Tuesday, March 22, 2016

"စစ်မှန်တဲ့ဖူးစာရှင်"


"စစ်မှန်တဲ့ဖူးစာရှင်"

လောကမှာ တစ်ယောက်ထဲနေတာထက် ကိုယ်နဲ့အတူတူ ဆိုးတူကောင်းဖက် ဖေးမကူညီရင်း ဘ၀လမ်းကို လျှောက်လမ်းဖို့ လက်တွဲဖော်ကောင်းတစ်ယောက်ဆိုတာ မရှိမဖြစ် မဟုတ်ပေမယ့် လိုအပ်မယ်လို့တော့ ထင်ပါတယ်။ ဒါပေမယ့် ဒီလို ကိုယ့်အတွက် စစ်မှန်တဲ့ အဖော်မွန်ကောင်းတစ်ယောက်ကို ရှာရတာ တော်ရုံတန်ရုံ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ဖူးစာရှင် အစစ်အမှန်ကို ဘယ်လိုရှာရမလဲ။ တစ်ယောက်နဲ့တစ်ယောက် လက်တွဲတဲ့အခါမှာ အချစ်က အဓိကဆိုပေမယ့် အချစ်ထက် အရေးကြီးတဲ့ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က နားလည်ပေးနိုင်တဲ့ အရည်အချင်းမရှိရင် ဘယ်လောက်ပဲချစ်ချစ် အဆင်ပြေတဲ့ အချစ်လမ်းခရီးတစ်ခုကို မလျှောက်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ စစ်မှန်တဲ့ဖူးစာရှင်ကို ရှာတဲ့အခါ ဘယ်လိုလူမျိုးကို ဦးစားပေး ရွေးချယ်သင့်လဲဆိုတော့….

သင့်ကိုဆွဲဆောင်နိုင်သူ

ကိုယ့်အတွက် ကိုယ့်ရဲ့လက်တွဲဖော်က ဆွဲဆောင်မှုလုံးဝမရှိပဲ ဘာဖြစ်လို့တွဲနေမှာလဲ။ ဒီလိုပြောလို့ အားလုံးဟာ စူပါမော်ဒယ် မင်းသား၊ မင်းသမီးတွေကိုပဲ ရွေးကြိုက်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ သူ့ရဲ့ ဟန်ပန်အမူအရာ၊ စကားပြောပုံဆိုပုံ၊ စိတ်နေသဘောထား စတဲ့ အချက်တွေထဲက တစ်ခုခုက ကိုယ့်ကို သူ့အနားမှာပဲ အမြဲရှိနေနိုင်အောင် လုပ်ထားနိုင်တဲ့သူ ဖြစ်ဖို့ လိုပါတယ်။ ဘယ်အချိန်ဖြစ်ဖြစ် သူ့အနားမှာ နေတဲ့အချိန်မှာ ကိုယ့်အတွက် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ဖို့ လိုအပ်ပါတယ်။

ရာနှုန်းပြည့်မဟုတ်ရင်တောင် စိတ်တူကိုယ်တူဖြစ်တဲ့သူ

တစ်ယောက်နဲ့ တစ်ယောက် စိတ်တူကိုယ်တူဖြစ်တာဟာ ပိုမိုကောင်းမွန်တဲ့ အချစ်လမ်းခရီးတစ်ခုကို လျှောက်လှမ်းနိုင်ဖို့ အဓိကကျတဲ့ နေရာမှာ ပါဝင်နေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်တူပြီး ခဏခဏ ဘာမဟုတ်တဲ့ ကိစ္စတစ်ခုအတွက်နဲ့ စကားများ ရန်ဖြစ်နေစရာ မလိုတဲ့အတွက် နှစ်ဖက်စလုံးအတွက် ပိုပြီး ပျော်ရွှင်ကြည်နူးစေပါတယ်။ လူဆိုတာ ကိုယ်မကြိုက်တဲ့အရာကို တစ်ခြားသူတစ်ယောက်အတွက် ကြိတ်မှိတ်ပြီး လုပ်နိုင်ပေမယ့် ရေရှည်မှာ ဘယ်လိုမှ မဆင်မပြေနိုင်ပါဘူး။

အတွေ့အကြုံအသစ်တွေ ပေးစွမ်းနိုင်သူ

လောကမှာ သင်ယူစရာတွေဆိုတာ ကုန်တယ်လို့ မရှိပါဘူး။ ဒီလိုပါပဲ ကိုယ့်ရဲ့ လက်တွဲဖော်တစ်ယောက်ဟာ ကိုယ့်အတွက် ကိုယ်မသိသေးတဲ့ အရာတစ်ခုခုကို သင်ပြပေးနိုင်တဲ့သူ ဖြစ်ဖို့ လိုပါတယ်။ ဒီလိုလူမျိုးတွေဟာ ကိုယ်မသိသေးတဲ့ ကိုယ့်ရဲ့ အစွမ်းအစ၊ နစ်မြုပ်နေတဲ့ ကိုယ့်ရဲ့ အရည်အသွေးတွေကို ဖော်ထုတ်ပေးနိုင်တဲ့လူမျိုး ဖြစ်ပါတယ်။ သူတို့တွေဟာ ကိုယ့်နဲ့အတူတူ ရှေ့ဆက်ရမယ့် ဘ၀လမ်းခရီးမှာ လက်တွဲသွားဖို့ အကောင်းဆုံး အဖော်မွန်တွေ ဖြစ်ပါတယ်။

အားနည်းချက်တွေကို နားလည်ပြီး ချစ်ပေးနိုင်သူ

လူရယ်လို့ ဖြစ်လာပြီဆိုရင် လူတိုင်းဟာ အားနည်းချက် မကင်းတဲ့သူတွေပဲ ဖြစ်ပါတယ်။ ဒီလိုအားနည်းချက်တွေဆိုတာ အချိန်အတိုင်းအတာ တစ်ခုလောက်သာ ဖုံးကွယ်ထားလို့ ရနိုင်ပေမယ့် တစ်ချိန်ချိန်ကြရင် ပေါ်ထွက်လာစမြဲပါ။ သမီးရည်းစား ဘ၀မှာ မသိခဲ့ရတဲ့ အားနည်းချက်တွေကို အိမ်ထောင်ကျပြီးမှ သိလာရတဲ့အခါ သည်းမခံနိုင်လို့ လမ်းခွဲပြတ်စဲခဲ့ရတဲ့သူတွေ ဒုနဲ့ဒေး ရှိကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ဘယ်လိုအခြေအနေမျိုးနဲ့ ကြုံလာကြုံလာ တစ်ယောက်နဲ့တစ်ယောက် နားလည်ခွင့်လွှတ် ပေးနိုင်ဖို့ အဓိကပါ။

သူ့ရဲ့စိတ်ဆန္ဒထက် ကိုယ့်ရဲ့စိတ်ဆန္ဒကို ဦးစားပေးသူ

အချစ်ဆိုတဲ့အရာတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပေးဆပ်နိုင်ဖို့ အရေးကြီးပါတယ်။ အချစ်တစ်ခုကို ဆောက်တည်လိုက်ပြီဆိုရင် ကိုယ်တစ်ယောက်တည်း ရပ်တည်တာမဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မှီခိုရင်းနဲ့ ရပ်တည်တဲ့အခါ သူမရှိရင် မဖြစ်သလို ကိုယ်မရှိရင်လည်း မဖြစ်တဲ့ ခံစားချက်ဆိုတာ ချစ်သူစုံတွဲတွေတိုင်းမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ချစ်သူက သူ့ရဲ့ဆန္ဒကိုယ်သာ ဦးစားပေးပြီး ကိုယ့်ရဲ့ဆန္ဒကို အမြဲ လျစ်လျူရှုတတ်တဲ့သူ ဆိုရင်တော့ ကိုယ်ကပဲ ခံစားရမှာ ဖြစ်ပါတယ်။ လူတိုင်းက အမြဲ တစ်ခြားသူရဲ့ စိတ်ဆန္ဒကို မလိုက်လျောပေးနိုင်ပေမယ့် ချစ်တဲ့သူတွေကြားမှာ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက် ချစ်တယ်ဆိုတာကို ပြသဖို့ ပေးဆပ်ခြင်းဆိုတာ လိုအပ်ပါတယ်။

ကိုယ့်အပေါ်သစ္စာရှိပြီး ဘယ်အချိန်ဖြစ်ဖြစ် အနားမှ ထွက်မသွားတဲ့သူ

ဒါကတော့ အရေးကြီးဆုံး အချက်တစ်ခု ဖြစ်ပါတယ်။ လူ့လောကမှာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နိုင်ပါတယ်။ အဆင်ပြေတဲ့အချိန် ရှိနိုင်သလို ဘာလုပ်လုပ် အဆင်မပြေတဲ့အချိန် ရှိနိုင်ပါတယ်။ ဘ၀မှာ ကြုံတွေ့ရတဲ့ အရာတွေကို ကျွန်တော်တို့ကို ၀မ်းနည်းစေတာ၊ ကြေကွဲစေတာ၊ စိတ်တိုဒေါသထွက်စေတာ၊ ကျရှုံးစေတာ စတဲ့ လောကဓံတရားတွေကို ခံစားရပါတယ်။ ဒီလိုမျိုးကိစ္စတွေဆိုတာ ကိုယ်လည်း တွေ့ကြုံနိုင်သလို ကိုယ့်ရဲ့ လက်တွဲဖော်လည်း တွေ့ကြုံနိုင်ပါတယ်။ ဒီလိုတွေ ဖြစ်လာတဲ့အခါမှာ ကိုယ်က ကိုယ့်ရဲ့ချစ်သူ ဒီလိုအချိန်တွေ ဖြတ်သန်းနေရတဲ့အချိန် သူနဲ့အတူတူ ဖြတ်သန်းဖို့ သတ္တိရှိတဲ့သူလား၊ သူကရော ကိုယ်ဒီလိုမျိုး ဒုက္ခတွေ ကြုံနေရတဲ့အချိန် ကိုယ့်အတွက် ဘေးနားမှာ မညည်းမညူပဲ ရှိပေးနိုင်မယ့်သူလား ဆိုတာကို သိရှိဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ကို တစ်ကယ်ချစ်ပြီဆိုရင်တော့ သူရဲ့ အကောင်းဆုံး အချိန်တွေမှာတင်မဟုတ်ပဲ သူ့ရဲ့ အဆိုးဆုံးအချိန်တွေမှာပါ သူ့အပေါ် သစ္စာရှိရှိနဲ့ သူ့ဘေးနားမှာ အမြဲနေနိုင်ဖို့ လိုပါတယ်။

အပေါ်မှာ ပြောထားတဲ့အချက်တွေနဲ့ ညီတဲ့သူဟာ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ခုလက်ရှိ ကိုယ်နဲ့တွဲနေတဲ့သူဟာ ဒီလိုလူမျိုးဖြစ်မယ်ဆိုရင် လက်မလွှတ်ပဲ တန်ဖိုးထားဖို့ လိုအပ်ပါတယ်။ ချစ်သူမရှိသေးတဲ့ သူတွေအတွက်လည်း ကိုယ့်ရဲ့ အနာဂတ် စိတ်ကူးထဲက ကိုယ့်ရဲ့ ချစ်သူတွေကို လိုတာမရ ရတာမလို မဖြစ်ရလေအောင် ရွေးချယ်ဖို့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ရုပ်ရည်ရူပကာ ဂုဏ်ပကာသနထက် အပြန်အလှန်နားလည်မှု၊ ပေးဆပ်မှု၊ အပေးအယူ ညီမျှမယ်ဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ ဘ၀လမ်းခရီးကို အတူတူ လျှောက်လမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။

Credit: Yangon Life

No comments:

Post a Comment