Tuesday, May 19, 2015

"အပင် ကိုယ်တိုင် စိုက်ခွင့်ရသောကလေး အသီးအရွက် ပိုစားဖြစ်"

"အပင် ကိုယ်တိုင် စိုက်ခွင့်ရသောကလေး အသီးအရွက် ပိုစားဖြစ်"

ဟင်းသီးဟင်းရွက် မစားချင်ဘူးဟု  ကလေးက ငြင်းနေပါသလား။ အတင်းကျွေးဖို့ မစဉ်းစားပါနဲ့။ ကလေးကို ခြံထဲဆင်းခိုင်းပြီး ပန်းပင်လေးတွေ ကိုယ်တိုင် စိုက်ခိုင်း၊ ပျိုးခိုင်း၊ ရေလောင်းခိုင်းလိုက်ပါ။ ထိုကလေး အသီးအရွက် ပိုစားလာလိမ့်မည်ဟု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။

စစ်တမ်းကို အမေရိကန်နိုင်ငံတွင် အိုဟိုင်းယိုး ပြည်နယ် တက္ကသိုလ်နှင့် ကော်နဲတက္ကသိုလ်တို့မှ ပညာရှင်များ စုပေါင်း ပြုလုပ်ထားခြင်း ဖြစ်ပြီး ဟင်းသီးဟင်းရွက်စားဖို့ ငြင်းဆန်နေသော ကလေးများကို ကုစားဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟု ဆိုထားသည်။ ကိုယ်တိုင် စိုက်ပျိုးဖြစ်သော ကလေးများသည် အခြား ကလေးများနှင့် ယှဉ်လျှင် ဟင်းသီးဟင်းရွက် ငါးဆ ပိုစားဖြစ်ကြကြောင်း လေ့လာ တွေ့ရှိခဲ့သည်။

စစ်တမ်းရလဒ်များကို ကလေးများဆိုင်ရာ Acta Paediatrica ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။ နယူးယောက်မြို့ရှိ ကျောင်းသားငယ် (၃၇၀) ကို လေ့လာ စစ်တမ်းပြုစုထားခြင်း ဖြစ်သည်။ ကလေးများ နေ့လယ်စာ စားပုံများကို လေ့လာကာ ဟင်းသီးဟင်းရွက် စားနှုန်းကို မှတ်တမ်းတင်သည်။ ပုံမှန်အချိန်တွင် ကလေးများ၏ (၂) ရာခိုင်နှုန်းသည်သာ ကျောင်းကကျွေးသော နေ့လယ်စာထဲကနေ ဟင်းသီးဟင်းရွက်ကို ထည့်ယူ စားသောက်ကြသည်ကို တွေ့ရသည်။ ထိုကလေးများကို ကျောင်း စိုက်ပျိုးရေးအသင်းတွင် အပတ်စဉ် ပါဝင် စိုက်ပျိုးခိုင်းသည်တွင် ထိုသို့ စိုက်ပျိုးသော နေ့များ၌ ကလေး (၁၀) ရာခိုင်နှုန်းထိသည် ဟင်းသီးဟင်းရွက်များကို စားသုံးဖြစ်လာကြောင်း တွေ့ရသည်။

လိဒ် တက္ကသိုလ်က ပြီးခဲ့သည့်နှစ်က ပြုလုပ်ထားသော စစ်တမ်းအရလည်း ကလေးများကို အသက် နှစ်နှစ် ရှေ့ပိုင်းတွင် ဟင်းသီးဟင်းရွက်များ ကျွေးပါက နောင် ကြီးလာသည်အထိ ဟင်းသီးဟင်းရွက် ပိုစားဖြစ်သွားကြောင်း သိရသည်။ ကလေးငယ်များသည် အရွယ်ရောက်ပြီးသူများထက် ဟင်းသီးဟင်းရွက်များကို ပိုလက်ခံ စားသုံးတတ်ကြကြောင်း လေ့လာတွေ့ရှိခဲ့သည်။


Credit : messenger

No comments:

Post a Comment