Tuesday, March 15, 2016

"ရည်းစားဟောင်းနဲ့ မိတ်ဆွေသူငယ်ချင်း ပြန်ဖြစ်နိုင်မလား"


"ရည်းစားဟောင်းနဲ့ မိတ်ဆွေသူငယ်ချင်း ပြန်ဖြစ်နိုင်မလား"

ချစ်သူရည်းစား ဖြစ်ခဲ့ဖူးသူနဲ့ မိတ်ဆွေသူငယ်ချင်းအဖြစ် ပြန်ခင်မင် ဆက်ဆံတယ်ဆိုတာ နိုင်ငံရပ်ခြားမှာ မထူးဆန်းပါဘူး။ သူတို့က လမ်းကြုံရင် ပြုံးရယ် နှုတ်ဆက်တာမျိုး၊ လူမှုကွန်ယက်ဝက်ဘ် ဆိုဒ်တွေပေါ်မှာ မေးထူးခေါ်ပြော ဆက်ဆံ ပတ်သက်နေတာမျိုး၊ နောက်ဆုံး လုပ်ဖော်ကိုင်ဖက်အဖြစ် အခင်အမင်မပျက် ဆက်နေနိုင်တာမျိုးတွေအပြင် ဒီ့ထက်ရင်းနှီးတဲ့ မိသားစုချင်း ဆက်ဆံပတ်သက်မှုတွေအထိ ဆက်လက် ပတ်သက်နိုင်တာမျိုးတွေ ရှိပါတယ်။ အထူးသဖြင့် တိုးတက်တဲ့ နိုင်ငံတွေမှာပေါ့။

သူတို့ဆီမှာက စတွဲမိတယ်ဆိုကတည်းက ကိုယ်စီက တွဲကြည့်မယ်ဆိုတဲ့ အသိနဲ့ တွဲခဲ့တာပါ။ တွဲကြည့်လို့ အဆင်မပြေရင် လမ်းခွဲမယ်လို့လည်း နှစ်ဦးစလုံးစိတ်ထဲမှာ မပြောဘဲ သဘောတူခဲ့တာပါ။ တချို့တွေကတော့ စတွဲကတည်းက လေးလေးနက်နက်စိတ် မရှိလှဘဲ အပျင်းပြေရုံ၊ အဖော်ရရုံ၊ တွဲဖြစ်ရုံ တွဲကြည့်ကြတာမျိုးလည်း ရှိတယ်။ နှစ်ဦးနှစ်ဖက်က ဒီလိုခပ်ပေါ့ပေါ့ တွဲခဲ့ကြရုံ၊ အိပ်ခဲ့ကြရုံ၊ တအိမ်တည်း အတူနေကြည့်ခဲ့ကြရုံ ဆိုရင်တော့ ကွဲသွားလည်း သိပ်မခံစားရဘူး။ နောင်ပြောဆိုဆက်ဆံဖို့ ကြုံရင်လည်း ဘာမှမဖြစ်ခဲ့သလို ခေါ်ပြောဆက်ဆံနိုင်ကြတယ်။

တခါတလေ ကိုယ်နဲ့ပတ်သက်ခဲ့သူက သူ့ကိုယ်ပိုင်မိသားစုလေးနဲ့ ဒါမှမဟုတ် နောက်ချစ်သူတယောက်နဲ့ ရှိနေသည့်တိုင် ပတ်သက် ဆက်ဆံဖို့ ကြုံကြိုက်လာခဲ့ရင် သူ့ကောင်းကြောင်းကို သူနဲ့ကိုယ် ပတ်သက်တဲ့အသိုင်းအဝိုင်းမှာ ချီးမွမ်းပြောဆိုတဲ့အထိ စိတ်ထားမြင့်မြင့်မြတ်မြတ် ထားနိုင်ကြတာမျိုးလည်း မြင်ဖူးတယ်။ လမ်းခွဲဖူးတဲ့ သမီးရည်းစားတိုင်း နောင် မျက်နှာချင်း မဆိုင်လိုကြတော့တာမျိုး၊ မခေါ်ပြော မဆက်ဆံနိုင်ကြတာမျိုး၊ သွားပုပ်လေလွင့် ပြောတာမျိုးတွေ မရှိကြပါဘူး။ ဒါက တိုးတက်ပြီး စိတ်ထားမြင့်မြတ်ကြတဲ့ လူ့အသိုင်းအဝန်းမှာပေါ့။

မြန်မာနိုင်ငံမှာတော့ မိန်းကလေးအများစုက ကိုယ်နဲ့တွဲတဲ့သူကို လက်ထပ်ပေါင်းသင်းလိုတဲ့ ရည်ရွယ်ချက်၊ ရေရှည်လက်တွဲသွားလိုတဲ့ စိတ်ဆန္ဒမျိုးနဲ့ ချစ်သူရည်းစားအဖြစ် လက်ခံကြတာပါ။ မြန်မာဓလေ့ထုံးစံမှာ မိန်းမကောင်းပန်းပန် တပွင့်တည်းပန် ဆိုတဲ့စကားကို အလေးထားပြီး ချစ်ကြိုက်ရုံနဲ့ မလွန်ကျူးရဘူးဆိုတာကို အလေးထားကြပါတယ်။ အခုလူငယ်တွေ ဟိုတယ်တက်နေကြတာကို မြင်တွေ့ ကြားသိနေကြပေမယ့် ကိုယ့်သားသမီးတွေကိုတော့ ဒီလိုမျိုး မဖြစ်စေချင်ကြတာ မြန်မာမိဘတိုင်းရဲ့ မေတ္တာစေတနာပါ။ ကိုယ့်သားသမီးက ရည်းစား ထည်လဲတွဲပြီဆိုရင် မိဘတွေက ပတ်ဝန်းကျင်အသိုင်းအဝန်းမှာ မျက်နှာပျက်ရတယ် ဆိုတာလည်း ခုချိန်အထိ ရှိနေတုန်းပါ။

လူ့အခွင့်အရေးနဲ့ စီးပွားရေး တိုးတက်ခေတ်မီတဲ့ နိုင်ငံခြားရောက် မြန်မာမိဘတွေအနေနဲ့ မြန်မာဓလေ့ထုံးစံအတိုင်း မိမိသားသမီးကို နေထိုင် ကြီးပြင်းစေချင်ကြပေမယ့် သူ့နိုင်ငံ၊ သူ့ဥပဒေ၊ သူတို့လူ့အခွင့်အရေးအရ အသက်ပြည့်လို့ အရွယ်ရောက်သွားရင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိတာမို့ မြန်မာနိုင်ငံမှာ နေထိုင်သလို သားသမီးနဲ့ တအိမ်တည်း အတူနေသည့်တိုင် အလုံးစုံ ဝင်ရောက်စွက်ဖက်ခွင့် မရှိတော့ပါဘူး။

မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်၊ နိုင်ငံရပ်ခြားမှာပဲဖြစ်ဖြစ် ကိုယ်နဲ့ သမီးရည်းစားအဖြစ် တွဲခဲ့ပြီး ပတ်သက်ဆက်ဆံဖူးတဲ့ အမျိုးသားနဲ့ မိတ်ဆွေသူငယ်ချင်းအဖြစ် ပြန်ပတ်သက်သင့်သလား။ ဒီမေးခွန်းကို ဖြေဖို့ဆိုရင် ကိုယ်နဲ့တွဲခဲ့သူကို ကိုယ် ဘယ်လောက်အထိ ရည်ရွယ်မျှော်လင့်ပြီး ပတ်သက်ခဲ့တာမျိုးလဲလို့ ပြန်မေးရမှာပါ။

သူ့ကို တအားစွဲလမ်းခဲ့သလား၊ သူနဲ့အတူ အနာဂါတ်ထဲမှာ တအိုးတအိမ်ထူထောင်ပြီး သားသမီးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်မယ်လို့ ယုံကြည်နေခဲ့သလား၊ လုံးဝမခွဲနိုင်တဲ့အထိ ချစ်ခဲ့ဖူးသလား၊ ကိုယ် သူ့ကို အရမ်းချစ်တာ ကိုယ့်အသိုင်းအဝန်းနဲ့ သူ့အသိုင်းအဝန်း အကုန်လုံး ဟိုးလေးတကြော်ဖြစ်ပြီးမှ သူ့ဘက်က လမ်းခွဲခဲ့လို့ ကွဲခဲ့တာလား၊ ကိုယ့်အပေါ်ကို လှည့်စားလိမ်ညာခဲ့ပြီး စိတ်နာအောင် လုပ်ခဲ့ဖူးသလား၊ ကိုယ့်ကို စိတ်ရောကိုယ်ပါ စိတ်ဆင်းရဲအောင် ညှဉ်းဆဲခဲ့ဖူးသလား၊ သူ့ကြောင့် အကြိမ်ကြိမ် ငိုကြွေးခဲ့ဖူးသလား စတဲ့မေးခွန်းတွေ ကိုယ့်ဘာသာ အရင်ပြန်မေးပါ။

ဒါတွေထဲက တခုခု သို့မဟုတ် တခုထက်မနည်း လုပ်ခဲ့ဖူးတယ်ဆိုရင် သူနဲ့ပတ်သက်လို့ ခံစားချက်လက်ကျန် ကိုယ့်ရင်ထဲကျန်ကောင်း ကျန်နေနိုင်သေးတယ်။ ကိုယ့်မှာလည်း ကိုယ့်ချစ်သူနဲ့ ဒါမှမဟုတ် ကိုယ့်မိသားစုဘဝလေးနဲ့ ရှိနေသည့်တိုင် သူနဲ့ပတ်သက်ခဲ့တုန်းက ထဲထဲဝင်ဝင် လေးလေးနက်နက် ခံစားပတ်သက်ခဲ့ဖူးတာမို့ ဘာမှမဖြစ်ခဲ့သလို သူနဲ့ ရေရှည် ဆက်ဆံသွားနိုင်ပါ့မလားနော်။ သူ့ဘာသာ မိသားစုနဲ့ ပျော်ရွှင်နေတာ၊ လက်ရှိ သူ့ချစ်သူနဲ့ ပျော်ရွှင်နေတာကို မုဒိတာ မပွားနိုင်တာမျိုး၊ မလိုတမာ ဖြစ်နေတာမျိုးဆို ကိုယ့်အတွက်လည်း မကောင်း၊ သူတို့အတွက်လည်း မကောင်းပါဘူး။ အလိုလိုနေရင်း စိတ်နှလုံး ညှိုးနွမ်းရတာပေါ့။

သူတို့အကြောင်းကို ကြားရင်ပဲဖြစ်ဖြစ် သူတို့ပုံကို မြင်ရင်ပဲဖြစ်ဖြစ် ကိုယ့်နဲ့သူ ပတ်သက်ခဲ့ဖူးတဲ့ အတိတ်ဘဝက အကြောင်းတွေကို ဖျတ်ခနဲဖြစ်ဖြစ် သတိရသွားတာ၊ ပြန်မြင်တာမျိုး ဖြစ်နေပြီဆိုရင် သူနဲ့ကိုယ် ပြတ်စဲသွားခဲ့ပေမယ့် ကိုယ့်မသိစိတ်ထဲမှာ သူ့အပေါ် လုံးဝ မပြတ်သားနိုင်သေးပါဘူး။ သူ့အဖော်နဲ့ ကိုယ့်အခြေအနေ နှိုင်းယှဉ်မိတာမျိုး ဖြစ်နေရင်လည်း သူ့အပေါ်မှာ စိတ်မရှင်းနိုင်သေးပါဘူး။ မရိုးမသား သွားပတ်သက်မှ မဟုတ်ဘူး။ ကိုယ့်စိတ်က ရိုးသားစွာ မဆက်ဆံ၊ မတွေးပေးနိုင်တာကိုက သူ့အပေါ် ကိုယ် မရိုးသားနိုင်သေးတာပါ။ ပြန်တွေးတောခံစားလို့ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် သူနဲ့ပတ်သက်တဲ့ ခံစားချက် ကိုယ့်မှာ လက်ကျန်ရှိနေသေးတာပါ။

တခါတလေမှာ သူနဲ့ပတ်သက်လို့ ကိုယ်က ဘာမှမခံစားရတော့ဘူး။ ရိုးရိုးသားသား ဆက်ဆံနိုင်တယ် ဆိုပေမယ့် သူကကော ခံစားချက်တမျိုး မရှိနေနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။ သူ့စိတ်ထဲ ကိုယ်ဝင်ကြည့်လို့ရတာမှ မဟုတ်တာ။ ကိုယ်က ရိုးသားပြီး သူက စိတ်မပြတ်နိုင်သေးတာမျိုး ဆိုရင်တော့ တချိန်မှာ ကိုယ့်ကို၊ ကိုယ့်အချစ်ရေးကို၊ ကိုယ့်အိမ်ထောင်ရေး တည်ငြိမ်ပျော်ရွှင်မှုကို ခြိမ်းခြောက်လာနိုင်ပါတယ်။

စိတ်ယုတ်မာရှိတဲ့သူနဲ့ ပြန်ပတ်သက်မိတာမျိုးဆို ဟုတ်တာရော၊ မဟုတ်တာရော သွားပုပ်လေလွင့် လျှောက်ပြောလို့ ကိုယ့်အသိုင်းအဝန်းမှာ မျက်နှာပျက်ရတာမျိုး၊ ကိုယ့်အလုပ်ခွင်ထဲမှာ မျက်နှာပျက်ရတာမျိုး၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ဆွေမျိုးအလယ်မှာ မျက်နှာပျက်ရတာမျိုး၊ အိနြေ္ဒသိက္ခာတွေ ထိပါးပွန်းပဲ့ရတာမျိုးတွေ ရှိတတ်လို့ ကိုယ်နဲ့ သမီးရည်းစားအဖြစ် ပတ်သက်ခဲ့ဖူးသူကို ပြန်ပတ်သက် ဆက်ဆံရမယ့်အခြေအနေမျိုး ကြုံလာရင် လူမှုကွန်ယက် ဝက်ဘ်ဆိုဒ်တွေပေါ်မှာဖြစ်ဖြစ်၊ ပြင်ပဆက်ဆံရေးမှာဖြစ်ဖြစ် သတိကြီးကြီးထားပြီး နေနိုင်ပါမှ ရေရှည်မှာ မိမိရဲ့ တကိုယ်ရည်ပျော်ရွှင်မှု၊ အချစ်ရေးပျော်ရွှင်မှုနဲ့ မိသားစုပျော်ရွှင်မှုတွေကို မထိခိုက်မှာဖြစ်ပါတယ်။

Credit: ရတု (Burmesehearts.com)

No comments:

Post a Comment