Saturday, March 21, 2015

"ကိုယ့်ကိုနှိပ်စက်နေတာ သူများမဟုတ်ဘူး"

"ကိုယ့်ကိုနှိပ်စက်နေတာ သူများမဟုတ်ဘူး"

“စားစရာမရှိလို့ စိတ်ဆင်းရဲတယ်” ဆိုရင် နားလည်နိုင်ပါတယ်။
“ဝတ်စရာမရှိလို့ စိတ်ဆင်းရဲတယ်” ဆိုရင်လည်း နားလည်နိုင်ပါတယ်။
“နေစရာမရှိလို့ စိတ်ဆင်းရဲနေတယ်” ဆိုရင်လည်း နားလည်နိုင်ပါသေးတယ်။

သို့သော်...
လူတော်တော် များများမှာ စားစရာတွေ ရှိပါတယ်။
နေစရာ ကောင်းကောင်းမွန်မွန်လည်း ရှိပါတယ်။
ဝတ်စရာတွေလည်း အများကြီး ရှိပါတယ်။
ဒါပေမယ့် စိတ်မချမ်းသာဘူး။

“ငါ့မှာ စားစရာလည်း ရှိတယ်။
ဝတ်စရာလည်း ရှိတယ်။
နေစရာလည်း ရှိတယ်။
ငါဘာလို့ စိတ်ဆင်းရဲနေရတာလဲ။
ဘယ်သူက နှိပ်စက်နေတာလဲ”
ကိုယ့်စိတ်ကကိုယ့်ကို နှိပ်စက်နေတာ။

အဲဒီတော့ စိတ်ချမ်းသာချင်ရင် စိတ်အကြောင်းသိမှ ဖြစ်တော့မယ်။ လောလောဆယ် နှိပ်စက်နေတာကြီး မပျောက်ခင်မှာ နှိပ်စက်နေမှန်း အသေးစိတ်သိဖို့ လိုတယ်။ ဘယ်လောက်ထိအောင် အသေးစိတ် နှိပ်စက်တယ်ဆိုတာ သိဖို့လိုတယ်။
စိတ်ဝင်စားမူရှိဖို့ လိုတယ်။

စိတ်ကိုသိရင် စိတ်ရဲ့လွှမ်းမိုးမူ၊ ခြယ်လှယ်မူ၊ နှိပ်စက်မူကို မခံရတော့ဘူး။ စိတ်ကို မသိရင် သူလွှမ်းမိုးသမျှ၊ ခြယ်လှယ်သမျှ၊ နှိပ်စက်သမျှကို ဧကန်မုချ ခံရမှာပဲ။ သေသည်ထိအောင် နှိပ်စက်မှာ။
အဲဒီတော့ သေခါနီး နောက်ဆုံးအချိန်ထိအောင်
မနှိပ်စက်အောင်ဆိုရင် သူ့သဘာဝကို
သေသေချာချာသိဖို့ အင်မတန် လိုပါတယ်။

နေတတ်ရင် စိတ်ချမ်းသာမယ်။
စိတ်ထားတတ်ရင် စိတ်ချမ်းသာမယ်။
အသိညဏ်နဲ့ နေတတ်ရင် အများကြီး သက်သာရာရမယ်။

လူတွေဟာ စိတ်ချမ်းသာမလားဆိုပြီး အမျိုးမျိုး ရှာကြံလုပ်တယ်။ ဘယ်ဟာမှ တကယ်နက်နက်နဲနဲ အတွင်းကျကျ စိတ်ချမ်းသာမူ မပေးနိုင်ဘူး။
ဘယ်ဟာရရ ခဏလေးပဲ စိတ်ချမ်းသာတယ်။
အဆင်မပြေမူဟာ တစ်ခုပြီးတစ်ခု ပေါ်နေမှာပဲ။
အဆင်မပြေမူဆိုတာ လောကရဲ့သဘာဝပဲ။
လောကကြီးဟာ ဘယ်တော့မှ perfect မဖြစ်နိုင်ဘူး။
ဒီလိုဖြစ်နေတဲ့ သဘာဝတွေကို ညဏ်နဲ့ယှဉ်ကြည့်ပြီးတော့ နေသွားရင် အသိညဏ် တဖြည်းဖြည်း ရင့်ကျက်လာပြီးတော့ စိတ်က ဖြစ်သမျှကိစ္စတွေပေါ်မှာ လိုက်ပြီးတော့ တုန့်ပြန်မှု မလုပ်တော့ဘူး။

စိတ်ကမတုန့်ပြန်ရင် အများကြီးသက်သာပါတယ်။
ဘာဖြစ်လို့ စိတ်ဆင်းရဲနေတာလဲဆိုတာ သိဖို့လိုတယ်။ စိတ်က တုန့်ပြန်နေလို့ ဆင်းရဲနေတာ။ ဒါကြောင့် စိတ်ကလိုက်တုန့်ပြန်နေတာကို လိုက်ကြည့်ဖို့ လိုတယ်။ သိလာရင် လိုက် React လုပ်တာ နဲနဲ နဲနဲသွားတယ်။

စိတ်အကြောင်း အပြည့်အစုံသိသွားရင် စိတ်က မတုန့်ပြန်တော့ဘူး။ မတုံ့ပြန်တော့ရင် လုပ်သမျှကိစ္စတိုင်းဟာ reaction မဟုတ်တော့ဘဲနဲ့
ညဏ်နဲ့သိပြီးလုပ်တဲ့အလုပ် (wholesome action) ဖြစ်သွားတယ်။

အချိန်ပြည့်လောဘနဲ့ တုန့်ပြန်တယ်။ ဒေါသနဲ့ တုန့်ပြန်နေတယ်။ မာနနဲ့ တုန့်ပြန်တယ်။
မနာလိုဝန်တိုမူနဲ့ တုန့်ပြန်တယ်။
သတိနဲ့မနေတတ်ရင် တစ်ခုခုသိလိုက်တာနဲ့၊
ကြားလိုက်တာနဲ့၊ မြင်လိုက်တာနဲ့ automatic reaction အလိုအလျောက် တုံ့ပြန်မူ ဖြစ်ပြီ။
အကုသိုလ်တုန့်ပြန်မှု ဖြစ်နေပြီ။ ဒီလိုဖြစ်နေရင် စိတ်ရှုပ်ထွေးတယ်။ စိတ်ရှုပ်ထွေးရင် ဘဝရှုပ်ထွေးတယ်။

ဒီလိုဖြစ်နေတာကို ဖြစ်နေမှန်း သိသိလာရင်
automatic reaction တွေနဲ့သွားမယ်။
အလေ့အကျင့်ရလာရင် ချက်ချင်းသိတယ်။
ချက်ချင်းပျောက်သွားတယ်။ ဒီထက်ကြာလို့ရှိရင် ဖြစ်ကိုမဖြစ်တော့ဘူး။ သိပြီးတော့လုပ်တဲ့အလုပ်က wholesome action ဖြစ်သွားတယ်။
သတိနဲ့အတူပါလာတဲ့ အသိညဏ်က ဘဝကိုရှင်းလင်းပေးသွားတယ်။ စိတ်ရှင်းရင် ဘဝလည်းရှင်းသွားတာပါပဲ။ ဘဝဆိုတာ စိတ်ရဲ့ရောင်ပြန်ဟပ်မှုပါပဲ။

အဲဒီတော့ရှုပ်နေတာကို သိဖို့လိုတယ်။ ရှုပ်နေတာကို သေသေချာချာသိသွားရင် တဖြည်းဖြည်း တဖြည်းဖြည်း ရှင်းရှင်းသွားတယ်။ automatic reaction တွေကြောင့် ရှုပ်နေတာ။ wholesome action ကမရှုပ်ဘူး။ စိတ်ရှုပ်တာတွေ၊ စိတ်ညစ်တာတွေ၊ စိတ်ပူလောင်တာတွေစတဲ့စတဲ့
ကိလေသာတွေ ဘာလို့ ဖြစ်ခွင့်ရနေသလဲဆိုတော့
သတိလက်လွတ် ဖြစ်နေလို့ပါ။

သူတို့ဖြစ်မှန်းသိတယ်ဆိုရင်ပဲ absent minded မဖြစ်တော့ဘူး။ သိမှု mindful ဖြစ်သွားပြီ။ ဒီလိုသိတဲ့ အကြိမ်အရေအတွက် များလာရင်
အလိုအလျောက်တုန့်ပြန်မူတွေ နဲသွားမယ်။
အဲဒါဆို စိတ်ရှင်းတဲ့ဘဝကို ပိုင်ဆိုင်ရမယ်။

★ဆရာတော်ဦးဇောတိက★
(“ကိုယ်နွမ်းသော်လည်း စိတ်မပန်းပါ” စာအုပ်မှ)



lutawlupyaw

No comments:

Post a Comment