Friday, March 18, 2016

"မြတ်စွာဘုရားနဲ့တကွ ရဟန်းသံဃာတော်တို့ရဲ့ ကြည်ညိုစရာ အလှူခံနည်းလေး"


"မြတ်စွာဘုရားနဲ့တကွ ရဟန်းသံဃာတော်တို့ရဲ့ ကြည်ညိုစရာ အလှူခံနည်းလေး"

မြတ်စွာဘုရား ဟောကြားထားတဲ့ လှူနည်းလေးကတော့ ရှာလို့ရသမျှကို လေးပုံ ပုံ။ နှစ်ပုံကို ရင်းနှီးမြုပ်နှံ၊ တစ်ပုံကို အိုစာမင်းစာထား၊ ကျန်တဲ့တစ်ပုံကိုမှ စားတဲ့။ လှူဖို့ကတော့ စားတဲ့အထဲကမှ တတ်နိုင်သလောက် ဖဲ့ဖဲ့ပြီး လှူပါတဲ့။

*****  *****  *****  *****  *****

မြတ်စွာဘုရားက ရဟန်းသံဃာတော်တွေကို ပညတ်ထားတဲ့ အလှူခံနည်းလေး ၃ မျိုးကတော့...

၁) သဒ္ဓါတရားအားကောင်းပြီး ဆင်းရဲချို့တဲ့တဲ့ သူတွေဆီက အလှူခံမယ်ဆိုရင် သူတို့ သဒ္ဓါတရားအားကောင်းလို့ လှူတိုင်း အလှူမခံပါနဲ့တဲ့။ သူတို့ တတ်နိုင်သလောက်ကိုသာ ကြည့်ပြီး အလှူခံပါတဲ့။ ပစ္စည်းဥစ္စာချို့တဲ့ပြီး သဒ္ဓါတရားကောင်းတဲ့ ဒကာ၊ ဒကာမတွေဆိုရင် အိမ်ထဲတောင်ဝင်ပြီး အလှူမခံပါနဲ့တဲ့။ သူတို့က လှူချင်လွန်း၍ ခေါ်ယူဖိတ်ငင်မှသာ သွားရောက် အလှူခံပေးဖို့ ဆုံးမပေးထားပါတယ်။

၂) ပစ္စည်းဥစ္စာကြွယ်ဝပြီး သဒ္ဓါတရားအားနည်းတဲ့ သူတွေဆီက အလှူခံမယ်ဆိုရင် ပစ္စည်းကြွယ်ဝတိုင်း အလှူမခံပါနဲ့တဲ့။ သူတို့ သဒ္ဓါတရားရှိသလောက်ကိုသာ ကြည့်ပြီး အလှူခံပါတဲ့။

၃) သဒ္ဓါတရားလည်း အားကောင်းတယ်၊ ပစ္စည်းဥစ္စာလည်း ကြွယ်ဝတယ်ဆိုတဲ့ သူတွေဆီက အလှူခံမယ်ဆိုရင် ကိုယ့်တစ်ကိုယ်စာ လိုအပ်သလောက်သာ အလှူခံရပါမယ်လို့ ပညတ်တော် မူထားပါသတဲ့။

မြတ်စွာဘုရားဟာ ဘယ်လောက်တောင်မှ ကြည်ညိုဖို့ကောင်းသလဲဆိုရင် အလှူရှင်နဲ့ အလှူခံတွေကို အလှူလှူတတ်အောင်၊ အလှူခံတတ်အောင်ကအစ သင့်တင့်လျောက်ပတ်အောင် ဆုံးမပေးထားတော်မူပါတယ်။ ဒီလို ပညတ်တော်မူထားတဲ့ ၀ိနည်းလေးတစ်ခုကို နာယူမှတ်သားခွင့် ရတာလေးနဲ့တင် မြတ်စွာဘုရားနဲ့တကွ သံဃာတော်တွေကို အတိုင်းမသိ ကြည်ညိုလေးစားမိပါတယ်။ ။

ဆရာတော် အရှင်သုစိတ္တာဘိဝံသ ဟောကြားတော်မူသော ပဋိစ္စသမုပ္ပါဒ် တရားသင်တန်းမှ နာယူမှတ်သားမိတာလေးကို ပြန်လည်မျှဝေပါတယ်။

ဤစာလေးကို ဖတ်မိတဲ့ စာဖတ်သူ ဓမ္မမိတ်ဆွေများလည်း မြတ်စွာဘုရားနဲ့တကွ သံဃာတော်များကို အစကထက်ပိုလို့ ကြည်ညိုမြတ်နိုးလေးစားနိုင်ကြပါစေ.

မေတ္တာဖြင့်…
Favorite Collections

No comments:

Post a Comment