Tuesday, May 19, 2015
"ဆယ်ကျော်သက်တို့ အုပ်ထိန်းသူနှင့် ပွင့်ပွင့်လင်းလင်း ဖြစ်စေရန်"
"ဆယ်ကျော်သက်တို့ အုပ်ထိန်းသူနှင့် ပွင့်ပွင့်လင်းလင်း ဖြစ်စေရန်"
အရွယ်ရောက်ကာစ ဆယ်ကျော်သက်တွေ အနေနဲ့ အုပ်ထိန်းသူ မိဘတွေနဲ့ စကားပြောဆိုဖို့ ကြောက်ရွံ့ နေတတ်တာမျိုးတွေ ရှိပါတယ်။ တကယ်တော့ အရာအားလုံးကို ကြောက်နေတတ်တာဟာ မှားယွင်းတဲ့ အပြုအမူတွေကို ပြုလုပ်မိစေတတ်ပါတယ်။ နွေးထွေမှုရှိတဲ့ မိသားစုဆက်ဆံရေးကြောင့် ကလေးငယ်တွေရဲ့ ဘဝ ပိုမိုတိုးတက်စေဖို့ အကြံပြုချက်လေးတွေရှိ ပါတယ်။
ကိစ္စ သေးသေးလေးတွေကအစ မိဘကို ပြောပြပါ။
ကျောင်းမှာ ဘောလုံးကစားတာပဲဖြစ်စေ၊ အိမ်မှာ ဂိမ်းကစားတာပဲဖြစ်စေ၊ သင့်သူငယ်ချင်းနဲ့ အချေအတင် စကားပြောခဲ့တာပဲဖြစ်စေ၊ သင်လုပ်ခဲ့တဲ့ အကြောင်းအရာတချို့ကို ညနေ ထမင်းစားဝိုင်းမှာ ပဲဖြစ်စေ၊ မိသားစုနဲ့အတူ ညဘက် တီဗီကြည့်မယ့်အချိန်မှာပဲဖြစ်စေ သင့်မိဘတွေကို ပြောပြပါ။
မသိတာကို ချက်ချင်းမေးပါ။
ရွယ်တူ သူငယ်ချင်းတွေက ပြောကြတဲ့ စကားတွေ ဥပမာ- လိင်မှုဆိုင်ရာကိစ္စနဲ့ အမျိုးသမီးရာသီစက်ဝန်း ကိစ္စတွေကို ကြားသိလာချိန်မျိုးမှာ နားမလည်တာမျိုးတွေရှိရင် မိဘနဲ့ တိုင်ပင်သင့်ပါတယ်။ လူပျိုဖော် ဝင်ချိန်မျိုးမှာ ပြောင်းလဲတတ်တဲ့ အသံပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို သင့်မိဘကနေ တစ်ဆင့် သိရှိနားလည်ပြီး ပွင့်လင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ။
လိုချင်တာနဲ့ ဖြစ်ချင်တာကို စာနဲ့ ရေးချပါ။
ငါပြောတဲ့အတိုင်း လုပ်ရမယ်၊ ငါပြောတာကို နားထောင်ရမယ်၊ ငါခိုင်းတာကို လုပ်ရမယ် စတဲ့ စကားသံတွေကို ဆယ်ကျော်သက်တွေ အရမ်းကို မုန်းတတ်ကြပါတယ်။ ကိုယ့်မိဘ အုပ်ထိန်းသူတွေက ပြောနေတဲ့ အချိန်မျိုးမှာ ပြန်ပြောခွင့်မရှိလောက်အောင်ကို အခက်တွေ့ကြရတတ်ပါတယ်။ သူတို့ပြောတဲ့ အကြောင်းအရာတွေကို သင် ဘာကြောင့် လက်မခံနိုင်သလဲဆိုတာ အကြောင်းရင်း တိတိကျကျ ရှိတယ်ဆိုရင်၊ အဲဒီ့ အကြောင်းပြချက်တွေကို ဘယ်သူ့ကိုမှ လျှောက်ပြောဖို့ အခွင့်အရေးလည်း မရှိဘူးဆိုရင် စာအုပ်တစ်အုပ်ထဲမှာ ရေးချထားလိုက်ပါ။ သင့်မိဘတွေက သင်ရေးထားတာကို တွေ့ပြီး နားလည်ပါလိမ့်မယ်။
သက်သောင့် သက်သာဖြစ်စေဖို့ တစ်ဦးတည်းကို အရင်မေးပါ။
အထူးသဖြင့် မျိုးပွားနည်းဆိုင်ရာ ကိစ္စတွေနဲ့ လိင်မှုဆိုင်ရာကိစ္စတွေကို အိမ်မှာ သင်နဲ့ အရင်းနှီးဆုံးလို့ ထင်တဲ့ အဖေ၊ ဒါမှမဟုတ် အမေတစ်ဦးတည်းနဲ့ တိုင်ပင်တာက ပိုပြီး သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။
မျက်နှာချင်းဆိုင် ဖြေရှင်းပါ။
ကိုယ်ဖြစ်စေချင်တဲ့ ဆန္ဒတွေကို စာထဲမှာ ချရေးထားရင်း သင့်ထင်မြင်ချက်တွေဟာ သင့်အတွက် မှန်ကန်တဲ့ နည်းလမ်းတွေ ဖြစ်တယ်ဆိုရင် သင့်မိဘတွေကလည်း နားလည်လာနိုင်တာကြောင့် ကြာရင် လူကြီး မိဘတွေရဲ့ ယုံကြည်မှုကိုလည်း ရရှိစေနိုင်ပါတယ်။ ဒီတော့ သင်ပြောတာတွေကို လက်ခံလာပါလိမ့်မယ်။
အချိန်အခါနဲ့ အခြေအနေကို နားလည်ပါ။
မိဘတွေ စကားများ ရန်ဖြစ်နေလား၊ မိဘတွေ မျက်နှာကြည်လင် ရွှင်ပျမှု ရှိရဲ့လား ဆိုတာမျိုးကိုတော့ နားလည် သဘောပေါက်တတ်ဖို့ လိုပါတယ်။ သူတို့စိတ်ဆိုးနေချိန်မှာ သင်က ပြန်ပြောရင် ပိုပြီး စိတ်ဆိုး ဒေါသထွက်စေနိုင်တာကြောင့် တစ်ယောက်တည်းပဲ အခန်းထဲမှာ ငိုချင်ရင် ငိုချလိုက်ပါ။ ဒေါသထွက်ရင် သင့်ခေါင်းအုံးကို ထုရိုက်လိုက်ပါ။
ပြောစကားကို နားထောင်ပါ။
ဘာပြောပြော မှန်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သင့်ကို တစ်ခုခု ခိုင်းတာပဲဖြစ်စေ၊ မှာတာပဲဖြစ်စေ သေချာ ဂရုစိုက်နားထောင်ပေးဖို့ပါ။ သင်သိပြီးသား ကိစ္စဆိုရင်တောင် ငါးမိနစ်လောက်တော့ သေချာနားထောင်ပြီး၊ မိဘတွေ ပြောတဲ့စကားဆုံးတော့မှ ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာမျိုးကို ပြန်ပြောပါ။ ဘာမှ မပြော၊ မခိုင်းရသေးခင် မလုပ်နိုင်ဘူးဆိုတာမျိုး မဖြစ်ပါစေနဲ့။
တခြားချစ်ခင်သူကို ရှာဖွေပါ။
သင့်မိဘကိုပြောဖို့ ခက်ခဲတယ်လို့ သင့်စိတ်ထဲမှာ ခံစားရရင်၊ ဒါမှမဟုတ် သင့်အမေကို ပြောလို့ လက်မခံတာကြောင့်၊ သင့်အဖေကိုလည်း မပြောချင်ဘူးဆိုရင်တော့ သင့်ကိုချစ်တဲ့ တခြား အဒေါ်၊ အဘွား၊ ဦးလေး စတာတွေနဲ့ တိုင်ပင်ပြောဆိုဖို့ ရွေးချယ်လိုက်ပါ။
Credit : မောက္ခ
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment