Saturday, March 21, 2015

" ဖိနပ်လေးတစ်ရန် "

" ဖိနပ်လေးတစ်ရန် "

ဖိနပ်ဆိုဒ်ကို အမြဲလိုလို နံပါတ် 38 ပဲ စီးလေ့ရှိတဲ့ ကျွန်မဟာ တစ်ရက်တော့ ဈေးပတ်ရင်း ဆိုင်တစ်ခုမှာ ဖိနပ်တစ်ရန်ကိုတွေ့တော့ အရမ်းကြိုက်သွားပါတယ်။
ကျွန်မကြိုက်တဲ့ ဒေါက်မနိမ့်မမြင့်လေးရယ်၊ အရောင်ဆန်းဆန်းလေးနဲ့ ဒီဇိုင်းထွင်ထားတဲ့ ကြိုးသိုင်းဒေါက်ဖိနပ်လေးကို ကိုင်ရင်းလက်ထဲက မချချင်လောက်အောင်ကို ဖြစ်သွားခဲ့ရပါတယ်။

ဒါနဲ့ပဲ စိတ်ပိုင်းဖြတ်ပြီး ၀ယ်ကိုဝယ်လိုက်တော့မယ်ဆိုပြီး ဆိုင်က၀န်ထမ်းကို ၀တ်နေကျဖြစ်တဲ့ နံပါတ် 38 ရှာခိုင်းလိုက်ပါတယ်။ ကံဆိုးချင်တော့ ခုလက်ထဲမှာ ကိုင်ထားတဲ့ဖိနပ်လေးက ဆိုင်မှာကျန်တဲ့ တစ်ရန်တည်းသော နံပတ် 37 ဖြစ်နေပါတယ်။ အခြားဆိုဒ်တွေ အကုန်လုံးက ရောင်းလို့ကုန်ပါပြီတဲ့။
စိတ်ထဲမှာကလည်း အရမ်းလိုချင်ပေမဲ့ ကိုယ်နဲ့သေးနေတဲ့ ဆိုဒ်ဆိုတော့ အဆင်မပြေဘူးဆိုပြီး စင်ပေါ်ပြန်တင်လိုက်မိပါတယ်။
ဒါပေမဲ့ ဆိုင်က၀န်ထမ်းကောင်မလေးက အစ်မရယ် တဖြည်းဖြည်းစီးရင်းနဲ့ ချောင်သွားတဲ့အခါ တော်သွားမှာပေါ့ ဆိုတဲ့စကားလေးကြောင့် နဂိုကတည်းက ဒီဖိနပ်လေးကိုလည်း အရမ်းကြိုက်ပြီး အရမ်းလိုချင်နေတဲ့ကျွန်မ ဘာမှထပ်မစဉ်းစားတော့ပဲ ၀ယ်လာလိုက်ပါတော့တယ်။

ဖိနပ်လေးစစီးခါစ ပထမအပတ်မှာ တော်တော်လေး ဒဏ်ခံလိုက်ရပါတယ်။ ဖိနပ်က ဆိုဒ်နည်းနည်းသေးနေတာ့ စီးရင်းနဲ့ ခြေသိုင်းကြိုးနားလေးတွေမှာ ပွန်းတဲ့ဒဏ်လေးတွေနဲ့ ရေကြည်ဖုလေးတွေတောင် ထလာပါတယ်။
လမ်းလျှောက်တိုင်း နာနေပေမဲ့ ကိုယ်အရမ်းကြိုက်တဲ့ ဖိနပ်လေးကလည်းဖြစ်ပြန် သူငယ်ချင်းတွေက အရမ်းလိုက်တာပဲ၊ လှလိုက်တာဆိုတဲ့ စကားလေးတွေက ကျွန်မရဲ့ခြေထောက်အနာတွေ နာနေတဲ့ အရှိန်လေးတောင် မေ့ပျောက်စေနိုင်ရလောက်အောင်ကို စွမ်းခဲ့ပါတယ်။

ဒုတိယအပတ်လောက်မှာ ဖိနပ်စီးပြီး လမ်းလျှောက်တဲ့အခါ သိပ်မနာတော့ပေမဲ့။ လမ်းလျှောက်ရတာ အဆင်အပြေကြီး မဟုတ်သေးပါဘူး။ နည်းနည်းကျပ်နေတဲ့အတွက် လိုရာခရီးကိုရောက်ဖို့ ပိုကြာနေသလိုခံစားရပါတယ်။ ကြိုက်နေတော့လည်း စီးဖြစ်နေပေမဲ့ နေ့တိုင်းနီးပါးတော့ မစီးဖြစ်တော့ပါဘူး။

တစ်လလောက်အကြာမှာတော့ လမ်းလျှောက်တဲ့အခါ ပွန်းတာပဲ့တာလည်း မရှိတော့သလို ရေကြည်ဖုလည်း မထတော့ပါဘူး ။ အရင်ကနာခဲ့တဲ့နေရာလေးတွေမှာ အသားမာလေးတွေဖြစ်ကုန်တော့ တော်ရုံနဲ့လည်း မနာတော့ပါဘူး။

တစ်ရက် အပြင်သွားဖို့ အ၀တ်စားတွေဝတ်ပြီးတဲ့အခါ ဖိနပ်ဗီဒိုလေးကိုဖွင့်ကြည့်ရင်း အရမ်းကြိုက်တဲ့ နံပါတ် 37 ကိုထုတ်ပြီး စီးဖို့ပြင်လိုက်တဲ့အခါ ဖိနပ်လေးကို ကြည့်လိုက်တော့ အရင်လောက် အရောင်အသွေးမတောက်ပတော့တာကို တွေ့လိုက်ရပါတယ်။ ကြိုးသိုင်းတွေကလည်း အနည်းငယ်ကားထွက်နေပြီး ပုံက နည်းနည်းပျက်နေပါပြီ။ သဲကြိုးတွေမှာလဲ အတင်းဆွဲဆန့်ထားရသလို ဖြစ်တဲ့အတွက် သားရေတွေကလည်း အက်ကွဲကြောင်းတွေ နည်းနည်းပေါ်လာပါပြီ။

ဖိနပ်လေးကို ကိုင်ထားရင်း တစ်လကျော်ကျော်လောက် ဒီဖိနပ်စီးရင်း ခံလိုက်ရတဲ့ ဒုက္ခတွေကို ပြန်တွေးမိလိုက်တဲ့အခါ ရင်ထဲမှာတောင် စို့သွားရပါတယ်။ အရမ်းကြိုက်လို့ မတော်ပေမဲ့ ခြေထောက်အနာခံပြီး စီးခဲ့တာ ခုတော့ ဒီဖိနပ်လေးက ပျက်စီးစပြုနေပါပြီ။

ကိုယ့်ရဲ့ ဆိုဒ်အမှန်ကိုရခဲ့ရင်တော့ ဖိနပ်ကဒီလောက်ထိ အပျက်စီး မြန်မှာလဲမဟုတ်လောက်ဘူး ဆိုပြီး တွေးမိပြီး စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ တကယ်လို့ သူနဲ့တော်တဲ့သူ ၀ယ်သွားခဲ့ရင်လည်း ဒီလိုဖြစ်မှာ မဟုတ်လောက်ဘူးပေါ့။

တကယ်လို့ အဲ့တုန်းက တခြားဒီဇိုင်းနဲ့ ကိုယ့်ခြေထောက်နဲ့ ကိုက်တဲ့နံပါတ် 38 တစ်ရန်ကို ၀ယ်ခဲ့မယ်ဆိုရင် ခုလိုခံစားရမှာမဟုတ်ပါဘူး။
တခြား နံပါတ် 38 က အခု နံပါတ် 37 လောက် မလှပေမဲ့ ကိုယ့်ရဲ့ခြေထောက်တွေကို နာကျင်ထိခိုက်စေမှာ မဟုတ်သလို ကိုယ်သွားမဲ့ခရီးလမ်းကိုလည်း ပိုမိုမြန်ဆန်စွာ သွားရအောင် အထောက်အကူပြုမှာပါပဲ။

ဖိနပ်လေးကို ဘီဒိုထဲ အသာအယာပြန်ထည့်ရင်း နောက်ကိုဖိနပ်ဝယ်မယ်ဆိုရင် ဘယ်လောက်ပဲ လှနေပါစေ ကိုယ့်ခြေထောက်နဲ့ မတော်ဘူးဆိုရင် ဘယ်တော့မှ မ၀ယ်တော့ဘူလို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

ဒီနံပါတ် 37 ဆိုဒ် ဖိနပ်လေးကနေ ရလိုက်တဲ့ သင်ခန်းစာလေးဟာ ကျွန်မကို ဖိနပ်ရွေးချယ်တဲ့နေရာတင်မက အခြားနေရာတွေအတွက်ပါ အများကြီး အတွေးတွေ ပေါက်လာစေခဲ့ပါတယ်။

တစ်ခါတစ်လေကြရင် ကျွန်မတို့တွေ လူမှု့လောကမှာ ကြုံတွေ့နေရတဲ့ ကိစ္စတွေမှာလည်း ဒီအတိုင်းပါပဲ။ ကြိုက်တာက ကြိုက်တာပါပဲ ၊ ဒါပေမဲ့ ကိုယ်နဲ့သင့်တော် ကိုက်ညီမှုရှိမရှိကိုတော့ အပြင်ပန်းလေ့လာရုံလောက်နဲ့ မပြည့်စုံသေးပါဘူး။

ကြိုက်လွန်းလို့ ရွေးချယ်ပြီးမှာ နှစ်ဦးနှစ်ဖက် အထိနာကြတဲ့ အဖြစ်မျိုးလေးတွေလည်း ရှိနိုင်တာကိုပါ ဒီဖိနပ်လေးကိုအကြောင်းပြုပြီး တစ်ခါတည်း သဘောပေါက်စေခဲ့ပါတယ်။ ဖိနပ်လေးကတော့ ဖိနပ်လေးပါပဲ။ ဒီပေါ်ကနေ ယူတတ်မယ်ဆိုရင် ထိုက်တန်တဲ့ သင်ခန်းစာလေးတစ်ခုတော့ ရလိုက်မှာပါပဲ။


Credit : ချစ်တဲ့ … မနုဿ



lutawlupyaw

No comments:

Post a Comment