Wednesday, May 20, 2015
" မင်္ဂလာမဆောင်ချင်ပါ "
" မင်္ဂလာမဆောင်ချင်ပါ "
ကောင်ကလေးက ဖြူနွဲ့နွဲ့လေး။ မိန်းကလေးတစ်ယောက်လို အလှအပပြင်တတ်သည်။ ကြောက်တတ်သည်။ ကျားကျားလျားလျား မရှိ။ ယောက်ျားလေးများကိုသာ စိတ်ဝင်စား၏။ ဖခင်ဖြစ်သူက အားမရတော့။ ကောင်လေးကို လက်ဝှေ့ဆရာ တစ်ယောက်ဆီအပ်ကာ လက်ဝှေ့ထိုးသင်စေသည်။ မရပါ။ လက်ဝှေ့သင်တန်းမှာ ကိုးရိုးကားရား စိတ်ပျက်စရာတွေ ဖြစ်လာသည်။ သို့သော်လည်း ကောင်လေးက လက်ဝှေ့ဆရာသမီးကိုတော့ သံယောဇဉ်ရှိ၏။ တစ်နေ့ လက်ဝှေ့ဆရာသမီးကို လူဆိုးတွေ နှောင့်ယှက်တော့ သူ မကာကွယ်နိုင်။ ထို့ကြောင့် စိတ်ထိခိုက်ပြီး သူ့စိတ်ကို ပြောင်းလဲရန် ဆုံးဖြတ်သည်။ ကျားကျားလျားလျားနေသည်။ လက်ဝှေ့ထိုးလည်း သင်သည်။ နောက်ဆုံးမှာ ကောင်လေးက နာမည်ကျော် လက်ဝှေ့သမားဖြစ်လာပြီး လက်ဝှေ့ဆရာသမီးနှင့် အကြောင်းပါသွားသည်။ ဖခင်ဖြစ်သူကတော့ ကျေနပ်လို့မဆုံးပြီ။
သည်ဖြစ်ရပ်က မြန်မာဗီဒီယို ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ မည်သို့မှလည်း အပြင်မှာ မဖြစ်လာနိုင်သော ဒဏ္ဍာရီလို ဇာတ်လမ်းမျိုးဟု ဆိုရပေမည်။ ဂေး (သို့မဟုတ်) မိန်းမစိတ်ဝင်နေသော လိင်တူချင်း စိတ်ဝင်စားသူများကို အကြောင်းတစ်ခုကြောင့် ပတ်ဝန်းကျင်ပြောင်း လှုံ့ဆော်လိုက်ရုံနှင့် ပုံမှန်ဖြစ်လာနိုင်သည်ဟု ယူဆပြီး ရိုက်ကူးထားခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် လိင်တူလူတန်းစားများကို လက်မခံနိုင်သော မြန်မာလူနေမှု အသိုင်းအဝိုင်းအကြိုက် ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ဒီလိုဇာတ်လမ်းမျိုးကို မြန်မာဝတ္ထုတွေထဲမှာလည်း မကြာခဏ တွေ့ရတတ်ပါသည်။
သို့ရာတွင် တကယ့်လက်တွေ့ဖြစ်ရပ်က ရုပ်ရှင်လိုတော့ မလှပ။ ကျားကျားလျားလျား ယောက်ျားပီသစေရန် သူ့အဖေက သူ့ကို ဇော်ဟိန်ဟု နာမည်ပေးခဲ့၏။ သို့သော် ကိုဇော်ဟိန်သည် ငယ်ငယ်ကတည်းက နုနုနယ်နယ်။ ကြောက်တတ်လန့်တတ်။ မိန်းကလေး သူငယ်ချင်းတွေနှင့်သာ မိန်းကလေးလို ကစားချင်၏။ သည်အရာကို အစ်ကိုများနှင့် ဖခင်က လက်မခံ။ သနပ်ခါးလိမ်းလျှင် ဆွဲထိုး၏။ ပုဆိုးကို ထဘီလိုဝတ်လျှင် ကြိမ်းမောင်းရိုက်ပုတ် ကြ၏။ ကိုဇော်ဟိန်မှာ ပင်ကိုဗီဇကို ဖုံးဖိပြီး အစ်ကိုတွေကို အမြဲကြောက်လန့်နေရသည်။ စိတ်ရောဂါလိုဖြစ်ကာ ကျောင်းစာလည်း ကောင်းကောင်းမသင်နိုင်။ နောက်ဆုံး သူ့ကို မိန်းမပေးစားရန် အတင်းအကျပ်လုပ်တော့ အိမ်က ထွက်ပြေးခဲ့ရတော့သည်။
‘‘ကျွန်မလည်း အနှိပ်စက်မခံနိုင်တော့ဘူးလေ။ အစ်ကိုတွေရော အဖေကရော နေ့တိုင်း ဝုန်းကြတာကိုး။ အစစ်မကိုလည်း ကျွန်မက မယူနိုင်ဘူး။ အဲဒါနဲ့ ကြည့်မြင်တိုင်ညဈေးက ပန်းရောင်းတဲ့ မိန်းမလျာတွေဆီ ထွက်ပြေးတယ်။ အနေအထိုင် ဆင်းရဲတာပေါ့။ လမ်းဘေးမှာကို အိပ်ခဲ့ရတဲ့ဘဝပါ။ မတတ်နိုင်ဘူးလေ။ ကျွန်မက ယောက်ျားလိုမှ မနေနိုင်တာ’’။
ယခုအချိန်တွင် မာမီဟိန်ဖြစ်နေသော ကိုဇော်ဟိန်က ပြောပြခြင်း ဖြစ်ပါသည်။ ယခုတော့ မာမီဟိန်က နနွင်းမကင်း၊ ရွှေကြည်မုန့်မျိုးစုံကို အိမ်မှာပြုလုပ်ကာ ဖောက်သည်ပေးပြီး လုပ်ငန်းအဆင်ပြေနေသည်။ မိဘနှစ်ပါးကိုလည်း အိမ်မှာပင် သူက တာဝန်ယူစောင့်ရှောက်ထား၏။ အိမ်နေရင်း ဘီးဆံပတ်ကြီးနှင့် သနပ်ခါးအဖွေးသား ဖြစ်နေသော မာမီဟိန်ကို သူ့အဖေက ယခုအချိန်မှာတော့ ပြုပြင်ပြောင်းလဲရန် မကြိုးစားတော့ပါ။
‘‘အခုတော့ ဒါက ပြောင်းလဲလို့မရဘူး။ ကျွန်မကိုယ်ထဲကနေ ဖြစ်နေတာဆိုတာ သူတို့သိသွားကြပြီ။ ကျွန်မလည်း ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နဲ့ အမှန်အတိုင်းနေပြီး မိဘတွေကို လုပ်ကျွေးပါတယ်။ အခုတော့ အဆင်ပြေပါတယ်။ ကျွန်မလည်း ဖြစ်ချင်လို့မှမဟုတ်တာနော်။ ဝဋ်ကြွေးကကို ပါလာတာကိုး’’။
သမိုင်းရာဇဝင်များအရ ဟိုမိုဟုခေါ်ကြသည့် လိင်တူချင်း စိတ်ဝင်စားသူများ ဟိုး ရှေးပဝေသဏီကတည်းက ရှိနေခဲ့ခြင်းဖြစ်ပါသည်။ တရုတ်ပြည်မှာဆိုလျှင်လည်း တန်မင်းဆက် လက်ထက်ကပင် ယခုမြန်မာပြည် လူ့အသိုင်းအဝိုင်းက လက်မခံကြသလိုမျိုး လိင်တူစိတ်ဝင်စားသူများကို အပြင်းအထန် ကန့်ကွက်မှုများ စတင်နေခဲ့ပြီဖြစ်ပါသည်။
အနောက်တိုင်း ဆေးပညာအလိုအရ မိန်းမလျာ၊ ယောက်ျားလျာ စသော လိင်တူချင်း စိတ်ဝင်စားသူများသည် မျိုးရိုးဗီဇ၊ အစားအသောက်နှင့် ဟော်မုန်း၊ ပတ်ဝန်းကျင်တို့ကြောင့် ဖြစ်သည်ဟု ယူဆကြပါသည်။ ပတ်ဝန်းကျင်ကြောင့် ဖြစ်ရသော လိင်တူစိတ်ဝင်စားသူများကို ပုံမှန်မိန်းမသဘာဝ၊ ယောက်ျားသဘာဝဖြစ်လာအောင် ပြောင်းလဲလို့ ရကောင်းရနိုင်ပါ၏။ သို့သော် ခန္ဓာကိုယ်က ဗီဇနှင့် ဟော်မုန်းများကြောင့် ဂေးဖြစ်လာရသော မာမီဟိန်တို့လို လူမျိုးများကိုတော့ ပြောင်းလဲလို့မရနိုင်ပါဟု ဆေး ပညာရှင်များက ဆိုပါသည်။ သည်အယူအဆကို လူသိထင်ရှား ထုတ်ဖော်ပြောကြားသူကတော့ ဟောလိဝုဒ်က နာမည်ကြီး မင်းသား၊ မင်းသမီးစုံတွဲ ဘရက်ပစ်နှင့် အန်ဂျလီနာဂျိုလီပဲဖြစ်ပါသည်။
မွေးကတည်းက ယောက်ျားလျာလေးဖြစ်နေသည့် သူတို့သမီးလေး ရှီလော့ဂျိုလီပစ်က ယောက်ျားလေးလို ဝတ်စားနေပုံနှင့်ပတ်သက်ပြီး သူတို့ ဆုံးဖြတ်ခဲ့ပုံပင်ဖြစ်ပါသည်။
၂၀၀၈ တွင် ဘရက်ပစ်က သူ၏ ဇာတ်ကားသစ် မြှင့်တင်ရေးအတွက် အော်ပရာဝင်ဖရေး၏ ရုပ်သံအစီအစဉ်ကို သွားခဲ့သည်။ ထိုအစီအစဉ်မှာ ကလေးခြောက်ယောက်၏ မိဘအဖြစ် သူနှင့် ဂျိုလီတို့၏ ဆက်ဆံရေးအပြင် ၂ နှစ်ခွဲသမီးလေး ရှီလော့၏ ယောက်ျားလျာ သဘာဝအကြောင်းကိုပါ ထည့်ပြောပြခဲ့သည်။
‘‘သမီးက သူ့ကို ဂျွန်လို့ခေါ်စေချင်တယ်။ ဂျွန် (ဒါမှမဟုတ်) ပီတာပေါ့။ ပီတာပန် ရုပ်ရှင်ကားထဲကလိုပေါ့ဗျာ။ ဒါကြောင့် ကျွန်တော်တို့က သူ့ကို ဂျွန်လို့ခေါ်ရတယ်။ ရှီရေ သမီးဘာလိုချင်သလဲဆိုရင် သူက ကျွန်တော် ဂျွန်ပါဗျာလို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်က အေးပါ ဂျွန်ရေ လိမ္မော်ရည်သောက်ချင်လားလို့ မေးရတယ်။ အဲဒီအခါကျမှ အဆင်ပြေတယ်။ ဒါက မိဘတွေအတွက် ချစ်စရာပေါ့ဗျာ။ တခြားသူတွေ အတွက်တော့ စိတ်ပူစရာပေါ့’’ ဟု ဘရက်ပစ်က အော်ပရာဝင်ဖရေးကို ပြောကြားခဲ့ပါသည်။
ဘရက်ပစ်၏ သမီးလေး ရှီလော့သည် (၃) နှစ်.အရွယ်ကတည်းကပင် ယောက်ျားလေးလို ဝတ်ဆင်ခဲ့သည်။ သူက အမြဲတမ်း တီရှပ်၊ ဘောင်းဘီတို့နှင့် လည်စည်းများကို ဝတ်ဆင်ပါသည်။ ၂ နှစ်အကြာတွင် Life & Style မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် မိခင် အန်ဂျလီနာက သမီးဖြစ်သူ ရှီလော့ကို ဘာကြောင့်ယောက်ျားလေးလို တမင် ဝတ်ပေးရသလဲဟု ဆောင်းပါးရေးကာ ဝေဖန်ခဲ့သည်။ အဝတ်အစား ဒီဇိုင်နာများကလည်း လေးနှစ်ကလေးကို ယောက်ျားလေးလို ဝတ်ဆင်စေရမလားဟု သူတို့စုံတွဲကို ဝေဖန် ပြစ်တင်ခဲ့ပါသည်။
၂၀၁၀ ပြည့်နှစ် မေးမြန်းခန်း တစ်ခုတွင် သူ့သမီးရှီလော့သည် (၃) နှစ် အရွယ်ကတည်းက သူ့ဘာသာသူ ယောက်ျားလေးလို ဝတ်ဆင်တာဖြစ်ကြောင်း ဂျိုလီက ရှင်းလင်းပြောကြားခဲ့ပါသည်။ ပြောင်းလဲလို့မရသော ဗီဇဖြစ်နေသည့်အတွက် ဂျိုလီနှင့် ဘရက်ပစ်က ကလေးကို စိတ်အနာတရ မဖြစ်ရအောင် ရှောင်ရှားပြီး သူ ကြိုက်သည့်ပုံစံဖြင့် ကြီးပြင်းစေခဲ့ခြင်း ဖြစ်ပါသည်။
‘‘သူက ကောင်လေးဖြစ်ချင်တယ်။ ဒါကြောင့် ကျွန်မတို့က သူ့ကို ဆံပင်ညှပ်ပေးတယ်။ သူက ယောက်ျားလေးတွေဝတ်တာ အကုန်ဝတ်တယ်။ သူ့ကိုယ်သူလည်း ကောင်လေးတစ်ယောက်လို့ပဲထင်တယ်’’ ဟု အန်ဂျလီနာဂျိုလီက သူ့သမီးအကြောင်းကို ပြောကြားခဲ့ပါသည်။
မကြာသေးမီက ပြုလုပ်ခဲ့သော ဂျိုလီ၏ ဇာတ်ကားသစ် ရုံတင်အစမ်းပြပွဲတွင် (၈) နှစ် သမီး ရှီလော့ကို ဖခင်ဘရက်ပစ်၊ သူ့ အစ်ကိုများနှင့်အတူ အမျိုးသား အနောက်တိုင်းဝတ်စုံကို ကျကျနနဝတ်ပြီး အခမ်းအနားကို တက် ရောက်ခဲ့သည်ကို တွေ့ရပါသည်။
သားယောက်ျားလေးကို ရှားရှားပါးပါး တန်ဖိုးထားကြသည့် မြန်မာအပါအဝင် အာရှနိုင်ငံများ၌ ယောက်ျားစိတ်ပေါက်သူ မိန်းကလေးထက် မိန်းမစိတ်ပေါက်သူ သားယောက်ျားလေးကို လူထု အသိုင်းအဝိုင်းက ပို၍ လက်မခံနိုင်ကြ။ ရှက်စရာဟုထင်ကြ၏။ ၎င်းတို့ကို သူလိုငါလို လူတန်းစားတစ်မျိုးလို့ မသတ်မှတ်ပေးနိုင်သကဲ့သို့ လှောင်ပြောင်စရာ နိမ့်ကျသည့် အသိုင်းအဝိုင်းဟု သဘောထားကြသည်။ အနောက်နိုင်ငံများမှာလည်း တစ်ချိန်တုန်းက ယခုလို ဖြစ်ခဲ့ကြပြီး ယခုအချိန်မှာတော့ ဆေးဘက်ဆိုင်ရာ ရှုထောင့်အရ လူသားချင်း စာနာထောက်ထားစရာအဖြစ် သတ်မှတ်ကာ စတင်လက်ခံပေးနေကြပါပြီ။ အမေရိကန်နိုင်ငံရှိ ပြည်နယ် ၃၇ ခုတွင် လိင်တူများ လက်ထပ်ခြင်းကို တရားဝင် လက်ခံပေးနေကြသည်။ ထို့အတူ လိင်တူ စိတ်ဝင်စားသူများကလည်း ပင်ကိုဗီဇ စရိုက်ကိုဖုံးကွယ်စရာမလိုဘဲ သူတို့လုပ်ငန်းများကို အောင်မြင်စေရန် ခွင့်ပြုပေးခဲ့ကြပါသည်။ ဂျာမနီဆိုလျှင် ဂေးတစ်ဦးကို ဘာလင်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခွင့် ပေးခဲ့ပါသည်။ ဥရောပနိုင်ငံတစ်ခုဖြစ်သည့် လူဇင်ဘတ်ကတော့ ပြောစမှတ်ပင် ဖြစ်ခဲ့ရသည်။
လူဇင်ဘတ်နိုင်ငံ၏ ဝန်ကြီးချုပ် Xavier Bettel မှာ ဂေး ဝန်ကြီးချုပ် ဖြစ်ရုံသာမက သူ၏ ချစ်သူနှင့်ပင် မကြာမီရက်ပိုင်းက လူသိရှင်ကြား လက်ထပ်ခဲ့ပါသည်။ ယင်းကို လက်ခံသူများရှိသော်လည်း ခါးခါးသီးသီးလက်မခံသူ နိုင်ငံများလည်း အများအပြားရှိပါသည်။
မည်သူမဆို ကိုယ့်သား၊ ကိုယ့်သမီးကို သဘာဝအတိုင်းသာ ကြည့်ချင်၊ မြင်ချင်ကြပါသည်။ သဘာဝကျော်လွန်ပြီး ဖြစ်နေတာကိုတော့ မည်သူမျှ မကြိုက်ပါ။ သို့သော်လည်း ကိုယ့်သားသမီး၏ လက္ခဏာသည် ပြုပြင်လို့ရသော ပတ်ဝန်းကျင်ကြောင့် လား၊ ဗီဇလား၊ ဟော်မုန်းလားဆိုသည်ကိုတော့ ပြန်လည်ဆန်းစစ်ရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက မာမီဟိန်တို့လို စိတ်ဒဏ်ရာရကာ အိမ်ကထွက်ပြေး ဒုက္ခရောက်ရသော အဖြစ်ဆိုးမျိုး ကြုံတွေ့လာနိုင်ပါသည်။ မာမီဟိန်ကတော့ သူ့အနေဖြင့် ဂေးဝန်ကြီးချုပ်လည်း မဖြစ်ချင်သလို မင်္ဂလာလည်း မဆောင်ချင်ပါဟု ပြောပါသည်။
‘‘အဲဒီလိုတွေ မလုပ်ရလည်း ရပါတယ်အေ။ ကျွန်မတို့ကို အခြောက်များဆိုပြီး မဝုန်းကြရင်ကို ကျေနပ်လှပါပြီ။ အခုတော့ ကျွန်မတို့ကိုများ လူတွေက နိုင်လိုက်ကြတာ ဆိုတာလေ။ စရင်လည်း လူကို ငုတ်တုတ်ထား၊ ပေါ်တင်တွေကိုစတာ။ ကျွန်မတို့မှာ ခံနမာဘီဘီတွေကိုဖြစ်လို့’’...
Credit : 7day daily
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment