"ဇာတ်ကားနာမည်ကြောင့် အွန်လိုင်းမှာ အောင်ပွဲခံနေတဲ့ ကျွန်မက နှင်းဆီပါမောင်"
အနမ်းဇာတ်ဝင်ခန်းများ ထည့်သွင်းရိုက်ကူးခဲ့ခြင်းကြောင့် မြန်မာ့ရုပ်ရှင်လောကအတွင်း ဂယက်ရိုက်ခဲ့သည့် ‘ကျွန်မက နှင်းဆီပါမောင်’ ရုပ်ရှင်ဇာတ်ကားမှာ ရုံတင်ပြသတော့မည့်အချိန်တွင်လည်း လူမှုကွန်ရက်စာမျက်နှာတွင် ဇာတ်ကားနာမည်ကို တစ်ဆင့်ကူးယူ၍ ပရိသတ်များက ခံစားချက်များကို ကူးယူ ရေးသားဖော်ပြနေမှုများကြောင့် ရုံမတင်မီကပင် ရေပန်းစားနေကြောင်း သတင်းရရှိသည်။
စာရေးဆရာမ ပုညခင် ရေးသားပြီး ဒါရိုက်တာဝိုင်း ရိုက်ကူးကာ နေတိုးနှင့် ဖွေးဖွေးတို့ အဓိက ပါဝင်သရုပ်ဆောင်ထားသည့် ‘ကျွန်မက နှင်းဆီပါမောင်’ ရုပ်ရှင် ဇာတ်ကားကို ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများတွင် ဇွန်လ ၆ ရက်၌ ရုံတင်ပြသတော့မည် ဖြစ်သည်။
ယင်းဇာတ်ကားကို ရုံတင်မပြသမီ တစ်ပတ်အလိုကတည်းကပင် ဇာတ်ကားအမည် ‘ကျွန်မက နှင်းဆီပါမောင်’ ကို မိန်းကလေးပရိသတ်အများစုက နှင်းဆီနေရာတွင် ၎င်းတို့၏ ခံစားချက်များကို အစားထိုးရေးသား၍ ဟာသဆန်ဆန် စတေးတပ်များစွာကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့ကြသည်။
‘ကျွန်မက နှင်းဆီပါမောင်’၊ ‘ကျွန်မက ဘာမှမဟုတ်ပါဘူးမောင်’၊ ‘ကျွန်မက အင်ဂျင်နီယာပါမောင်’ စသည်ဖြင့် စာသားများ အစားထိုးရေးသားခဲ့ကြပြီး အမျိုးသားပရိသတ်အချို့ကလည်း ‘ကိုယ်က တစ်ကောင်ကြွက်ပါ မေ’၊ ‘ကိုယ်က အားနွဲ့သူပါမေ’ စသည့် စာသားများကို အပြန်အလှန် ရေးသားခဲ့ကြသည်။
ပရိသတ်များစွာ စိတ်ဝင်စားမှု ရှိနေသည့် အဆိုပါရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ ပါဝင်သရုပ် ဆောင်ထားသည့် အကယ်ဒမီ ဖွေးဖွေးက ရိုက်ကူးစဉ်တွင် စိတ်အရှင်းဆုံးထားကာ အကောင်းဆုံး သရုပ်ဆောင်ထားခဲ့ပြီး ပရိသတ်များ၏ ပြန်လည်တုံ့ပြန်မှုကို ရင်ခုန်နေသည်ဟု ဆိုသည်။
‘‘ပရိသတ်တွေ ဘာပြော မလဲဆိုတာကိုပဲ ရင်ခုန်နေတယ်။ တုံ့ပြန်မှုက အကောင်းလည်းဖြစ်နိုင်သလို အဆိုးလည်းဖြစ်နိုင်ပါ တယ်’’ ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဝတ္ထုရေးသားသော စာရေးဆရာမ ပုညခင်ကလည်း ၎င်းရေးသား နာမည်ပေးခဲ့သည့် ‘ကျွန်မက နှင်းဆီပါမောင်’ အမည်မှာ ယခုကဲ့သို့ ရုံမတင်မီကပင် ပရိသတ်များကြား ပျံ့နှံ့နေပြီး အွန်လိုင်းတွင် အစားထိုးရေးသားထားကြသော မောင်စတေးတပ်များကို ဒုတိယအကြိမ် ဝတ္ထုကို ပြန်လည်ပုံနှိပ်ထုတ်ဝေပါက အမှတ်တရအနေဖြင့် ထည့်သွင်းမည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။
ဖြူဖွေးသန့်
7day daily

No comments:
Post a Comment