" ၀ဋ်ဆိုတာလည်တတ်တယ်နော် "
ဝဋ်ဆိုတာလည်တတ်တဲ့ သဘောရှိတယ်နော်။ ကိုယ်အသာရစဉ်က သမာအာဇီဝကျကျ မဟုတ်တဲ့ နည်းတွေနဲ့ သူများမျက်ရည်ကျပြီးမှ ဘ၀တွေပျက်ပြီးမှ ရလာတဲ့ စည်းစိမ်ချမ်းသာတွေနဲ့ ခံစားတတ်တယ်ဆိုရင်၊ ကိုယ်အလှည့် နိမ့်ပါးချိန်ရောက်လာရင်လည်း လောကဓံကိုခံနိုင်အောင် ကြိုပြင်ဆင်ထားပေါ့။ တူဖြစ်တုန်းက နှံခဲ့ရင် ပေဖြစ်ရင်လည်း ခံနိုင်ရည်ရှိရမှာပေါ့။
ဒါမှတရားမျှတမှုဆိုတာ အဓိပ္ပာယ်ရှိမှာပေါ့။ အူမတောင့်မှသီလစောင့် နိုင်မယ်ဆိုတာအစား သီလစောင့်ရင်း အူမတောင့်အောင်နေမယ်လို့ စိတ်ကူးသင့်တာပေါ့။ ကိုယ်လိပ်ပြာသန့်သန့် ရှင်သန်နိုင်ရင် အခြားသူတွေဘယ်လိုဝေဖန် ဝေဖန် ခံနိုင်မှာပဲလေ။ လိပ်ပြာမလုံတဲ့သူတွေဆိုရင်တော့ ဘယ်နေနိုင်ပါ့မလဲ။
"အများအကျိး ရွက်သည်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့။ " ကျေးဇူးတော်ရှင် စစ်ကိုင်း ရွှေဟင်္သာဆရာတော်ဘုရားကြီး၏ သြ၀ါဒစကားတော်မြတ်ကို အမြဲ နှလုံးသွင်းနိုင်ကြရင် အကောင်းဆုံးပေါ့။
ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး။ နစ်ရင်လည်း ခဏပါပဲ။ တောက်မယ့်မီးခဲတရဲရဲ ဖြစ်လာမှာပဲလေ ။ မြန်မာပြည် အခြေခံပညာအဆင့် Grade 10 (န၀မတန်း ) လက်ရှိသင်ရိုးမှာပါတဲ့ ပတ္တမြားရွှေဂူ ကဗျာထဲကလို ၀က်တွေလိုတော့ ပတ္တမြားရွှေဂူကို ညစ်နွမ်းအောင် လုပ်တဲ့ လူတန်းစားထဲ မပါအောင်နေကြပေါ့ဗျာ။ ကောင်းကင်မှာသာတဲ့ အလင်းရောင်ပေးတဲ့ လမင်းကို မြေပြင်ကခွေးတွေ ဟောင်ရင် ဟောင်တာပဲရှိမှာပေါ့။ လမင်းကြီးကတော့ သာမြဲသာ၊ ထွန်းလင်းမြဲထွန်းလင်းမှာပေါ့။ ခွေးရူးကောင်းစား တစ်မွန်းတည့် အဖြစ်မခံကြပါနဲ့။
ဝဋ်လည်လောက်တဲ့ အကုသိုလ်ကံမျိုး ပြုလုပ်ထား၊ ပြုလုပ်ဖူးတဲ့သူတွေလည်း အချိန်မီ အမှားပြင်ဆင်နိုင်ကြလို့ လမ်းမှန် လျှောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် တိုက်တွန်းအပ်ပါတယ်။
အိပ်စက်ရင်လည်း ငြိမ်းချမ်းစွာအိပ်စက်နိုင်ကြပါစေ။ နိုးထလာတဲ့အချိန်မှာလည်း ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြပါစေ။
Credit to ပစ်တိုင်းထောင်
K.K(ကနောင်)
lutawlupyaw
No comments:
Post a Comment