Thursday, June 18, 2015

"မိုးရာသီမှာ လုပ်သင့်တဲ့ အရေပြား ထိန်းသိမ်းနည်းလေးတွေ"


"မိုးရာသီမှာ လုပ်သင့်တဲ့ အရေပြား ထိန်းသိမ်းနည်းလေးတွေ"

ပူပူအိုက်အိုက် ချွေးတလုံးလုံး အခြေအနေကနေ စိုစိုထိုင်းထိုင်း ရာသီကို ပြောင်းလာတဲ့အခါ အဆီပြန်တာ၊ ခြောက်တာ၊ ရေဓာတ်ခန်းခြောက်တာ စသဖြင့် အရေပြားပြဿနာလေးတွေ ကြုံရတတ်တာမို့ မိုးရာသီနဲ့ လိုက်ဖက်ညီအောင် လုပ်သင့်တဲ့ အသားအရေထိန်းသိမ်းနည်းလေးတွေ ဖော်ပြပေးချင်ပါတယ်။

ရေကိုတော့ များနိုင်သမျှ များများ     သောက်ပေးသင့်ပါတယ်။ ဒါမှလည်း ခန္ဓာကိုယ်အတွက် ရေဓာတ်ပြည့်ဝနေပြီး မလိုအပ်တဲ့ အဆိပ်အတောက်တွေ ဖယ်ရှားနိုင်မှာမို့ပါ။ အဆီပြန်သူတွေ အသားအရေကောင်းဖို့ဆိုရင် အုတ်ဂျုံမှုန့် (ဒါမှမဟုတ်) သင်္ဘောသီးမှည့်နဲ့ ပွတ်တိုက်ဆေးကြောမှုမျိုး လုပ်သင့်ပါတယ်။ မိုးရေထဲ အကြာကြီးသွားလာပြီးရင် ဦးရေပြားမှာ စိုထိုင်းထိုင်း ဖြစ်သွားသလို ခြေထောက်အရေပြားတွေ တွန့်ကုန်တတ်ပြီး မှိုရောဂါတွေ ကူးစက်ဖြစ်ပွားတတ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် လွယ်လွယ်ကူကူ သက်သာပျောက်ကင်းဖို့အတွက် ဒိန်ချဉ်ရှိရင်ကို အဆင်ပြေပါတယ်။ ဒိန်ချဉ်က မှိုရောဂါတွေကို နိုင်နင်းတာမို့ ဖြစ်တဲ့နေရာတွေမှာ ဒိန်ချဉ်သုတ်လိမ်းပေးတာမျိုး လုပ်နိုင်ပါတယ်။

နောက်ပြီး ရေနဲ့ အများဆုံး ထိတွေ့ခံရတဲ့ ခြေထောက်တွေမှာ ရောဂါကူးစက်မခံရဖို့ အရေးကြီးတာကြောင့် ခြေထောက်ကို အမြဲ သန့်ရှင်းခြောက်သွေ့နေစေပြီး အနံ့ဆိုးမထွက်စေဖို့ လိုပါတယ်။ ရေခပ်နွေးနွေးထဲမှာ ဒက်တောလို ပိုးသတ်ဆေးနှစ်စက်၊ သုံးစက်လောက်ထည့်ပြီး     ခြေထောက်ကို ၁၅ မိနစ်လောက် စိမ်ထားကာ အ၀တ်နုနုနဲ့ ခြောက်သွေ့နေအောင် သေချာသုတ်ပြီး လိုးရှင်းတစ်ခုခု လိမ်းထားသင့်ပါတယ်။

ရေချိုးတဲ့အခါမှာလည်း ရေပူတို့၊ ရေနွေးငွေ့တို့နဲ့ ရေချိုးတာမျိုးက အသားအရေ ခြောက်သွေ့ပျက်စီးစေနိုင်တာကြောင့် ရှောင်ရှားသင့်ပါတယ်။ ခပ်နွေးနွေး အခြေအနေလေးနဲ့ ချိုးတာမျိုးပဲ လုပ်သင့်ပါတယ်။ နေလောင်ခံလိမ်းဆေးကိုလည်း နွေရာသီမှာလိုမျိုးပဲ လိမ်းပေးဖို့ လိုအပ်ပါတယ်။ အရည်အသွေးကောင်းတဲ့ လိုးရှင်းရွေးချယ်သုံးသင့်ပြီး တစ်နေ့ နှစ်ကြိမ်လောက်ဖြစ်ဖြစ် မျက်နှာနဲ့ အလင်းရောင်ထိတွေ့တဲ့ နေရာတွေကို လိမ်းပေးသင့်ပါတယ်။

မျက်နှာသစ်တဲ့အခါမှာလည်း မျက်နှာ ကြေးချွတ်ဆေးတွေနဲ့ ဆပ်ပြာအပြင်းစားတွေ မသုံးသင့်ပါဘူး။ အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်ပြီး ခြောက်သွေ့စေလို့ပါပဲ။ နောက်ပြီး ဓာတ်တုဆေးပါ အလှကုန်တွေ သုံးမယ့်အစား သဘာဝပစ္စည်းတွေနဲ့ပဲ အရေပြား ထိန်းသိမ်းသင့်ပါတယ်။ ခြေသည်း၊ လက်သည်းတွေကိုလည်း သန့်စင်အောင်ထားသင့်သလို မလိုအပ်တဲ့ အမွေးအမျင်တွေကိုလည်း ရှင်းလင်းထားဖို့ လိုပါတယ်။ အရေပြား စိုပြည်ကျန်းမာနေစေဖို့အတွက် ဟင်းသီးဟင်းရွက်တွေနဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ သီးနှံတွေ များများစားပေးဖို့ လိုပါတယ်။ ထိခိုက်ခံစားလွယ်တဲ့ အရေပြားပိုင်ရှင်တွေဆိုရင် စိုစွတ်စွတ်ရာသီတွေမှာ ဖန်စီအလှအပ ပစ္စည်းတွေ မ၀တ်တာ အကောင်းဆုံးပါပဲ။ ဖန်စီတွေမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်ပြီး အနာဖြစ်စေနိုင်လို့ပါ။

-Ref: Healthmeup


Credit: 7day daily

No comments:

Post a Comment