Wednesday, March 23, 2016

"ကံမကောင်းတဲ့အချစ် ပျော်ရွှင်ပါစေချစ်သူ"


"ကံမကောင်းတဲ့အချစ် ပျော်ရွှင်ပါစေချစ်သူ"

အစကတည်းက ငါ့ဘက်က အရင်ချစ်ခဲ့တာပါ။ နင့်ရှေ့မှာ အမြဲပျော်နေတတ်တဲ့ငါ ငါငိုနေတဲ့အချိန်တွေ နင်မှမသိခဲ့ဘဲ။ ငါ့လက်ကို တွဲထားပေမယ့် နင့်စိတ်တွေ အခြားသူဆီရောက်နေတာ ငါသိနေတယ်။ ငါ့ရင်ဘက်ကြီးတစ်ခုလုံး ကြေမွမတတ် ခံစားရပေမယ့် အရာအားလုံး မသိသလိုနေခဲ့တယ်။

သူ့ကြောင့် နင်ငိုနေမယ်ဆိုတာ ငါသိတယ်။ သူ့ကြောင့် နင်ဝမ်းနည်းနေမယ်ဆိုတာ ငါသိတယ်။ ငါ့လိုပဲ နင်လည်း ထပ်တူထပ်မျှ ခံစားရမယ်ဆိုတာ ငါသိတယ်။ ငါတို့နှစ်ယောက် ခံစားချက်ချင်း တူပေမယ့် ကွဲလွဲတာလေးတော့ တစ်ခုရှိတယ်။ ငါက နင့်အတွက် ခံစားရတာ။ နင်ခံစားရတာက ငါ့အတွက် မဟုတ်ဘူး။

အခြားသူတစ်ယောက်အတွက် ကြိုက်သလောက် ခံစားပါ။ နင် ငါ့အနားရှိနေရုံနဲ့တင် အရာအားလုံးကို ရင်ဆိုင်ပစ်နိုင်တယ်။ ငါ့အနား နင်ရှိနေတယ်ဆိုတဲ့ အသိစိတ်လေး တစ်ခုတည်းနဲ့ နင့်လက်ကို မြဲမြဲတွဲပြီး မှုန်ဝါးဝါး အနာဂတ်ကို ရဲရင့်ခြင်းတွေတသီကြီးနဲ့ ငါလျှောက်လှမ်းခဲ့တယ်။ သူ့အတွက် နင်ခံစားရသမျှကို စိတ်ချမ်းသာမှုတွေ အတတ်နိုင်ဆုံး ငါပေးခဲ့တယ်။

နင်က ဖြူဆိုဖြူ၊ မဲဆိုမဲ နေပေးခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို တစ်နေ့နေ့တစ်ချိန်ချိန် ရက်ရက်စက်စက် ထားခဲ့မယ်လို့ မတွေးခဲ့မိတာ ငါ့ရဲ့ အကြီးမားဆုံး အားနည်းချက်တစ်ခုပဲ။ အကြောင်းပြချက် တစ်ခုတည်းနဲ့ နင်ငါ့ကို ထားခဲ့ရက်တယ်။ နင့်ကို အရမ်းချစ်မိလို့ မစွန့်လွှတ်ချင်ပေမယ့် နင် စိတ်ချမ်းသာမှု တစ်ခုတည်းအတွက် ငါကိုယ်တိုင် လမ်းခွဲခြင်းကို အသိအမှတ်ပြုခဲ့တယ်။

နင် ပျော်နေလား၊ နင် ၀မ်းနည်းနေလား ငါမသိနိုင်ပေမယ့် နင်ဒုက္ခရောက်တဲ့ အချိန်တိုင်း နင့်အပေါ် ငါ ကောင်းခဲ့တာတွေ တွေးပြီး  သတိရပေးရင်ပဲ ကျေနပ်နေမယ့် ကောင်မလေးတစ်ယောက်ပါ။

(ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ငါ့ကို
လေးလေးနက်နက် ချစ်တတ်လာအောင် နင် သင်ပေးသွားတယ်နော်)

Credit: Hnin Nandar

No comments:

Post a Comment