Tuesday, May 19, 2015

"အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း"

အမျိုးသားတွေမှာ ရောဂါဝေဒနာ ခံစားရတာနဲ့ ဆေးကုသမှု ခံယူရတာတွေကြောင့် လိင်စိတ်လျော့နည်းမှု ဖြစ်တတ်ပါတယ်။
အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒလျော့ နည်းမှုဖြစ်စေတဲ့ အကြောင်းရင်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

- ပန်းသေ ပန်းညှိုးရောဂါ

ပန်းသေတာ ဒါမှမဟုတ် ပန်းသေ ပန်းညှိုး ရောဂါဟာ လိင်စိတ် လျော့နည်းတာနဲ့ မတူပါဘူး။ လူငယ် ခုနစ်ရာခိုင်နှုန်းကသာ ပန်းသေ ပန်းညှိုး ဖြစ်တတ်ကြပါတယ်။ ပန်းသေ ပန်းညှိုး ရောဂါက အသက်ကြီးလာ လေလေ၊ ဖြစ်နိုင်ခြေ ပိုများလေလေပါ။ အသက် ၄၀ အရွယ်မှာ ပန်းသေ ပန်းညှိုးဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း၊ အသက် ၅၀-၅၉ နှစ်အရွယ်မှာ ရောဂါ ဖြစ်နိုင်ခြေ ၁၈ ရာခိုင် နှုန်းနဲ့ အသက် ၆၀ ကျော် အရွယ်မှာ ရောဂါဖြစ် နိုင်ခြေ ၂၅-၃၀ ရာခိုင်နှုန်း အထိ သိသိသာသာ မြင့်တက်လာပါတယ်။ ပန်းသေ ပန်းညှိုးရောဂါနဲ့ စိတ်ဖိစီးမှုက အပြန်အလှန် ဆက်နွှယ်မှုရှိပြီး လိင်စိတ်လျော့နည်းမှုကို ဖြစ်စေနိုင်ပါတယ်။ သတင်းကောင်း အနေနဲ့ ပန်းသေ ပန်းညှိုး ဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ဆေးကုသမှု ခံယူနိုင်ပါတယ်။

- ပူပင်သောကများလွန်းခြင်း

အမျိုးသားတွေမှာ ပူပင်သောက များလွန်းတဲ့ အခြေအနေကြောင့် သုက်လွှတ် စောတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို ဖိအားများတဲ့အခါ လိင်စိတ်လျော့နည်းမှု ဖြစ်ပေါ်တတ်ပါတယ်။

- စိတ်ဖိစီးမှုများခြင်း

လုပ်ငန်းခွင် စိတ်ဖိစီးမှုများပြီး စိန်ခေါ် လုပ်ကိုင်ရတဲ့အခါ အောင်မြင်အောင် မလုပ်ဆောင်နိုင်ရင် အမျိုးသားတွေက ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် လျော့နည်းလာပါတယ်။ ဒီအတွက်ကြောင့်လည်း အိမ်ထောင်ရေးမှာ မသာယာတဲ့ အဖြစ်မျိုး တွေ့ကြုံနိုင်ပါတယ်။

- ကျန်းမာရေး အခြေအနေ

အမျိုးသားတွေမှာ နာတာရှည် ရောဂါ ဝေဒနာတွေကြောင့် လိင်မှုဘဝကို ထိခိုက်စေနိုင် ပါတယ်။ ကင်ဆာနဲ့ စိတ်ကျရောဂါတို့လို ပြင်းထန်တဲ့ နာမကျန်းမှုတွေကြောင့် လိင်စိတ်ကို လျော့ကျစေနိုင်ပါတယ်။ နှလုံးသွေး ကြောရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါတွေကြောင့် မျိုးပွားအင်္ဂါအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးဆီကို သွေးရောက်ရှိမှု လျော့နည်းသွားပြီး လိင်စိတ် လျော့နည်းစေပါတယ်။ အရက်စွဲတာနဲ့ အရက်ကို အလွန်အမင်း သောက်သုံးတာကြောင့်လည်း လိင်ဆန္ဒကို လျော့ပါးစေပါတယ်။ သိုင်းရွိုက် ပြဿနာနဲ့ ပီကျူထရီဂလင်း အကျိတ် ရှိတာကြောင့်လည်း လိင်စိတ်ကို လျော့ကျစေပါတယ်။

- ဆေးကုသမှု

စိတ်ကျဝေဒနာ ကုသဆေး SSRI ဟာ လိင်စိတ်ကို ဟန့်တားနိုင်သလို သွေးတိုးကျဆေးကလည်း လိင်စိတ်ကို လျော့ကျစေပါတယ်။ မူးယစ်ဆေးတွေ သုံးရင်လည်း လိင်စိတ်ကို လျော့ကျစေပါတယ်။

- အိမ်ထောင်ရေး အဆင်မပြေခြင်း

မပျော်ရွှင်တဲ့ အိမ်ထောင်ရေး အခြေအနေကြောင့် အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းမှု ဖြစ်ရသလို အိပ်ခန်းထဲကို ဒေါသနဲ့ စိတ်ပျက်လက်ပျက် ဖြစ်ကာ စိတ်ကုန်တဲ့ အတွေးတွေ ယူဆောင်သွားတာကြောင့် လိင်စိတ်လျော့နည်း ရတတ်ပါတယ်။

- မွေးကင်းစ ကလေးငယ် ပြုစု စောင့်ရှောက်ရခြင်း

တချို့ အမျိုးသားတွေအတွက် ကလေးငယ်မွေးဖွားပြီးနောက် လိင်ဆန္ဒအတွက် အဟန့်အတား ဖြစ်လာပါတယ်။ မွေးကင်းစ ကလေးငယ်ကို ပြုစုစောင့်ရှောက်ရတဲ့အတွက် ပင်ပန်းမှုကြောင့် လိင်စိတ် လျော့နည်းရတတ်ပါတယ်။


Credit : Ygn news

No comments:

Post a Comment