Monday, May 4, 2015

"ယခုနှစ် လက်ကိုင်ဖုန်းမှတဆင့် မိုးကြိုးပစ်ခံရ၍သေဆုံးသူ ရာကျော်ရှိ"

"ယခုနှစ် လက်ကိုင်ဖုန်းမှတဆင့် မိုးကြိုးပစ်ခံရ၍သေဆုံးသူ ရာကျော်ရှိ"

မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလများတွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသူ ရာကျော်ရှိလာပြီး အဆိုပါသေဆုံးသူအများစုသည် လက်ကိုင်ဖုန်းမှတဆင့် လျှပ်စီးဝင်၍ မိုးကြိုးပစ်ခံရသူများ ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

ယင်းသို့မိုးကြိုးပစ်ခံရ၍ သေဆုံးသူများအနက် အများစုသည် မိုးခြိမ်းစဉ် လက်ကိုင်ဖုန်းများ ပြောနေသဖြင့် လက်ကိုင်ဖုန်းဆက်သွယ်ရေးတွင် ပါဝင်သည့် Electronicmagnetic Wave များနှင့် လျှပ်စီးတွင်ပါဝင်သည့် ဓါတ်ဖို၊ ဓါတ်မ ဆွဲငင်မှုများကြောင့် မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဖုန်းပြောတယ်ဆိုတာက Electromagnetic Wave တွေကို အသုံးပြုပြီးတော့ ဆက်သွယ်တာပါ။ ဒါကြောင့် မိုးတိမ်တောင်ထဲမှာလည်းရှိတဲ့ ဓာတ်ဖို၊ ဓာတ်မတွေက လျှပ်စီးမှာပါလာပြီးတော့ စောစောက ဖုန်းက ဓာတ်တွေနဲ့ ဆွဲငင်ပြီးတော့ မိုးကြိုးပစ်ခံရတာကို အခုနောက်ပိုင်းမှာ တွေ့လာရတယ်။ မိုးကြိုးပစ်ခံရပြီး သေဆုံးတဲ့အထဲမှာ ဖုန်းကနေတဆင့် မိုးကြိုးအပစ် ခံရတာကို အခုနောက်ပိုင်းများ တော်တော်များများ တွေ့လာရတယ်။ အကောင်းဆုံးကတော့ မိုးခြိမ်းတဲ့အချိန်မှာ လက်ကိုင်ဖုန်းတွေ မပြောဖို့ပါဘဲ” ဟု ဒု/ညွှန်ချုပ် ဦးကျော်မိုးဦးက ဆိုသည်။

ထို့အပြင် ယခုရာသီသည် မိုးကြိုးအပစ်များသည့် ရာသီဖြစ်ပြီး ဧပြီနှင့် မေလအကြားတွင် မိုးရွာသွန်းမှုများဖြစ်ပေါ်တိုင်း မိုးကြိုးပစ်မှုများပါ ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးရွာသွန်း၍ မိုးခြိမ်းသည့် ဖြစ်စဉ်များ ဖြစ်ပေါ်နေချိန်တွင် လက်ကိုင်ဖုန်းများ အသုံးမပြုကြရန်နှင့် နေအိမ်များရှိ လျှပ်စစ်နှင့်အသုံးပြုနေသည့် တီဗွီ၊ ရေဒီယို စသည့်အရာများပါ အသုံးမပြုရန် သတိထားသင့်ကြောင်း ဦးကျော်မိုးဦးက ဆိုသည်။

““ဖုန်းအသုံးပြုတာကလည်း အိမ်ထဲမှာသုံးတဲ့လူနဲ့ အိမ်အပြင်မှာသုံးတဲ့လူနဲ့ ဆိုရင် အိမ်အပြင်မှာသုံးတဲ့လူက ပိုပြီး မိုးကြိုးပစ်ခံရလွယ်တယ်။ အိမ်အပြင်မှာက အကာအရံမရှိတဲ့အတွက် မိုးကြိုးပစ်တယ် ဆိုတာက အမြင့်ဆုံးရှိတဲ့ အရာကိုပစ်တယ်။ လယ်ကွင်းထဲမှာ အမြင့်ဆုံးက လူဆိုရင် လူကိုပစ်တာပဲ။ မိုးတွေခြိမ်းနေတဲ့ အချိန်မှာ အိမ်အပြင်မှာလည်းဖြစ်မယ်။ လက်ကိုင်ဖုန်းကိုလည်း ပြောနေမယ်ဆိုရင် ဒါမိုးကြိုးပစ်ခံရနိုင်ဖို့ ရာခိုင်နှုန်းတော်တော် များသွားပြီ” ဟု ဦးကျော်မိုးဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိရာသီဥတု အခြေအနေမှာ ဧပြီလ ၂၉ ရက်နေ့မှ နောက်လေးရက်အတွင်း တနိုင်ငံလုံး အတိုင်းအတာဖြင့် မိုးရွာသွန်းမှု လျော့သွားနိုင်ကြောင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းများတွင် မိုးဆက်လက်ရွာသွန်းမှုများ ရှိနေကြောင်း ဦးကျော်မိုးဦးက ပြောသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


No comments:

Post a Comment