Wednesday, March 23, 2016
"မိခင်တို့ရဲ့အလှအပနဲ့ကျန်းမာရေး"
"မိခင်တို့ရဲ့အလှအပနဲ့ကျန်းမာရေး"
အလှတရားဆိုတာ လူတိုင်းအတွက် လိုအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ အလှတရားကပေးတဲ့ ယုံကြည်မှုဟာ မိမိကိုယ်မိမိ စိတ်ကျေနပ် လန်းဆန်းမှုကို ရရှိစေပါတယ်။ ပြီးတော့ လှပမှုဟာ လူတစ်ယောက်ကို မိမိအတွက်ရော သူများအတွက်ပါ စိတ်ကြည်လင်လန်းဆန်းမှုကို ဖြစ်ပေါ်စေပါတယ်။ တစ်ချို့အမျိုးသမီးတွေဟာ အပျိုဘဝတုန်းက လှလှပပ နေထိုင်ခဲ့ကြပေမယ့် အိမ်ထောင်ကျလို့ ကလေးမွေးလာတဲ့အခါ သားသားမီးမီးတို့ဆီမှာ အာရုံများပြီး အလှအပကို မေ့လျော့နေတတ်ကြတာ တွေရှိပါတယ်။ တကယ့်တော့ သားသားမီးမီးတို့ကိုလည်း အာရုံစိုက်ရင်း မိမိကိုယ်ကိုလည်း လှလှပပလေး နေတတ်ဖို့ လိုအပ်တယ်ဆိုတာ အကြံပြုလိုပါတယ်။
ဒီလိုလှလှပပလေး နေနိုင်ဖို့ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးက အရေးပါဆုံးဖြစ်ရာ ကလေးမိခင်ဖြစ်နေပေမယ့် အရင်အတိုင်း အပျိုတုန်းကလိုမျိုး နေသင့်ပါတယ်။ ကလေးမွေးလိုက်တဲ့အတွက်၊ အစားအသောက်ကို သတိမထားဖြစ်တဲ့အတွက် ကိုယ်အလေးချိန် တက်လာတတ်ကြရာ လှတစ်မျက်နှာ ယဉ်တစ်ကိုယ်လုံးဆိုတဲ့ အပျိုတုန်းကပုံစံမျိုးကို ပြန်လည်ထိန်းထားနိုင်ဖို့ လိုအပ်တာ အမှန်ပါ။ ဒီအတွက် ကျန်းမာရေးလိုက်စားတာတွေ၊ အစားအသောက် ဆင်ခြင်တာတွေ၊ ကိုယ်အလေးချိန်မတက်အောင် လေ့ကျင့်ခန်း ပြုလုပ်တာတွေကို အမှန်တကယ် ပြုလုပ်သင့်ပါတယ်။ ဥပမာ- မိမိအတွက်သာမက မိသားစု ကျန်းမာရေးကိုပါ အကျိုးပြုစေမယ့် လတ်ဆတ်တဲ့ အသီးအနှံတွေကို စားပေးခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ ချက်ပြုတ်စားသောက်ခြင်း တို့ကို ပြုလုပ်ခြင်းဖြင့် လှပတဲ့ မိခင်တစ်ယောက်ဖြစ်စေရုံက မိသားစု ကျန်းမာရေးကိုပါ စောင့်ရှောက်ပေးနိုင်တဲ့ မိခင်တစ်ယောက် ဖြစ်စေနိုင်ခြင်းပင် ဖြစ်ပါတယ်။ လူမှုပတ်ဝန်းကျင်မှာ အောင်မြင်မှုရရှိပြီး လှပနေတဲ့ မိခင်တစ်ချို့ကို လေ့လာကြည့်လိုက်ရင် အများအားဖြင့် ကျန်းမာရေးလိုက်စားပြီး မိသားစုကို ကောင်းစွာ စောင့်ရှောက်နိုင်သူများ ဖြစ်ကြတာကို တွေ့ရပါတယ်။ ဒါကြောင့် မိခင်တစ်ယောက်အနေနဲ့ ကျန်းမာလှပစွာ ရှင်သန်နိုင်ဖို့ ကျန်းမာရေးကို လေ့လာလိုက်စားခြင်းဖြင့် မိသားစုအရေး၊ လူမှုအရေးတို့မှာ ကောင်းမွန်စွာ ပါဝင်အားဖြည့်နိုင်မှာ အသေအချာပါ။
မိခင်တစ်ယောက် ကျန်းမာလှပနေတာဟာ အိမ်မှာ ကလေးတွေကိုပါ ပျော်ရွှင်စေရုံမက ခင်ပွန်းတို့ကိုပါ စိတ်ပျော်ရွှင်စေတယ်ဆိုတာ အမှန်ပါ။ မိခင်ဖြစ်သူတို့ လှပနေရင် သားသားမီးမီးတို့ မျက်စိထဲမှာ မေမေ လှတယ်ဆိုတဲ့ အကြည့်လေး လွှမ်းမိုးနေတတ်တာကို သတိထားမိနိုင်ပါတယ်။ အိမ်ထောင်စုတစ်စုမှာ မိခင်တစ်ယောက်ဟာ အရေးပါဆုံးဖြစ်ရာ မိခင်တစ်ယောက် လှပရွှင်လန်းနေရင် မိသားစုတစ်ခုလုံးကိုပါ ကြည်နူးရွှင်လန်းစေပါတယ်။ အလှတရားကပေးတဲ့ ယုံကြည်မှုဟာ တစ်ခါတစ်ရံမှာ မမြင်ရတဲ့ အင်အားတစ်ခုကို ဖြစ်စေတတ်ပါတယ်။ အိမ်ရဲ့ဆည်းလည်းဟာ သားသားမီးမီးတို့မှ မဟုတ်ဘဲ မေမေတို့လည်း အပါအဝင် ဖြစ်ပါတယ်။ အိမ်ဆည်းလည်း သာယာနေရင် မိသားစု သာယာရွှင်မြူးမှု ဖြစ်စေရာ ဘယ်လို အခက်အခဲကြုံကြုံ ဖြေရှင်းကျော်လွှားဖို့ အင်အား ဖြစ်နေတတ်ကြပါတယ်။ ဒါဟာ ကျန်းမာပြီး လှပနေမှ အဆင်ပြေတတ်ကြရာ မိခင်တစ်ယောက်အနေနဲ့ အလှအပနဲ့ ကျန်းမာရေးကို တွဲဖက်ဂရုစိုက်သင့်တယ်ဆိုတာ ဖော်ပြနေတာ ဖြစ်ပါတယ်။
တစ်ချို့ခင်ပွန်းသည်တွေဟာ မိမိရဲ့အမျိုးသမီး လှပနေရင် စိတ်ထဲက ကျေနပ်နေတတ်ကြပါတယ်။ မိတ်ဆွေ အသိုင်းအဝိုင်းကြားမှာ ဖြစ်ဖြစ်၊ ပွဲတက်ရတဲ့အခါ ဖြစ်ဖြစ်၊ ဇနီးသည်အနေနဲ့ မိတ်ဆွေတွေအား မိတ်ဆက်ပေးရတဲ့အခါ ဖြစ်ဖြစ် မိမိရဲ့ဇနီးဟာ လှလှပပလေးနဲ့ အဆင်ပြေပြေဖြစ်နေရင် ဂုဏ်ယူ ကျေနပ်မိတတ်ကြပါတယ်။ အလုပ်ကပြန်လာချိန်မှာ လှလှပပလေး ရှိနေတာကို တွေ့ရရင် စိတ်အမောပြေတတ်ကြပြီး မိသားစုအပေါ် ပိုမိုခင်တွယ်မှု ဖြစ်စေကြပါတယ်။ အိမ်ထောင်စုတစ်စုမှာ မေမေတွေ လှလှပပဖြစ်နေခြင်းဟာ ဖေဖေတို့အတွက် စိတ်ကျေနပ် နှစ်သိမ့်မှုကို ဖြစ်စေတာကြောင့် မိသားစု သာယာပျော်ရွှင်ခြင်းဆိုတဲ့ သုခချမ်းသာကို ရရှိစေပါတယ်။ ဒါဟာ မိခင်တစ်ယောက်အနေနဲ့ အလှအပအပြင် ကျန်းမာရေးကိုပါ ဂရုစိုက်နိုင်မှ ရရှိနိုင်မယ့် ရလဒ်ဖြစ်ပါတယ်။
Credit: Yangon Life
Labels:
ကျန်းမာရေး,
အိပ်ထောင်ရေး,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment