Tuesday, March 22, 2016
"အိမ်ထောင်ရှင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အနည်းဆုံး တစ်ပတ် (၇) နာရီ အိမ်အလုပ် ပိုလုပ်ကြရ"
"အိမ်ထောင်ရှင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အနည်းဆုံး တစ်ပတ် (၇) နာရီ အိမ်အလုပ် ပိုလုပ်ကြရ"
အိမ်ထောင်ရေးဆိုတာ အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပိုမိုခိုင်မြဲတဲ့ ကြိုးတွေနဲ့ လူနှစ်ဦးကို ချည်နှောင်လိုက်ခြင်းပါပဲ။ ပျော်ရွှင်ခိုင်မြဲတဲ့ အိမ်ထောင်ရေးတစ်ခုကို ဖန်တီးဖို့ဆိုရင်တော့ တစ်ဦးကိုတစ်ဦး နားလည် ယုံကြည်မှုတွေအပြင် စိတ်ခွန်အား ထောက်ပံ့ပေးနိုင်ဖို့ လိုအပ်သလို ကိုယ့်မိသားစုအတွက် ကိုယ်ယူထားတဲ့ တာဝန်တွေကို ကျေပွန်နေဖို့လည်း လိုပြန်ပါတယ်။
ဒီတော့ အမျိုးသားက အလုပ်သွား၊ အမျိုးသမီးက အိမ်မှာနေပြီး အိမ်အလုပ်တွေလုပ်ရင်း ကလေးထိန်း ဆိုတာမျိုးကတော့ ခုခေတ်နဲ့ နည်းနည်းလေး ကွဲပြားသွားပေမယ့် ဒီလိုအခြေအနေမျိုး မရှိတော့ဘူးလား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ခုလို အမျိုးသားကအလုပ်သွား၊ အမျိုးသမီးတွေက အိမ်မှုကိစ္စတွေ လုပ်ဆောင်နေရတာမျိုးက အရင်ကလို အများကြီး မဟုတ်တော့ရင်တောင် ဒီလိုအခြေအနေနဲ့ ဆက်သွားနေတဲ့သူတွေ တစ်ပုံတစ်ပင်ပါ။ အထူးသဖြင့် ဒီလိုအခြေအနေထဲ အတင်းသွင်းခံနေရတဲ့ အမျိုးသမီးတွေလည်း ရှိနေပါတယ်။
အိမ်ထောင်တစ်ခုရဲ့ တာဝန်ကို ကျေပွန်ဖို့ဆိုတဲ့ အချက်ကလေးကို ပြန်ဆက်ပြောရရင် ကိုယ်က အမျိုးသားမို့ ဒါကိုပဲ ငါလုပ်ရမယ်၊ ဟိုဟာမလုပ်ရဘူး၊ လုံးဝမထိရဘူး ဒါ ငါ့မိန်းမအလုပ်ရယ်လို့တော့ ခွဲခြားနေစရာ မလိုပါဘူး။ ပြောချင်တာက ကိုယ့်အမျိုးသမီး သိပ်ပင်ပန်းနေပြီလို့ထင်ရင် အသိစိတ်ကလေးနဲ့ လုပ်စရာရှိ ၀င်လုပ်ပေး၊ ကူစရာရှိ ကူလုပ်ပေးတာမျိုးကို ပြောချင်တာပါ။ လေ့လာချက်တွေအရတော့ ခုနောက်ပိုင်း ကိုယ့်အိမ်မှုကိစ္စတွေကို ကူညီ လုပ်ဆောင်ပေးတဲ့ ခင်ပွန်းတွေ ပိုများလာပါတယ်တဲ့။ ၁၉၇၆ ခုနှစ်တုန်းက အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် အဲ့ဒီတုန်းက အမျိုးသားတွေ ခြောက်နာရီ အလုပ်လုပ်နေရချိန်မှာ အမျိုးသမီးတွေကတော့ ၂၆ နာရီ အလုပ်လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ အမျိုးသားတွေရဲ့ အလုပ်လုပ်ချိန် ပိုတိုးသွားပြီး အမျိုးသမီးတွေကတော့ အလုပ်လုပ်ချိန် ပိုနည်းသွားတာကြောင့် အမျိုးသားတွေကို ဒီအချက်အရ ချီးမွမ်းရပါလိမ့်မယ်။
ခုနအချက်က သတင်းကောင်းလို့ ပြောရင် သတင်းဆိုးကိုတော့ Michigan တက္ကသိုလ်ရဲ့ လေ့လာချက်အရ သိလိုက်ရပါတယ်။ အဲ့ဒါကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အိမ်အလုပ်တွေ လုပ်ဆောင်ရာမှာ အချိန်များစွာ ပိုလုပ်နေရပါတယ်တဲ့။ အိမ်ထောင်ပြုလုပ်ပြီ ဆိုတာနဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် တစ်ပတ်ကို အနည်းဆုံး ၇ နာရီလောက်တော့ အိမ်မှုကိစ္စ ပိုလုပ်ကြရတယ်လို့ သိရပါတယ်။
ရာခိုင်နှုန်းအရတော့ ၂၀၁၄ ခုနှစ်မှာ အမျိုးသမီး ၈၃ ရာခိုင်နှုန်းနဲ့ အမျိုးသား ၆၅ ရာခိုင်နှုန်းဟာ အိမ်အလုပ်တွေ လုပ်ဆောင်ကြပါတယ်။ ပျမ်းမျှအားဖြင့် ကြည့်မယ်ဆိုရင် အမျိုးသမီးတစ်ယောက် ၂.၆ ရာခိုင်နှုန်း အိမ်အလုပ်လုပ်နေချိန်မှာ အမျိုးသားတွေကတော့ ၂.၁ ရာခိုင်နှုန်း အိမ်အလုပ် လုပ်ကြပါတယ်။
အပြင်မှာ အလုပ်ထွက်လုပ်တဲ့ အမေတွေဟာ အိမ်ရောက်တဲ့အခါမှာလည်း အိမ်မှုကိစ္စတွေကို လုပ်ဆောင်ကြရပါတယ်။ ဒီလိုအချိန်မှာ အမျိုးသားတွေကတော့ အလုပ်က ပြန်လာတဲ့အခါ အနားယူတာမျိုး၊ တီဗီကြည့်၊ အင်တာနက်သုံးတာမျိုး စတာတွေ လုပ်ချင် လုပ်နေနိုင်ပါတယ်။
ကဲ အိမ်ထောင်ရှင်အမျိုးသားတွေရေ.. ဒီတစ်ခါ မိန်းမက ပန်းကန်းတွေ မဆေးရသေးလို့ ပွစိပွစိ ပြောတဲ့အခါ၊ အမှိုက်ပုံးတွေ မသွန်ရသေးလို့ သင့်ကို တဗြစ်တောက်တောက် ပြောလာရင် ဘာမှ ပြန်ပြီးပြောမနေပဲ ကိုယ့်အမျိုးသမီးရဲ့ အခြေအနေကို နားလည်ပေးရင်း အိမ်မှုကိစ္စတွေကို တတ်နိုင်သလောက် ကူညီလုပ်ဆောင်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ။
အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက် မျှတမှုတစ်ခုအနေနဲ့ သွားရတာမျိုး မဟုတ်လား။ ကိုယ့်တာဝန်ပျက်ကွက်ပြီး နှစ်ဦးနှစ်ဖက် ညီမျှတယ်လို့ ပြောလို့တော့ မရနိုင်ဘူးလေနော်။
ဟန်နီ
Credit: Trend Myanmar
Labels:
အိမ်ထောင်ရေး,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment