Wednesday, May 20, 2015

"အအေးလွန်လည်းမကောင်း၊ အပူလွန်လည်းမကောင်း"


"အအေးလွန်လည်းမကောင်း၊ အပူလွန်လည်းမကောင်း"

အလွန်ပူပြင်းသော နွေနေ့လယ်ချိန်တွင် ဆိုင်ကယ်စီးပြီး ခရီးဝေးမှ လာခဲ့သူ တစ်ဦးသည် လမ်းဘေးရှိ ကုန်စုံဆိုင်လေး တစ်ခုရှေ့တွင် ရပ်ပြီး ရေခဲပုံးဖြင့် စိမ်ထားသော အချိုရည် တစ်ဘူးကို ဝယ်ကာ အလျင်စလို သောက်ချလိုက်သည်။ ထို အချိုရည်ဘူးဖိုး ပေးရန် ခါးကြားညှပ်ထားသည့် ပိုက်ဆံအိတ်ကို ယူပြီး ငွေစက္ကူ တစ်ရွက်ကို ထုတ်ယူနေစဉ်မှာပင် ထိုသူသည် ရုတ်တရက် လဲကျသွားသည်။ ထိုသူ၏ နှုတ်ခမ်းများ ပြာနှမ်းပြီး သတိလစ်နေသဖြင့် အနီးအနားမှ လူများဝိုင်းလာပြီး ဆေးရုံပို့ရသည်။ ရုတ်တရက် အပူရှပ်၍ သတိလစ်ခြင်း၊ လေဖြတ်ခြင်း၊ Heat Stroke ဖြစ်သည်။

အညာနွေတွင် ပူလွန်း၍ Heat Stroke ဟု ယခုခေတ်တွင် ခေါ်ဝေါ်သော အပူရှပ်၍ လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြော ပေါက်ခြင်းကြောင့် လေသင်တုန်းဖြတ်ခြင်းမှာ ရှေးကတည်းက ရှိခဲ့သည်။ အညာနွေ၏ အပူဒဏ်ကို ကာကွယ်ရန် ''နွေထနောင်း၊ ဆောင်းမန်ကျည်း'' ဟူသော စကားနှင့်အညီ ထနောင်းပင်ကြီးများအောက်တွင် အပူဒဏ် သက်သာသည်ဟု စာဆို ရှိခဲ့သည်။ ထနောင်းပင်ကြီး များရှိသော ဘုန်းကြီးကျောင်းများ၏ အပင်ရိပ်အောက်တွင် ကွပ်ပျစ်၊ ဖျာချ၍ အနားယူ ကြသော ဥပုသ်သည်များကို တွေ့ဖူးပါသည်။

လွန်ခဲ့သော ရက်ပိုင်းက အင်တာနက်၊ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖတ်ရှုရသော သတင်းတစ်ပုဒ်မှာ မိုးခေါင်ပြီး ပူပြင်းသော ရွာတစ်ရွာ၌ နေ့ခင်းဘက် ထနောင်းပင်ရိပ်တွင် ရေနွေးကြမ်းတစ်အိုးနှင့် ထိုင်ပြီး ရေနွေးသောက်နေသူ အဘိုးအိုတစ်ဦးမှာ ရုတ်တရက် လဲကျသွားရာ စမ်းသပ်ချက်အရ ကိုယ်အပူချိန် လွန်ကဲပြီး သတိလစ်ခြင်း၊ အပူဖျား ဖြစ်ခြင်းကြောင့် နေပူချိန်တွင် ရေနွေးကြမ်း မသောက်သင့်ကြောင်း ရေးထားသည်ကို ဖတ်ရှုရပါသည်။ ထနောင်းပင်လည်း မကယ်နိုင်၊ ရေနွေးကြမ်းလည်း အပူဒဏ်ကို မကာကွယ်နိုင်၊ Heat Stroke ဖြစ်စေနိုင်သည်ဟု ရေးထားခြင်း ဖြစ်ပါသည်။

တစ်ရာမှာ တစ်ဦး ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ စာရေးသူသည် ငယ်စဉ်က တောရွာများနှင့် နီးစပ်သော မြို့ငယ်လေးတွင် မွေးဖွားခဲ့သူ တစ်ဦးဖြစ်သဖြင့် နေ့လယ်ခင်း အနားယူချိန်များတွင် သစ်ပင်အရိပ် ကောင်းကောင်း၌ ရေနွေးကြမ်း တစ်အိုး၊ ဆားတစ်ခွက်၊ မြေပဲဆားလှော် တစ်ပန်းကန်ဖြင့် အနားယူရင်း နှီးဖြာနေကြသော အဖိုးအိုများကို တွေ့ဖူးပါသည်။

စာရေးသူ၏ အဘိုးဆိုလျှင် ရေနွေးကြမ်း အဖန်ရည်ကျကျ သောက်လေ့ရှိပြီး လေမချုပ်စေရန် ဟုဆိုကာ လှော်ထားသော ဆားမှုန် အနည်းငယ်ကို လက်တစ်ဖျစ်မျှ ထည့်သောက်လေ့ ရှိသည်ကို အမှတ်ရနေပါသေးသည်။ အလွန် နေပူပြင်းသောအခါ အဘိုးက ရေနွေးကြမ်းဆူဆူတွင် လက်ဖက်ခြောက် အစား လက်ဖက်အစိုကို ခပ်ထည့်လေ့ရှိသည်။ လက်ဖက်အစိုသည် ဝမ်းတွင်းမှ အပူကို ငြိမ်းစေသည်ဟု ဆိုပါသည်။

အညာအရပ်တွင် ထနောင်းပင် ပေါသကဲ့သို့ မန်ကျည်းပင်လည်း အလွန်ပေါပါသည်။ ထနောင်းဖူး သုပ်စားလျှင် အပူကန်ခြင်း၊ မိတ်ထွက်ခြင်းတို့ကို သက်သာစေသကဲ့သို့ မန်ကျည်းသီးစိမ်းကို ဆားနှင့် တို့စားလျှင် အပူဒဏ်ကြောင့် အရေပြားကွဲအက်ခြင်း သက်သာစေသည်။ ရေငတ်ပြေစေသည်။ မန်ကျည်းမှည့်ကို ထန်းလျက်နှင့် ဆားအနည်းငယ် စိမ်ပြီး ညအိပ်ရာဝင်သောက်လျှင် ဝမ်းမှန်ပြီး မျက်စိနာ၊ မျက်ခမ်းစပ် သက်သာစေသည်မှာ အညာ ဆေးမြီးတိုများ ဖြစ်သည်။

အပူဒဏ်ကို ကာကွယ်ရန်နှင့် ယနေ့ ခေတ်စားနေသော Heat Stroke ခေါ် အပူရှပ် လေဖြတ်ခြင်းကို ကာကွယ်ရန်မှာ အပူ၊ အအေး မျှတအောင် ချင့်ချိန် နေထိုင်ခြင်းသာ ဖြစ်သည်။ ဆေးရုံများတွင် အပူကြီး သတိလစ် လာသူများကို ရေခဲရေဖြင့် လောင်းချနေသည်ကို ကိုယ်တွေ့ တွေ့ရဖူးပါသည်။ ထိုသူများ၌ အသက်ရှင်သူမှာ နည်းပါးသည်။ ဆေးရုံ ရောက်ပြီးမှ ဆုံးပါးသွားရသူ များစွာ ရှိပါသည်။ အပူကိုဖြစ်စေ၊ အအေးကိုဖြစ်စေ တဖြည်းဖြည်းချင်း လျှော့ချသော စနစ်ကသာ အကောင်းမွန်ဆုံး ဖြစ်ပေလိမ့်မည်။

ကြည်မြင့်လွင် (မုဒြာ)


#Yadanarpondaily

No comments:

Post a Comment