Tuesday, March 15, 2016

"သင့်ချစ်သူ၊ အိမ်ထောင်ဖက် သင့်အပေါ် လိမ်ညာနေသလားဆိုတာ ဒီအချက် (၉) ချက်ကတစ်ဆင့် သိရှိနိုင်"


"သင့်ချစ်သူ၊ အိမ်ထောင်ဖက် သင့်အပေါ် လိမ်ညာနေသလားဆိုတာ ဒီအချက် (၉) ချက်ကတစ်ဆင့် သိရှိနိုင်"

လူတစ်ယောက်က သင့်ကို ညာမညာ သိနိုင်ဖို့ အရင်တုန်းက သူဖုန်းပြောတဲ့ပုံစံကို စောင့်ကြည့်နိုင်တဲ့ အကြောင်း၊ သူ့ဖုန်းမှာ password ခံထားတတ်သလာဆိုတာမျိုး၊ ဒါ့အပြင် သင့်ကို သူကတပြန် လိမ်ညာနေတယ်လို့ စွပ်စွဲတာမျိုးတွေနဲ့ အကဲခတ်နိုင်တယ်လို့ ဆောင်းပါးတွေမှာ ဖတ်ဖူးပါလိမ့်မယ်။

ခုဖော်ပြမယ့်အရာတွေကတော့ သုတေသီတွေက ကိုယ့်အမျိုးသား၊ အမျိုးသမီး၊ ချစ်သူတွေပေါ် လိမ်ညာဖူးခဲ့သူ လူအယောက် (၅၀) ကို မေးမြန်းပြီး စစ်တမ်းကောက်ယူထားတာမို့ သင့်ချစ်သူဟာ သင့်အပေါ် လိမ်ညာနေပြီလားဆိုတာ ဒီအချက်တွေနဲ့ တိုက်ကြည့်နိုင်ပါတယ်။

၁။ လိမ်ညာတတ်တဲ့သူရဲ့ အမူအကျင့်ဟာ သိသိသာသာကို ပြောင်းလဲသွားပါပြီ။

အရင်က ဖုန်းပြောရင် သင့်ရှေ့မှာ အမြဲ ပြောနေကျလူက သင့်ကွယ်ရာမှာ အချိန်ကြာအောင် ဖုန်းပြောမယ်။ အိမ်သာထဲ ၀င်သွားပြီး မိနစ် ၂၀ လောက်ကြာအောင် အချိန်ဖြန်းနေလိမ့်မယ်။ ဒါကို အီးမေးလ် ခဏလေး စစ်တာလို့ ပြောနေပေမယ့် သူ့ဖုန်းဘေလ်တွေကတော့ တစ်နေ့တစ်နေ့ ကုန်တာကုန်တာဆိုတာ အံ့သြစရာပဲပေါ့။

၂။ အကြောင်းမရှိ အကြောင်းရှာပြီး ပြဿနာဖန်တီးမယ်။ စိတ်က မတည်ငြိမ်တော့ဘူး။

လိမ်ညာတတ်သူတွေဟာ သင့်ဘေးနားက ခဏလေး အဝေးမှာ နေချင်တတ်တဲ့ အချိန်လေးတွေ ရှိပါတယ်။ ဒါက ဘာလို့လဲဆိုတော့ သင့်ကို အကြောင်းတွေပြပြီး သူခိုးလုပ်နေရတဲ့ အရာတွေအတွက် အချိန်ပေးရလို့ပါ။ ဒါကို မွန်းကျပ်လာရင် သင့်ကို ကွိုင်ရှာပြီး သင့်ဘေးက အဝေးခဏလောက် သွားနေချင်လာပါလိမ့်မယ်။ အဲ့ဒီလို မဟုတ်ဘူးဆိုရင်တော့ သင့်ကို အရမ်းချစ်ပြတာ၊ အရမ်းဒေါသတွေ ထွက်ပြတာ စတဲ့ စိတ်မတည်ငြိမ်တဲ့ လက္ခဏာတွေနဲ့ သုံးသပ်နိုင်ပါတယ်။

၃။ ခန္ဓာကိုယ်အလေးချိန် ဒါမှမဟုတ် သွင်ပြင်ပုံသဏ္ဍာန် အပြောင်းအလဲတွေ အချိန်တိုအတွင်း ရှိလာမယ်။

သူ့မှာ နောက်တစ်ယောက်ရှိလာပြီဆိုရင် အရင်က ဖက်ရှင်ထက် ပိုအထာကျတဲ့ ဖက်ရှင်းမျိုး ပြောင်းလဲဝတ်ဆင်လာမယ်။ မဟုတ်ရင်လည်း ပိုသပ်သပ်ရပ်ရပ် နေလာမယ်။ အဲ့ဒါမှမဟုတ်ရင်တော့ သူ့ခန္ဓာကိုယ် အချိုးအစားဟာ ခပ်မြန်မြန်ကို တိုးတာ၊ ကျတာ ဖြစ်လာပါလိမ့်မယ်။

၎။ နားထောင်တဲ့ သီချင်းအမျိုးအစားတွေလည်း ပြောင်းလဲသွားပါလိမ့်မယ်။

သူဟာ အရင်က jazz မြူးဇစ်ကို နှစ်သက်သဘောကျသူ မဟုတ်ပေမယ့် သူတွဲနေတဲ့ အမျိုးသမီး/အမျိုးသား ကြောင့် ဒီမြူးဇစ်ကို ပြောင်းပြီး ကြိုက်လာပါလိမ့်မယ်။ လူတစ်ယောက်ဟာ ပြောင်းလဲတတ်တာ သဘာဝပါ။ ဒါပေမယ့် အချိန်တိုအတွင်း နောက်ထပ် မြူးဇစ်အမျိုးအစား တစ်ခုကို နေ့ချင်းညချင်း နားထောင်လာပြီဆိုရင်တော့ တစ်ခုခုလွဲနေပြီ ဆိုတာ သတိထားရမှာပေါ့။

၅။ တလွဲတွေ မှတ်မိနေတာမျိုး၊ သတိမရတော့တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

ဥပမာ လိမ်ညာတဲ့သူဟာ သင်နဲ့ ရုပ်ရှင်အတူကြည့်ရင်း အခြားသူနဲ့ ကြည့်ခဲ့တာကိုသာ မှတ်မိပြီး လူမှားပြီးသင့်ကို အဲ့ဒီအခန်း မမှတ်မိတော့ဘူးလားဆိုပြီး မေးပါလိမ့်မယ်။ ဒီလိုဆိုရင် သူလူမှားနေပြီဆိုတာ အသိသာကြီးပါ။ သူက သင့်ကို အခြားတစ်ယောက်နဲ့ အမှတ်မှားပြီး ပြောနေတာမျိုးပေါ့။

၆။ တစ်ယောက်တည်း သီးသန့်ချိန်တွေ ပိုလိုချင်လာတယ်။

ကုမ္ပဏီက အလုပ်တွေ လုပ်နေလို့ ကိုယ်တစ်ယောက်တည်း ရှိချင်တယ်ဆိုတာမျိုး၊ ကိုယ်စာဖတ်နေလို့ အခန်းထဲ တစ်ယောက်တည်း ရှိချင်တယ်ဆိုတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ တစ်ခါတစ်လေ လူတစ်ယောက်ဟာ တစ်ယောက်တည်း ရှိချင်တယ်ဆိုတာက သဘာဝကျပါတယ်။ ဒါပေမယ့် သာမာန်ထက်ပိုပြီး တစ်ယောက်တည်း ရှိချင်နေချင်တာမျိုးတွေ မကြာခဏ ဖွင့်ဟလာရင်တော့ ဒါ စဉ်းစားစရာပေါ့။

၇။ အတူနေတဲ့ အကြိမ်အရေအတွက်တွေ ပိုများလာပေမယ့် အရင်လိုပုံစံမျိုးတော့ မဟုတ်တော့ဘူး။

လိမ်ညာတဲ့သူတွေဟာ သူတို့ကို အခြားတစ်ယောက် ရှိနေတယ်ဆိုတာ သံသယမဖြစ်စေဖို့ ကိုယ့်အိမ်ထောင်ဖက်နဲ့ အရင်ကထက် ပိုအတူနေတတ်ပါတယ်။ ဒါပေမယ့် အရင်လို အတူနေတဲ့ပုံစံမျိုးနဲ့တော့ လုံးဝမတူတော့ပါဘူး။ အတူနေတဲ့အခါ ပိုကြမ်းလာမယ်၊ ချစ်စကားတွေ ပြောချင်မှ ပြောတော့မယ်။ ပိုရန်လို သလို၊ ဒေါသကြီး သလိုတွေ ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် အရင်လို အတူနေပြီးတဲ့အခါ ကြည်ကြည်နူးနူးလေးလည်း မရှိနိုင်တော့ပါဘူး။

၈။ ငွေရေးကြေးရေးကိစ္စတွေ ကွယ်ဝှက်တတ်လာတယ်။

လိမ်ညာတတ်တဲ့သူဟာ အရင်က သင့်ကို ဘယ်လောက်ပွင့်လင်းစွာ ငွေရေးကြေးရေး ကိစ္စတွေ ပြောခဲ့ပြောခဲ့ နောက်ပိုင်းမှာတော့ သင့်ကို တိုင်ပင်ပြောဆိုမှာ မဟုတ်တော့ပါဘူး။ သင့်ကို သူအရင်ကရခဲ့တဲ့ ငွေကြေးပမာဏထက်လည်း လျှော့ပြီး အကြောင်းရှာ ပြောဆိုလာပါလိမ့်မယ်။

၉။ သူငယ်ချင်းအသစ်တွေ ရှိလာသလို အလုပ်အပေါ်လည်း လိုတာထက်ပို တာဝန်ကြေပြလာပါတယ်။

အရင်က အိမ်ကနေ အလုပ်တွေ လုပ်နိုင်ရင်တောင် ရုံးကိုသွားပြီး ရာထူးတိုးအတွက် အလုပ်တွေကြိုးစားပြရမယ် ဆိုတာမျိုးတွေ၊ သူများတွေ ရုံးဆင်းချိန်ထိ သူ့မှာ ရုံးမဆင်းနိုင်ပဲ အလုပ်တွေ နင်းကန်လုပ်နေရပါတယ်ဆိုတဲ့ ဆင်ခြေဆင်လက်လေးတွေ သင့်ကို ပေးလာပါလိမ့်မယ်။ ဒါ့အပြင် ခုနောက်ပိုင်း သူပြောတဲ့ သူငယ်ချင်းနာမည်တွေကို သင် လုံးဝ မကြားဖူးတာကိုလည်း သင် သတိပြုမိလာပါလိမ့်မယ်။

ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment