Thursday, June 11, 2015

"သင်အ၀တ်များတဲ့ အ၀တ်အစား အရောင်တွေက သင်ဘယ်လို လူမျိုးလဲဆိုတာ ပြောပြနိုင်"


"သင်အ၀တ်များတဲ့ အ၀တ်အစား အရောင်တွေက သင်ဘယ်လို လူမျိုးလဲဆိုတာ ပြောပြနိုင်"

သင်အ၀တ်အများဆုံး အကျီ င်္အရောင်ဟာ ဘာအရောင်များပါလဲ။ သင်အ၀တ်များတဲ့ အကျီ င်္အရောင်ကို ကြည့်ပြီး သင်ဟာဘယ်လိုလူမျိုး ဖြစ်မလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အရောင်တွေထဲက သင်အ၀တ်အများဆုံး အရောင်က သင့်အကြောင်း ဘာပြောပြပေးနေသလဲဆိုတာ ရွေးပြီး ဖတ်ကြည့်လိုက်ပါဦး။

၁။အနက်
အနက်ရောင်ဟာ စိတ်အတွင်းအားကို အဓိက ပြသပေးနိုင်တဲ့ အရောင်ပါပဲ။ အနက်ရောင်ကို အ၀တ်များတဲ့သူဟာ စိတ်ခွန်အား ပြင်းထန်တဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် အနက်ရောင်တွေချည်း အပေါ်အောက် ဆက်တိုက် ၀တ်မယ်ဆိုရင်တော့ သူက အလွန်အကျွံဘက်ကို ရောက်သွားတတ်လို့ ဂရုစိုက်သင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အနက်ရောင် ၀မ်းဆက်သဘော ၀တ်မယ်ဆိုရင်လည်း အခြား accessory လေးတွေနဲ့ တွဲဝတ်သင့်ပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်ရင် အချိန်တိုင်း ပေါ်ပြူလာအဖြစ်ဆုံး အရောင်ဟာ အနက်ရောင်ပါ။ သူက ခေတ်လည်းဆန်သလို ဂန္တဝင်ဆန်တဲ့ဘက်လည်း ရောက်ပါတယ်။

၂။အဖြူ
အဖြူရောင်ကတော့ ၀တ်ထားလိုက်ရင်ကို သင့်ကို သန့်သန့်လေး ဖြစ်နေစေပါလိမ့်မယ်။ ဒါ့အပြင် အဖြူရောင်ဟာ လူကို အပြစ်ကင်းတဲ့ ဖြူစင်တဲ့ပုံလည်း ပေါက်စေပါတယ်။ အဖြူရောင် အ၀တ်များသူဟာ လုပ်ငန်းဆောင်တာတွေကို ပြီးစီးအောင် ဆောင်ရွက်တတ်သူ၊ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့ ကြိုးစားသူ တစ်ယောက်ဖြစ်ပြီး ကိစ္စရပ်တွေကို အတိအကျလုပ်ဆောင်တတ်သူတွေ ဖြစ်ပါတယ်။

၃။အပြာ
အပြာရောင်ဟာဆိုရင်လည်း တွေ့နေကျအရောင်တွေထဲက တစ်ခုပါပဲ။ ဒီအရောင်ဟာ လူကို တည်ငြိမ်စေတယ်လို့ ဆိုကြပါတယ်။ ဒီအရောင် အ၀တ်များသူတွေဟာ ရိုးသားခြင်းကို သဘောကျကြသလို သူတို့ကိုယ်တိုင်ကလည်း လူတွေ ယုံကြည်အားကိုးရလောက်အောင် နေထိုင်ပြတတ်ကြပါတယ်။ ဒါ့ကြောင့် အပြာရောင်ကို ဆေးရုံဝန်ထမ်းတွေရဲ့ ၀တ်စုံတွေ၊ ဘဏ်နဲ့ပတ်သက်တဲ့ တံဆိပ်၊ logo တွေနဲ့ ဥပဒေရေးရာ ၀တ်စုံ စတာတွေမှာ တွေ့နိုင်တာပါ။

၎။အစိမ်း
အစိမ်းရောင်ကတော့ တည်ငြိမ်တဲ့အရောင်တစ်ခုဆိုတာထက် သဘာဝကို ကိုယ်စားပြုပေးတဲ့ အရောင်ပါ။ သင်ဟာ သဘာဝဆန်တာတွေကို နှစ်ခြိုက်တဲ့သူတစ်ယောက်ဆိုရင် အစိမ်းရောင်ကိုပဲ ရွေးချယ်တတ်ပါလိမ့်မယ်။ အစိမ်းမှာမှ အစိမ်းမျိုးစုံတော့ ကွဲသွားတတ်ပါတယ်။ ဒါ့အပြင် အစိမ်းရောင်ဟာ လောဘကြီးတဲ့ သဘောကိုလည်း ဆောင်နေပါတယ်။ အစိမ်းတွေထဲမှာမှ သင်ဟာ စစ်စိမ်းရောင်ကို သဘောကျတယ်ဆိုရင်တော့ သင်ဟာ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်တတ်သူ၊ စည်းမျဉ်းတွေကို လိုက်နာသူဖြစ်ပြီး တခြားသူတွေ လေးစားအောင်လည်း နေတတ်ပါတယ်။

၅။အညို
အညိုရောင်နဲ့ အခြားအသားရောင်စတာတွေ အ၀တ်များတဲ့သူတွေဟာ စကားဝိုင်းတစ်ခုကို စိတ်ဝင်စားအောင် ဦးဆောင်ပြောဆိုနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် အစည်းအဝေးပွဲတွေဘာတွေ ရှိနေရင် သင်အညိုရောင် ၀တ်သွားတာဟာ အထောက်အကူ ပြုပါတယ်။ ဒါ့အပြင် အညိုရောင်ဟာ ကျွန်ုပ်တို့ကမ္ဘာမြေကြီးရဲ့ အရောင်လည်း ဖြစ်တာကြောင့် ဒီအရောင်အ၀တ်များသူဟာ လက်တွေ့ကျကျ လုပ်ဆောင်နိုင်သူ ဆိုရင်လည်း မမှားပါဘူး။

၆။မီးခိုးရောင်
မီးခိုးရောင်အ၀တ်များတဲ့သူတွေဟာ ဂန္တဝင်ဆန်တာမျိုးတွေကို သဘောကျတယ်၊ စိတ်ချယုံကြည်ရတဲ့သူတွေလို့ ဆိုထားပါတယ်။ ဒါပေမယ့် မီးခိုးရောင်ချည်း အပေါ်အောက် ဝတ်တာမျိုးတွေဟာ ပျင်းဖိုံကောင်းတာမို့ အခြား အရောင်တောက်တဲ့ accessory တွေနဲ့ တွဲဖက်ဝတ်ဆင်ဖို့ သင့်လှပါတယ်။

၇။အနီ
အနီရောင့်ကတော့ သင့်စိတ်အားထက်သန်တာကို ပြသပြီး ပါဝါကြီးမားတဲ့ အရောင်တစ်ခုဖြစ်ပါတယ်။ သူက လွှမ်းမိုးချင်စိတ်ရှိသူတွေ ရွေးချယ်တတ်တဲ့အရောင်ပါပဲ။ အခန်းတစ်ခန်းထဲ အနီရောင်ဝတ်ပြီး ၀င်သွားရင် ဘယ်သူမဆို သတိပြုမိနေသလိုပေါ့။ အားလုံးရဲ့အာရုံတွေကို ဖမ်းစားချင်တတ်သူတွေဟာ အနီရောင်ကို ရွေးချယ်ပါတယ်။ ဒါ့အပြင် သူဟာ တက်ကြွပြီး ရဲရင့်ခြင်း အသွင်ကိုဆောင်တာမို့ လူတစ်ယောက် ကိုယ့်ကို ဘယ်တော့မှ မေ့မသွားစေချင်ရင် အဲ့ဒီလို အထူးတလည် နေ့မျိုးတွေမှာ အနီရောင်ကိုသာ ရွေးချယ်လိုက်ပါ။

၈။ပန်းရောင်
ပန်းရောင်ကလည်း စိတ်အားထက်သန်မှုကို ပြနေတဲ့ အရောင်ပေမယ့် အနီရောင်လောက်တော့ မပြင်းပါဘူး။ သင်ဟာ ပန်းရောင် အ၀တ်များတယ်ဆိုရင် ရက်ရောပြီး တစ်ပါးသူကို နားလည်ပေးတတ်သူလို့ ဆိုရမှာပါ၊ နောက်တစ်ချက်ကတော့ ပန်းရောင်ဟာ မိန်းကလေးဆန်တဲ့ အရောင်ဆိုတာပါပဲ။

၉။ခရမ်းရောင်
ခရမ်းရောင်ကို ရွေးချယ်ဝတ်ဆင်သူဟာ တော်တော်လေးကို နည်းပါတယ်။ သူက ပြတ်သားပါတယ်။ ချစ်ရင်ချစ်၊ မချစ်ရင်မုန်းဆိုတဲ့ လူစားမျိုးတွေသာ ရွေးချယ်တတ်တဲ့အရောင်ပါ။ သူက သစ္စာတရားကို ကိုယ်စားပြုသလို အနီရောင်လိုပဲ အားလုံးကြားမှာ ထင်းနေချင်ရင် ရွေးသင့်တဲ့အရောင်ပါ။ ခရမ်းရောင်အများဆုံး ၀တ်ဆင်သူတွေဟာ တခြားလူတွေနဲ့မတူ ထူးခြားတဲ့သူတွေဖြစ်ပြီး အနုပညာဖန်တီးမှုစွမ်းရည် မြင့်မားသူတွေ ဖြစ်တတ်ပါတယ်။

၁၀။အ၀ါရောင်
အ၀ါရောင်ဟာ နေကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ဒီအရောင်ကို အ၀တ်များသူဟာ ထူးချွန်တဲ့သူတွေဖြစ်ပြီး အမြဲပျော်ရွှင်တက်ကြွနေတဲ့ သူတွေလို့ ဆိုပါတယ်။ နောက်ထပ် အ၀ါရောင်ဟာ အကြောက်တရားကိုလည်း ရည်ညွန်းနေသေးတာမို့ သင်ဟာ ရှက်တတ်တဲ့သူတစ်ယောက်ဆိုရင် အ၀ါရောင်ကို ရှောင်ဝတ်သင့်ပါတယ်။

၁၁။လိမ္မော်ရောင်
လိမ္မော်ရောင်ကတော့ ကလေးတွေနဲ့ လေ့လာသင်ကြားခြင်းကို ကိုယ်စားပြုထားတဲ့ အရောင်ပါ။ တကယ်လို့ သင်ဟာ လိမ္မော်ရောင်ကို အ၀တ်များသူဆိုရင် သင်ဟာ ကိစ္စရပ်တွေကို အပြင်းအထန် ဂရုတစိုက်ကို လုပ်ဆောင်တတ်သူလို့ ပြောရမှာပါ။ တကယ်လို့ သင်ဟာ ငယ်ရွယ်ချင်တဲ့သဘောမျိုး ရှိတယ်ဆိုရင်တော့ လိမ္မော်ရောင်ကို ၀တ်ဆင်သင့်ပါတယ်။

 ခုပြောပြသွားတဲ့အရောင်တွေမှာ အခြားအနက်အဓိပ္ပါယ်တွေလည်း ရှိနေပါသေးတယ်။ ဒါ့ကြောင့် ကိုယ့်ဝတ်စုံ၊ ကိုယ်ဝတ်ထားတဲ့အရောင်က ကိုယ်နဲ့အဆင်ပြေပြီး နေရထိုင်ရသွားလာရတာ ပေါ့ပါးပျော်ရွှင်နေတယ်ဆိုရင်တော့ ကိုယ်ရွေးချယ်မှုအတိုင်းသာ ဆက်လက်လုပ်ဆောင်သင့်ပါတယ်။


ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment