Tuesday, March 29, 2016
"ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့"
"ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့"
ယုံကြည်မှုဆိုတာ ဆက်ဆံရေးတစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ။ ယုံကြည်မှုတစ်ခုကို ခိုင်မြဲလာအောင် တည်ဆောက်ဖို့ အချိန်ယူရပေမယ့် အဲဒီ့ယုံကြည်မှုတစ်ခု ကျိုးပျက်ဖို့ဆိုတာ အရမ်းကို လွယ်ပါတယ်။ ချစ်သူရည်းစား ဆက်ဆံရေး၊ သူငယ်ချင်း အပေါင်းအသင်း ဆက်ဆံရေး၊ စီးပွားရေးနဲ့ ပတ်သတ်တဲ့ ဆက်ဆံရေး စတဲ့ ဆက်ဆံရေးတိုင်းမှာ ယုံကြည်မှုမရှိရင် ခိုင်မြဲတည်တံ့တဲ့ ဆက်ဆံရေးတစ်ခုကို ဘယ်လိုနည်းနဲ့မှ မရနိုင်ပါဘူး။
လူဆိုတာ ရာနှုန်းပြည့် အပြစ်ကင်းတဲ့သူ မရှိတဲ့အတွက် အားလုံးမှာ အမှားကိုယ်စီ ရှိတတ်ကြမှာပါ။ ဒီလိုမျိုးအမှားတွေထဲမှာ ကိုယ်နဲ့ပတ်သက်တဲ့သူတွေရဲ့ ကိုယ့်အပေါ်ထားတဲ့ ယုံကြည်မှုကို ပျက်ပြယ်သွားလောက်အောင် မှားမိတဲ့အမှားတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့၊ ပျက်အစဉ် ပြင်ခဏဆိုတဲ့ အတိုင်းပါပဲ။ အမှားရှိရင် အမှန်ဆိုတာရှိပါတယ်။ ကိုယ်မှားတာကို သိပြီး ကိုယ့်ကြောင့် ပျက်စီးသွားတဲ့ ဆက်ဆံရေးတစ်ခုကို ပြန်ပြီး အဖတ်ဆယ်ချင်တယ်ဆိုရင်တော့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ လိုပါတယ်။ ဒီလို ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့အတွက်…
၁။ မိမိအမှားကို မိမိကိုယ်တိုင်ဝန်ခံပါ။
ဒါကတော့ ယုံကြည်မှုကို ပြန်လည် တည်ဆောက်တဲ့နေရာမှာ ပထမဆုံးအချက် ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ မတောင်းပန်ခင် ကိုယ့်ကိုကိုယ် သေချာပြန်ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ငါ ဘယ်လိုမှားခဲ့တာလဲ၊ ငါဘာကြောင့် လုပ်ခဲ့တာလဲ၊ ငါတကယ် နောင်တရတာ သေချာလား ဆိုတာကို သေချာအောင်သိထားဖို့ လိုပါတယ်။ ဒီလို ကိုယ့်ရဲ့ စိတ်သဘောထားကို အကောင်းဆုံး သိရှိထားမှ ရှေ့မှာလာမယ့် အဆင့်တွေအတွက် အထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ်။
၂။ ကိုယ်ကျူးလွန်ခဲ့မိတဲ့သူကို တောင်းပန်ပါ။
ဒုတိယအဆင့်အနေနဲ့ ကိုယ့်ကြောင့် နစ်နာခဲ့တဲ့သူကို တောင်းပန်ပြီး ဒီလိုအမှားမျိုး ကျူးလွန်ရတဲ့ အကြောင်းရင်းကို အကုန်အစင် ပြောပြပါ။ ဒီလိုပြောပြတဲ့အခါမှာ ရိုးရိုးသားသားနဲ့ အမှန်ကန်ဆုံးဖြစ်အောင် ပြောပြဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ် အရမ်းကာကွယ်တဲ့ ပုံစံမျိုးနဲ့ ပြောတာမျိုး၊ သနားလာအောင် ပြောတာမျိုးတွေကို မပြောမိဖို့ လိုပါတယ်။ ဒီလိုပြောတာဟာ တစ်ဖက်သားအပေါ် စော်ကားရာ ရောက်ပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ့်ကြောင့် တစ်ဖက်လူ ခံစားရတာကို စိတ်ရင်းနဲ့ ကိုယ်ချင်းစာပြီး တောင်းပန်ဖို့ လိုပါတယ်။
၃။ တုံ့ပြန်မှုကို ခံနိုင်ရည်ရှိပါ။
ဒီလို တောင်းပန်မှုမျိုး လုပ်တဲ့အခါမှာ ကိုယ်တောင်းပန်တာကို တစ်ဖက်က နည်းအမျိုးမျိုးနဲ့ တုံ့ပြန်လာနိုင်ပါတယ်။ ယုံကြည်မှုကို ချိုးဖျက်ခံလိုက်ရလို့ ဒေါသနဲ့ တုံ့ပြန်တဲ့သူ ရှိနိုင်သလို ကိုယ်ထိလက်ရောက်လည်း တုံ့ပြန်နိုင်ပါတယ်။ ဒီလိုတုံ့ပြန်မှုတွေအတွက် ခံနိုင်ရည် ကြိုမွေးထားရမှာပဲ ဖြစ်ပါတယ်။ သူတို့ဒေါသနဲ့ အော်ဟစ်လိုက်တာက ကိုယ့်ကြောင့် သူတို့ခံစားခဲ့ရတာနဲ့ နှိုင်းယှဉ်ရင် မပြောပလောက်ဘူးလို့ ထင်ပါတယ်။
၎။ ကတိပေးပါ
ဒီလိုမျိုးတွေ တောင်းပန်လိုက်တာနဲ့ သူတို့ ကိုယ့်ကို ပြန်ယုံကြည်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ကိုယ်အမှန်တကယ် စိတ်ရင်းနဲ့ အမှားကို ပြန်ပြင်ဖို့ ကြိုးစားနေတယ်ဆိုတာကို တစ်ဖက်လူ သိစေနိုင်ဖို့ တောင်းပန်တာအပြင် နောက်တစ်ကြိမ် ဒီလိုအမှားမျိုးကို ထပ်ပြီးမမှားဖို့ ကတိပေးလိုက်ပါ။ ဒီလို ကတိပေးလိုက်ခြင်းဟာ နောင်တစ်ကြိမ် သင့်ကို အခွင့်အရေးပေးမယ့်သူအတွက် အာမခံချက် တစ်ခုအနေနဲ့ ဖြစ်စေတဲ့အတွက် သင့်ကို ပြန်လည် ယုံကြည်နိုင်ဖို့ ရာခိုင်နှုန်း များလာပါလိမ့်မယ်။
၅။ လက်တွေ့လုပ်ဆောင်ပါ
နောက်ဆုံးနဲ့ အရေးကြီးဆုံး တစ်ခုအနေနဲ့ကတော့ ဘယ်လောက်ပဲ မှားပါတယ်ပြောပြီး အထပ်ထပ်အခါခါ တောင်းပန် အထပ်ထပ်အခါခါ မမှားတော့ပါဘူးလို့ ကတိတွေပေးပြီး လက်တွေ့မလုပ်ဘူးဆိုရင်တော့ သင့်ရဲ့ ကြိုးစားမှုတွေဟာ အကုန် သဲထဲရေသွန်သလို ဖြစ်သလို တစ်ဖက်လူကိုလည်း ပိုပြီး နစ်နာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ်မမှားဖို့ ကတိပေးခဲ့ပြီဆိုရင် အဲဒီ့ကတိအတိုင်း နေသွားနိုင်ဖို့ ကြိုးစားပါ။ ဒါမှ ကိုယ့်ရဲ့ကြိုးစားမှုကို မြန်မြန် အသိအမှတ်ပြုမိမှာပါ။ ယုံကြည်မှုကို ပြန်လည် တည်ဆောက်တယ်ဆိုတာ ရက်သတ္တပတ် အနည်းငယ်လည်း ဖြစ်နိုင်သလို၊ လတွေ နှစ်တွေလည်းချီပြီး ကြာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တကယ်တန်ဖိုးထားတဲ့ သူတစ်ယောက်ရဲ့ ယုံကြည်မှုကို ပြန်လည်ရယူချင်တယ် ဆိုရင်တော့ စိတ်ရှည်ရှည်နဲ့ ကြိုးစားဖို့တော့ လိုမယ်လို့ ပြောချင်ပါတယ်။
ဒီအဆင့်တွေအတိုင်း လိုက်လုပ်ရင် အရင်က ဆက်ဆံရေးကို ပြန်ရနိုင်မှာ သေချာလား။ ဒါကတော့ ကိုယ့်ကို ပြန်လက်ခံမယ့်လူရဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ သူ့ရဲ့ စိတ်ထဲမှာ ကိုယ့်ကို နောက်တစ်ကြိမ် ပြန်လက်ခံဖို့ ယုံကြည်ရတဲ့လူလို့ ထင်ရင်တော့ ပြန်လက်ခံနိုင်ပေမယ့် နောက်ထပ်ယုံဖို့ သူ့စိတ်မှာ လက်မခံတော့ဘူးဆိုရင်တော့ အရင်လို ပြန်မဖြစ်လာနိုင်တဲ့အတွက် လက်လွှတ်လိုက်တာ နှစ်ယောက်စလုံးအတွက် အကောင်းဆုံးဖြစ်မှာပါ။ ယုံကြည်မှုဆိုတာ လွယ်လွယ်နဲ့ ပြန်တည်ဆောက်လို့ မရတဲ့အရာတစ်ခု ဖြစ်တဲ့အတွက် ကိုယ်တကယ် တန်ဖိုးထားတဲ့ ဆက်ဆံရေးတစ်ခုကို ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကြောင့် ကျိုးပျက်မသွားအောင် အားလုံးပဲ တန်ဖိုးထားတတ်ကြပါစေ။
Credit: Yangon Life
Labels:
လူမှုဘဝ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment