"အမြန်လမ်းဖြတ်သန်းမည့်ယာဉ်များ တယ်လီမက်တစ်စနစ် မသုံးပါက ဖြတ်သန်းခွင့်မပြုဟုဆို"
အမြန်လမ်းပေါ်တွင် မောင်းနှင်သော ခရီးသည်ယာဉ်နှင့် ကုန်တင်ကားများသည် အရှိန်ထိန်းချုပ်ရန် စီစဉ်လျက်ရှိသည့် Telematics စနစ် မတပ်ဆင်ပါက လာမည့် မေလ ၁ ရက်မှစ၍ မောင်းနှင်ခွင့်ပေးမည် မဟုတ်ကြောင်း အမြန်လမ်း အင်ဂျင်နီယာမှူး ဦးပြည့်ဖြိုးဆယ်က ပြောသည်။
တယ်လီမက်တစ်စနစ် ဆိုသည်မှာ သတ်မှတ်နှုန်းထက် ကျော်လွန်မောင်းနှင်ပါက ထိန်းချုပ်ရေးစင်တာနှင့် အဝေးပြေးယာဉ်တွင် အချက်ပြအသံ ထွက်ပေါ်လာမည်ဖြစ်သည်။ အခြား မော်တော်ယာဉ်ကြံ့ခိုင်မှုများကိုလည်း သတိပေးသွားမည်ဟုဆိုသည်။
‘‘လာမယ့် ဧပြီတစ်လအတွင်း မဖြစ်မနေတပ်ရမယ်။ မတပ်ရင် လမ်းပေါ်တက်ခွင့် ပေးမှာမဟုတ်ဘူး။ တစ်လအတွင်း မော်တော်ယာဉ်အားလုံးကို အပြီး အကောင်အထည်ဖော်သွားမယ်။ ဒီစနစ်မတပ်လာတဲ့ယာဉ်တွေကို မောင်းနှင်ခွင့်ပေးမှာ မဟုတ်ဘူး’’ ဟု ၎င်းက ပြောသည်။
ရန်ကုန်-မန္တလေး အမြန် လမ်းတွင် GPS သုံး တယ်လီမက်တစ်စနစ်ကို ၂၀၁၅ ဇန်န၀ါရီတွင် စတင်စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းစနစ်ကို ခရီးသည် တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များတွင် အမြဲတမ်းတပ်ဆင်ထား ရမည်ဖြစ်ပြီး အိမ်စီးကားများတွင် Plug and Go အစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း BSMART Telematics Myanmar ကုမ္ပဏီမှ အမှုဆောင်အရာရှိ ဦးညီညီမော်ကပြောသည်။
‘‘အိမ်စီးကားတွေကို အဓိက တိုးဂိတ်တွေမှာ စက်တပ်ထားတဲ့ ကိရိယာတွေ ထည့်ပေးလိုက်မယ်။ ဒီအတွက် ငွေမပေးရသေးဘူး။ စမ်းသပ်ကာလပဲရှိဦးမယ်’’ ဟု ဦးညီညီမော်ကဆိုသည်။
‘‘ရဲအလုပ်က အရေးယူဖို့ပဲ။ ကျန်တာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီးလုပ်တာ။ အရေးယူဖို့ အခုချိန်ထိ အကြောင်းကြားစာပို့တာမရှိသေးဘူး’’ ဟု အမြန်လမ်းရဲတပ်ဖွဲ့၊ ရဲမှူးကြီး နေ၀င်းကပြောသည်။
ယာဉ်များကို ထိန်းချုပ်ရန် အမြန်လမ်းရဲတပ်ဖွဲ့နှင့် အမြန်လမ်းအင်ဂျင်နီယာမှူးရုံးများတွင် ထိန်းချုပ်ရေးစင်တာများ ထားရှိသွားမည်ဖြစ်ပြီး အရှိန်ကျော်လွန်မောင်းသည့် ကားများကို ပထမဦးဆုံးအကြိမ်တွင် အသံဖြင့် သတိပေးမည်ဖြစ်ပြီး ထပ်မံကျော်လွန်ပါက ထိန်းချုပ်ရေးစင်တာမှ ဖုန်းခေါ်အသိပေးမည်ဖြစ်ကြောင်း ဦးညီညီမော်က ပြောသည်။
‘‘အကုန်လုံးကောင်းမယ်ဆိုတော့ ကြိုဆိုပါတယ်။ တန်ဖိုးနည်းဖို့တော့လိုတယ်။ အန္တရာယ်ကင်းဖို့ ၀န်ဆောင်မှုတွေများရင် ကုန်ကျမှုဈေးနှုန်းလည်း များလာနိုင်တယ်။ ကားလက်မှတ်ခတွေပါ အပြောင်းအလဲဖြစ်နိုင်တယ်’’ ဟု အဝေးပြေးမထသ (အောင်မင်္ဂ လာ) မှ ဒုတိယဌာနမှူး ဦးမျိုးဝင်း က ပြောသည်။
‘‘ဒီလမ်းပေါ်မတက်ရဘူးလို့ ပြောတယ်။ ဘယ်ဥပဒေနဲ့ ထိန်းမလဲ။ ဒီကိစ္စကို ဘယ်လိုဆက်လက် ကိုင်တွယ်မလဲဆိုတာ အရေးကြီးတယ်’’ ဟု ၎င်းကပြောသည်။
ယင်းစနစ် အကောင်အ ထည်ဖော်မည်ဆိုပါက ယာဉ်ပိုင်ရှင်များအတွက် စဉ်းစားသင့်ကြောင်း ရန်ကုန်မြို့တွင် တက္ကစီယာဉ်များကို မီတာများတပ်ဆင်စဉ်က အလုပ်မဖြစ်ခဲ့သကဲ့သို့ ဖြစ်မည်ကို စိုးရိမ်ကြောင်း မော်ကွန်းသစ် ယာဉ်လိုင်းပိုင်ရှင်က ပြောသည်။ စီမံကိန်းအတွက် ဒေါ်လာ ၂ ဒသမ ၂ သန်း ရင်းနှီးမြှုပ်နှံပြီး လက်ရှိအချိန်ထိ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်အစီးရေ တစ်ရာကျော် တပ်ဆင်ပြီး ဖြစ်ကြောင်း အထက်ပါကုမ္ပဏီကဆိုသည်။
‘‘အစိုးရက လုပ်ခိုင်းတာ အများလုပ်ရမယ်ဆိုတော့ လုပ်ရမယ်။ ဒါကို မလုပ်ဘူးလို့ ကန့်ကွက်လို့လည်းမရတော့။ ဒါပေမဲ့ ကိစ္စတစ်ခုကို အခုလိုအတင်းချုပ်ကိုင်ပြီး လုပ်မယ်ဆိုရင် မကောင်းတာတွေပဲ ဖြစ်လာနိုင်တယ်’’ ဟု ရွှေစင်စင်္ကြာ ယာဉ်လိုင်း အထွေထွေ မန်နေဂျာ ဦးတင်ဦးက ပြော သည်။ အထက်ပါစနစ် တပ်ဆင်ရာတွင် ယာဉ်ပိုင်ရှင်က အစိုးရသို့ ယာဉ်တစ်စီးလျှင် တစ်လကျပ် နှစ်သောင်းငါးထောင်ကျော်ဖြင့် အသုံးပြုနေသမျှ ကာလပတ်လုံး ပေးဆောင်ရမည်ဖြစ်ပြီး အစိုးရထံမှ ကုမ္ပဏီက တပ်ဆင်ခအဖြစ် တစ်စီးလျှင် နှစ်သောင်းကျပ်ရရှိမည်ဖြစ်သည်။
Credit : 7day Daily
lutawlupyaw
No comments:
Post a Comment