Thursday, October 1, 2015

"အချစ်ဟောင်းကို ခွင့်လွှတ်ခြင်း"


"အချစ်ဟောင်းကို ခွင့်လွှတ်ခြင်း"

လူဆိုတာ ကိုယ့်ကိုနာကျင်စေတဲ့လူတွေကို မုန်းတီးတတ်ကြတာ ဓမ္မတာပါပဲ။ အထူးသဖြင့် ကိုယ့်ကို အသည်းခွဲလှည့်စားသွားသူကို မုန်းတီးပြီး ဘယ်တော့မှ ခွင့်မလွှတ်နိုင်လောက်အောင် စိတ်ထဲမှာ ဒဏ်ရာအနာတရ ဖြစ်နေတတ်ပါတယ်။

ဒီလိုနာကျင်မှုတွေကို ရင်ထဲမှာ အမြဲသိမ်းထားတော့မှာလား။ ကိုယ့်အသည်းကို ခွဲသွားတဲ့သူကို ဒီလိုပဲ အမြဲမုန်းတီးနေတော့မှာလား။ သူ့ကို ခွင့်လွှတ်ဖို့ နည်းနည်းမှ မစဉ်းစားမိတော့ဘူးလား။


ရင်ထဲမှာနာနေတဲ့အမျှ မုန်းတီးမှုဒေါသတွေကလည်း ကြီးထွားလာမှာမို့ ကျန်ရှိနေတဲ့ဘ၀ခရီးလမ်းမှာ အချစ်သစ်ဆိုတာကို မမြင်နိုင်လောက်အောင် ဖြစ်သွားပါလိမ့်မယ်။

ပြီးခဲ့တဲ့ အတိတ်ဇာတ်လမ်းဟောင်းကလူကို ခွင့်လွှတ်လိုက်တာဟာ အချစ်သစ်ဇာတ်လမ်းကို စတင်ဖို့အတွက် မိမိစိတ်ကို မိမိလွတ်မြောက်ခွင့် ပေးလိုက်တာပါပဲ။

ခါးသီးတဲ့အတိတ်ထဲမှာပဲ တ၀ဲလည်လည် နေထိုင်နေမယ့်အစား ချိုမြိန်တဲ့ အချစ်သစ်ဆိုတာကို ခံစားဖို့ အချိန်တန်ပြီဆိုတာကို တွေးမိပါရဲ့လား။
သူတစ်ပါးကြောင့် ကိုယ့်မှာ နာကျင်ရတယ် ခံစားရတယ်ဆိုတာမျိုး မဖြစ်စေတာ အကောင်းဆုံးပါပဲ။

အချိန်တွေကြာလာတာနဲ့အမျှ ဒေါသစိတ်တို့လည်း ဖြေဖျောက် လျော့နည်းလာနိုင်အောင် ကြိုးစားသင့်ပါတယ်။ သူ့အပေါ် ပြဿနာရှာပြီး ရန်တွေ့နေမယ့်အစား ကိုယ့်စိတ်လေးကို အေးချမ်းအောင်နေပြီး မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ကြည့်တဲ့အခါမှာ သူ့ကြောင့် ကိုယ့်မှာ ဒေါသ မဖြစ်ရတော့ဘူးဆိုတာကို တွေ့ရရင် သင်ဟာ အလွန်အဖိုးထိုက်တန်သူပါပဲ။

စာရွက်တစ်ရွက်ထဲမှာ သူပေးသွားတဲ့ သင်ခန်းစာတွေကို ချရေးလိုက်ပါ။ ကိုယ့်စိတ်ကို ဒဏ်ရာအနာတရ ဖြစ်စေတဲ့ သူ့ကြောင့် ကိုယ့်မှာ စိတ်ဒဏ်ရာရပေမယ့် ဒါတွေဟာ ကိုယ့်ကိုဘယ်လိုမှ အကျိုးသက်ရောက်မှု မရှိတော့ဘူးဆိုတာကို စာရွက်ထဲမှာချရေးလိုက်ပြီး သူ့ကို ခွင့်လွှတ်ပေးလိုက်ပါ။ အတိတ်က သင်ခန်းစာတွေကြောင့် ဆောင်ရန်၊ ရှောင်ရန်လေးတွေကို သိမြင်ခဲ့ပြီးဖြစ်လို့ အချစ်သစ်နဲ့ ခရီးလမ်းဟာ ဖြောင့်ဖြူးသာယာမှာ အသေအချာပါပဲ။

မိမိစိတ်ကို နာကျင်စေတဲ့အချစ်ဟောင်းကို ခွင့်လွှတ်နိုင်လိုက်ပြီးရင် သင်ဟာ အရင်ကနဲ့ ဘာမှမဆိုင်အောင် ပြောင်းလဲသွားပါပြီ။
ကိုယ့်ကို သင်ခန်းစာပေးသွားတဲ့သူကို ကျေးဇူးပင် တင်နေသင့်ပါသေးတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်

Credit: kyawzinhein.

No comments:

Post a Comment