုသူကို ယူထားခဲ့သည်။ အရပ်ထဲမှ တခြား မိန်းကလေးများမှာလည်း စောဘစံနှင့် ချစ်ပုတို့ ဆက်နွှယ်မှုကြောင့် ဖျက်ဆီးခံခဲ့ရသည်။ “ချစ်ပု” မှာ “မချစ်ပို” နှင့် နာမည် နီးစပ်သော်လည်း စိတ်ဓါတ်က မနီးစပ်၊ သူမ အသက်ရှင်ရပ်တည်မှုကို အခြားမိန်းကလေးများ၏ ဘ၀နှင့် လဲဖို့ ကြိုးစားခဲ့သည်။ “ချစ်ပု” ၏ လက်ထောက်ချမှုကြောင့် ရန်သူအဖွဲ့ကို အထိနာအောင် တိုက်ခိုက်ခဲ့သော မိန်းကလေးမှာ မချစ်ပိုဖြစ်မှန်း သိသွားကြသည်။ မချစ်ပို၏ လှုပ်ရှားမှုကို စောင့်ကြည့်နေကြ၏။ ဆေးတိုက်မှဆင်းပြီး ဦးကြွယ်၏ အိမ်တွင် ပုန်းခိုနေသော မချစ်ပို၏ သတင်းကို ကေအင်ဒီအိုအဖွဲ့ ရသွားကြသည်။ စောဘစံ ခေါင်းဆောင်ပြီး လက်နက်ကိုင် လေး ငါးဦးခန့် ဦးကြွယ် အိမ်ရှေ့သို့ ရောက်လာကြသည်။ “ကဲ မချစ်ပို ခင်ဗျားရဲ့ လှုပ်ရှားမှုတွေ အားလုံးကို အတိအကျ သိထားပြီးပြီ၊ ငြင်းဖို့ မကြိုးစားပါနဲ့၊ ခင်ဗျားကြောင့် ကျုပ်တို့အဖွဲ့တွေ အတော် အထိနာကုန်ပြီ၊ ဒီတော့ ခင်ဗျား ကျုပ်တို့နောက်ကို လိုက်ခဲ့ပါ” “အေး ငါ လိုက်ခဲ့မယ်” မချစ်ပိုကား ထွက်ပြေးဖို့ မကြိုးစား၊ ဓားတိုကိုသာ ၀ှက်ပြီး ယူလိုက်သည်။ အာဂ သတ္တိရှင်ပေ။
ထို ရက်ပိုင်းများမှာ အင်ဂျင်နီယာတပ်ဖွဲ့များ မေမြို့တွင် မရှိတော့ပေ။ မန္တလေးသို့ ဆင့်ခေါ်ခြင်း ခံရသဖြင့် ပြန်လည် ဆုတ်ခွာသွားကြပြီး ဖြစ်ရာ ဇနီး၊ သားသမီး များကို ကြည့်မထားနိုင်တော့။ မိသားစု ၀င်များမှာ ဟိုပုန်း ဒီအောင်းဖြင့် နေခဲ့ကြရှာသည်။ မချစ်ပိုမှာ ဒဏ်ရာမပျောက်ကင်းသေးသဖြင့် ကျန်ရစ်ခဲ့ရာမှ အဖမ်းခံ လိုက်ရခြင်း ဖြစ်သည်။ ကေအင်ဒီအို အဖွဲ့များကလည်း သာမန် မိသားစုဝင်များကို စိတ်မ၀င်စား၊ မချစ်ပိုကိုသာ သဲကြီးမဲကြီး လိုက်ရှာ နေခဲ့ကြခြင်း ဖြစ်သည်။ မချစ်ပိုကို စောဘစံက သူ့မယား “ချစ်ပု” အိမ်သို့ ဖမ်းခေါ်သွားသည်။ ရောက်သည်နှင့် မချစ်ပိုကို ဖမ်းချုပ်ပြီး သူမ၏ အံသွားများကို ဓားဖြင့် ကလန့်ထုတ်ရန် ကြိုးစားကြသည်။ မချစ်ပိုသည် အံသွား အပို (အံပွား) ပါသူ တစ်ဦးဖြစ်သည်။ အံပွား၏ အကျိုးကြောင့် တော်ရုံတန်ရုံ ဓား၊ သေနတ် ပြီးသည့် သဘောရှိသည်။ အံပွားကြောင့် သူမ ကိုယ်တိုင်သာ လုံခြုံမှုရှိသည် မဟုတ်၊ မချစ်ပို နောက်က လိုက်ကြသူများသည်လည်း ကျည်ဆန်ထိမှန်ခြင်း မရှိ၊ မချစ်ပိုသည် ကျည်ကွယ်သဖွယ် ဖြစ်နေခြင်းကြောင့်လည်း သူတို့ အဖွဲ့ဝင်များ လှုပ်ရှား တိုက်ခိုက်ကြတိုင်း တော်ရုံတန်ရုံ မထိမှန်ဘဲ အောင်မြင်မှုရခဲ့ကြသည် စသဖြင့် ယုံကြည်နေကြသည်။
ဒီ သတင်းကို စောဘစံတို့ကလည်း ကြားထားသည်။ မချစ်ပိုကို ရိုးရိုးသတ်လို့ သေမည်မဟုတ်ဟု နားလည်ထားကြသည်။ ထို့ကြောင့် မချစ်ပိုကို ဖမ်းခေါ်လာပြီး အိမ်ထဲ အ၀င်တွင် အခန်းဝ၌ မီးနေသည် ထမီကို ကပ်ရိုက်ထားသည်။ မချစ်ပိုကို ဘုန်းနိမ့်အောင် လုပ်ကြတော့သည်။ ပို၍ သေချာအောင် မချစ်ပို၏ အံသွားကို နုတ်ဖို့ ကြိုးစားကြပြန်ခြင်း ဖြစ်သည်။ “အောင်မလေး တို့ကို ဓားနဲ့ ပြန်ထိုး တယ်ဟ” အံသွားကို နုတ်ဖို့ ကြိုးစားနေကြသူများ အော်ဟစ်ပြီး ပြိုလဲကျသွား ပြန်သည်။ မချစ်ပိုကား နောက်ဆုံးအချိန်တွင်ပင် တမလွန်သို့ အဖေါ် ခေါ်သွားလိုက်သေးသည်။ သို့ရာတွင် တမလွန်တွင် ခံစားရမည့် ဘုံဘ၀ခြင်းကား ခြားနားလှပါသည်။ စောဘစံ မခံရပ်နိုင်ဖြစ်ကာ သေနတ်ဆွဲ၍ ယူလိုက်သည်။ ဆူညံသော သေနတ်သံများ ထွက်ပေါ်လာပြီး မချစ်ပို လဲကျသွားတော့သည်။ မချစ်ပိုသည် ဒဏ်ရာ ပြင်းထန်စွာ ရနေသော်လည်း အသက်က တော်တော်နှင့် မထွက်၊ အသက်ပြင်းသည်ဟု ပြောစမှတ် ပြုခံရသည်။ သို့နှင့် အသက်ထွက်လောက်ပြီ ထင်တော့မှ မချစ်ပို၏ အလောင်းကို ၀ိုင်းသယ်မပြီး ရေတွင်းထဲသို့ ပစ်ချ လိုက်ကြသည်။ ပိုမို သေချာစေရန်အတွက် အပေါ်မှ အုတ်ခဲကျိုးများ၊ ပန်းအိုးကွဲများ ပစ်ချပြီး ဖို့ထားလိုက်ကြသည်။
မချစ်ပိုသည် ၈-၄-၄၉ ရက်နေ့တွင် အသက် (၄၂) နှစ် အရွယ်တွင် ကျဆုံး သွားခဲ့ရရှာပေသည်။ မချစ်ပို ကျဆုံးသော နေ့ရက်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များက မန္တလေးမြို့ကို ပြန်လည်သိမ်းပိုက်ပြီး ဖြစ်၍ မြို့သိမ်း အောင်ပွဲ အခမ်းအနား ပြုလုပ်သော နေ့နှင့် တိုက်ဆိုင် ခဲ့ပေသည်။ မန္တလေးမြို့ကို စစ်ကိုင်းဘက်မှနေ၍ အစိုးရတပ်များက ပြန်လည် တိုက်ခိုက် သိမ်းပိုက်ရာတွင် ဗိုလ်မှူး ထင်ပေါ် ဦးစီးသော ဘီအီးတပ်ဖွဲ့သည် အဓိက တိုက်ခိုက်ရေး တပ် အဖြစ်ဖြင့် ဧပြီလ ၂ ရက်တွင် မန္တလေးတောင်ကို တက်သိမ်းခဲ့သည်။ မန္တလေး နန်းမြို့တွင်းသို့ ဆက်လက် တိုက်ခိုက်ပြီး ဧပြီ လ ၆ ရက်တွင် မန္တလေးမြို့ကို ၀င်ရောက် သိမ်းပိုက်ကာ ပြည်ထောင်စု အလံကို လွှင့်ထူခဲ့ရာ မန္တလေးမြို့ လူထုမှ “တပ်မတော် ကွ” ဟု ကြွေးကြော်ပြီး သြဘာ ပေးခဲ့ကြသည်။ ဒါတွေကို မချစ်ပို သိမသွားသော်လည်း မချစ်ပို ကျေနပ်နေလိမ့်မည်ဟု ယုံကြည်ပါသည်။
မချစ်ပို၏ အလောင်းကို သုံးလေးရက် အကြာတွင် ပြန်ဖော်သောအခါ ပုပ်သိုး နံစော်ခြင်းမရှိဟု ဆိုသည်။ ၁၆-၄-၄၉ ရက်တွင် ဗိုလ်မှူး ကြင်နှင့်တကွ ရဲဘော်များသည် မန္တလေး - မေမြို့ ကားလမ်းကို စစ်ဆေးရင်းမှ ရောက်လာကြပြီး မချစ်ပို၏ အလောင်းကို စစ် အခမ်းအနားဖြင့် သဂြိုလ်ခဲ့ကြသည်။ အမိန့်စာကို ဦးထွန်းအုံ က ဖတ်ကြောင်း သိရသည်။ မချစ်ပို၏ အုတ်ဂူလေးကို အစဉ် အဆက်ထိန်းသိမ်း စောင့်ရှောက် ခဲ့ကြသည်။ ၁၉၆၀ ပြည့်နှစ်တွင် မေမြို့ အင်ဂျင်နီယာ တပ်၌ ဗိုလ်မှူး တင်မောင် (သိပ္ပံ မှူးတင်) တပ်မှူး ဖြစ်သောအခါ အုတ်ဂူလေးကို ပြန်လည် မွမ်းမံ ခဲ့သေးသည်။ ရဲဘော် မသေ သေသော် ငရဲ မလားပါ။
“သတိ ဓါတ်လိုက် တတ်သည်” ဟု ရေးထားလျှင် မည်သူမျှ မကိုင်ကြသော်လည်း “ ရှေ့မှာ ရန်သူ ပစ်နေတယ်၊ တက် ချေမှုန်း” ဟု ဆိုလျှင် “စစ်သား” ဆိုသူ များသည် အန္တရာယ်လမ်းမှန်းသိလျက် မည်သည့်အတွက် လျှောက်လှမ်း ကြပါသလဲ။ အမိမြေ အတွက် ဖြစ်ပါသည်။ အမိမြေကို ချစ်သောစိတ်ဖြင့် သားကောင်း ဇာနည်များ၊ အာဇာနည် အမျိုးသမီးများပါ ပေါ်ပေါက်လာရပေသည်။ အာဇာနည် မချစ်ပို၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကို ဂုဏ်ပြုသော အားဖြင့် နိုင်ငံတော်က ၁၉၅၀ ခုနှစ် လွတ်လပ်ရေးနေ့တွင် “သူရ” ဘွဲ့ကို ချီးမြှင့်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော သူရ ဘွဲ့ရ အမျိုးသမီး တစ်ဦးအဖြစ်လည်း ယနေ့တိုင် ရပ်တည်နေဆဲ ဖြစ်ပါသည်။ သို့ရာတွင် “သူရ” မချစ်ပို (ကျဆုံး) ရရှိသော “သူရ” ဘွဲ့သည် တပ်မတော် သမိုင်း တစ်လျှောက်လုံးတွင် တိုက်ပွဲ ၀င်နေသော စစ်သည်များ၏ မိသားစုများကို ကိုယ်စားပြုလျှက် ရှိနေပါသည်။
“သူရ မချစ်ပို” ၏ အုတ်ဂူ ဖြူဖြူ လေးက ပြင်ဦးလွင်မြို့ ထုံးဘိုရပ်ထဲတွင် ယနေ့တိုင် တည်ရှိ နေဆဲ ဖြစ်ပါသည်။ မသိ နားမလည်ကြသူ အချို့က အုတ်ဂူ သင်းချိုင်းမှာ မြို့ထဲရောက်နေသဖြင့် ရွှေ့ပစ်သင့်သည်ဟု ထင်နေကြပါသည်။ သူရ မချစ်ပို၏ အုတ်ဂူသည် သင်းချိုင်း မဟုတ်ပါ။ မေမြို့ (ပြင်ဦးလွင်) ကို ချစ်သော၊ မေမြို့ တိုက်ပွဲတွင် ဦးဆောင်မှု ပေးခဲ့သော အင်ဂျင်နီယာ တပ်ဖွဲ့၏ သမိုင်းကို ပြောပြနေသည့် အုတ်ဂူ စံအိမ်လေး တစ်ခုဟု နားလည်မိပါသည်။ သူရ မချစ်ပိုသည် မသေ သေးပါ။ အုတ်ဂူ စံအိမ်လေးထဲတွင် အိပ်ပျော်နေခြင်းသာ ဖြစ်ပါသည်။ အမိမြေကို ချစ်သော သားကောင်း သမီးကောင်းများ အကြောင်းကို မချစ်ပိုက ထာဝရ ပြောပြ နေဦးမည်သာ ဖြစ်ပါသတည်း။
ခင်မောင်နိုင် (ဘီအီး) (ကြေးမုံ သတင်းစာ ၁၉၉၅ ခုနှစ် မတ်လ ၁၃ ရက်)
By Htet Sweoo
Sunday, March 1, 2015
" မိန်းမလေးတွေ လေးစားအတုယူဖွယ်ကောင်းသော သူရ မချစ်ပို "
Labels:
ဗဟုသုတ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment